Monday 12 March 2012

ငယ်ငယ်က ၈၈


ဟိုတနေ့က ဖေါ်ဝပ်မေးထဲမှာ ကြောင်ကလေးက လမ်းလျှောက်သင်နေတဲ့ ကလေးလေးကို ဆုံးမနေတဲ့ပုံလေး တွေ့တော သဘောလဲကျမိသလို တရားရမလိုလိုတောင်ဖြစ်မိပါရဲ့။

ဟဲ့ကောင်လေးတဲ့ လေးဘက်ထောက်နေလဲရရက်သားနဲ့ဘာလို့ ခြေနှစ်ချောင်းနဲ့ ရပ်ဖို့ ကြိုးစားနေရလဲတဲ့။ နင်ခြေနှစ်ချောင်းနဲ့ရပ်နိုင်ရင် နင့်အဖေနဲ့ အမေက ကျောင်းကိုပို့တော့မယ်၊ ပြီးတော့ အလုပ်လုပ်ရမယ်၊ နောက်ပိုင်းခေါင်းစားဖို့ချည်းဘဲတဲ့။ ငါဆိုဘယ်တော့မှမကြိုးစားဘူး ကြည့် ခုထိအေးဆေးဘဲတဲ့။

ကျွန်တော်လည်း လမ်းလျှောက်သင်မိတာ မှားများမှားသွားလားမသိ။ ဘာပဲဖြစ်ဖြစ် စမိတော့လည်း သူပြောသလို ဆက်ခေါင်းစားနေရတာပေါ့လေ။ တခါတလေ အလုပ်ထဲမှာငြီးငွေ့လာရင် ငယ်ငယ်က ကျင်လည်ခဲ့တဲ့ဘ၀ အကြောင်းလေးတွေတွေးရင်း ငြီးငွေ့စရာအချိန်တွေကိုကျော်ဖြတ်မိပါတယ်။ ခုတလော မြန်မာ့ နိုင်ငံရေးအခြေနေက ဒိုင်းနမစ်စတိတ် ကိုရောက်နေတော့ ငယ်ငယ်က ရှစ်လေးလုံး အချိန်တုန်းက အကြောင်းလေးတွေ ပြန်သတိရမိတယ်ဗျ။ နိုင်ငံရေးအကြောင်းပြောမှာဟုတ်ဘူးနော်။ အဲဒီအချိန်က ကျွန်တော်က လေးတန်းပဲရှိသေးတာဗျ။ ပျော်ရွှင်စွာ ကစားဖို့နဲ့ တာဝန်အရ စာကျက်ဖို့ပဲ သိတဲ့အချိန်ပေါ့ဗျာ။ ကျွန်တော်နေခဲ့တဲ့မြို့က အညာက မိထ္တီလာမြို့နဲ့သိပ်မဝေးတဲ့ မြို့လေးတစ်မြို့ပေါ့ဗျာ။ နောက်ကြ လူနံမည်ပြောချင်လို့ အခု မြို့နံမည်မပြောတော့ပါဘူး။

အရေးအခင်းကြီးစတော့ ကျောင်းတွေ တိုးလို့တန်းလန်းနဲ့ ပိတ်တာပေါ့။ ကျွန်တော်တို့အုပ်စုကတော့ ပျော်သည် ပျော်သည် တို့ပျော်သည် ပေါ့ဗျာ။ အိမ်နားပတ်လည် ရွယ်တူ သူငယ်ချင်း ၆ ယောက် ၇ယောက် လောက်ရှိတာကိုး။ ကျွန်တော်တို့ခြံထဲမှာ တနေ့တမျိုးမရိုးအောင်ဆော့ကြတာပေါ့။ အပြင်မှာ ဆန္ဒပြတဲ့သူတွေ စီတန်းလာရင် ခြံစည်းရိုးကြားကချောင်းကြည့်။ သူတို့အော်တာတွေ မှတ်ထား။ ပြီးတော့ ခြံထဲမှာ ကိုယ့်ဖာသာ ဆန္ဒပြကြတာပေါ့။

“ဒီမိုကေစီ ရရှိရေး ဒိုးရေး ဒိုးရေး”

ဆန္ဒပြတာကို ပထမဆုံးအကြိမ် တွေ့တုန်းက ဒီမိုကေစီဆိုတာကိုမသိတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် အပီအပြင် ဆွေးနွေးကြပါတယ်။

“ဟေ့ရောင်ဒီမိုကေစီ ဆိုတာဘာလဲကွ”
“ငါလဲ ဘယ်သိမလဲ သူတို့အော်နေကြတာပဲ”
“အေး နော် အများကြီးဝိုင်းတောင်းနေကြတာဆိုတော့ ကောင်းလို့နေမှာပေါ့”
“ဒီမိုကေစီ ဆိုတာ လွတ်လပ်ရေးထင်တယ်”
“ဟင် မင်းကလဲ လွတ်လပ်ရေးက ရပြီးသားကြီးကို”
“အေးလေ ဒို့ဗိုလ်ချုပ်တိုက်ပေးသွားတာ”
“မင်းတို့ကလဲ အဲဒါရရင် ပိုလွတ်လပ်လို့နေမှာပေါ့ကွ”
“အေးနော် ညဘက်မိုးချုပ်ကြီးထိ ဒီထိုးတန်းဆော့နေလိုရရင် မတရားကောင်းမှာ”
“ဟာ ညဘက် သရဲကြောင်းပြောတာပိုကောင်းတယ် ဒီထိုးတာက မိန်းမတွေဆော့တာ”
“အံမာ မင်းလဲမနေ့က ဆော့တာပဲ”
“ဟေ့ရောင်တွေ နေစမ်းဘာအုံးမင်းတို့ကလဲ သေချာကြည့်စမ်း၊ ဆန္ဒပြတာ ငါတို့အမှတ်လေးထဲက သူတွေချည်းပဲ၊ တွေ့လား တစ်မြို့လုံးမှာငါတို့ရပ်ကွက်တစ်ခုပဲ ဒီမိုကေစီ မရသေးတာထင်တယ်”
“အေးနော် ထန်းတောဘက်က လူတွေလဲမတွေ့ဘူး”
“အေး မင်းဝိုင်းဘက်ကလူတွေရောမတွေ့ဘူး”
“ဟုတ်လား ဒါမျိုးဆို ငါက မတရားစိတ်ဆိုးတာ ငါတို့လဲ ဆန္ဒပြရအောင်”
“အေးပြမယ် လာလိုက်သွားရအောင်”
“နေအုံးဟ အိမ်ကသိရင်ငါတို့ကို ရိုက်နေအုံးမယ်”
“အေးလေ ဒို့အိမ်တွေကလဲ ကိုယ့်ရပ်ကွက်တစ်ခုထဲမရသေးတာ လိုက်ပြတာမဟုတ်ဘူး”
“ဟေ့ဟေ့ဟိုမှာကြည့်စမ်း ကျောင်းကသံချောင်းခေါက်တဲ့ ဦးပိန်ကြီး မဟုတ်လား”
“အေး ဟုတ်တယ် ဟားဟား ထန်းတောဘက်လဲ ဒီမိုကေစီ မရသေးပါဘူးကွ”
“ငါတို့မသိတဲ့လူတွေလဲအများကြီးပါတာပဲ၊ တမြို့လုံးမရသေးတာပဲနေမှာပါကွာ”

အဲလိုနဲ့ ကျွန်တော်တို့လဲ ခြံထဲမှာဆန္ဒပြကြပါတယ်။ အော် ခေါင်းစည်းကြိုးအနီရောင်လား လွယ်ပါတယ်။ ကိုယ့်အိမ်ကိုပြန်၊ အမေမသိအောင် အိမ်တွင်းနတ်အုန်းမှာ တပ်ထားတဲ့ပိတ်စအနီလေး ခိုးဖြုတ်ပြီး လိုက်ကာလေး ပြန်ကာထားလိုက်တာပေါ့။ ခွပ်ဒေါင်းအလံ လား လွယ်ပါတယ်။ သောက်ရေစစ်လုပ်တဲ့ ပိတ်စအဖြူပေါ်မှာ မီးသွေးခဲနဲ့ ဆွဲလိုက်တာပေါ့။ ဝါးချမ်းပြားကြားမှာ ညှပ်ပြီးထောင်လိုက်တော့ ကျွန်တော်တို့ အလံကြီးဟာ ဝင့်ဝင့်ကြွားကြွားနဲ့ ပေါ့။ ပြီးရင် ရေပြန်ဆေးပေးမှာပဲဟာ။ ကျွန်တော်တို့ဆန္ဒပြပွဲက သိပ်တော့ မကြာလိုက်ပါဘူး။ ကာကွယ်ရေးနဲ့ စီးပွားကူးသန်းနှစ်ခုတွဲဝန်ကြီး ဖေဖေနဲ့ ပြည်ထဲရေးဝန်ကြီး မေမေ တို့ရဲ့ မျက်ရည်ယိုတုတ် သုံးစွဲနိုမ်နင်းမူကြောင့် အလွယ်တကူပဲ ပြိုကွဲသွားပါတယ်။ အော် မျက်ရည်ယိုတုတ် ကတော့ ဆန်ရင်းနာနာဖွတ်ဆိုသလို ကျောင်းသားလူငယ် ကျွန်တော်ပဲခံရတာပေါ့ခင်ဗျာ။

တဖက်အိမ်နီးခြင်းနိုင်ငံများမှ သူငယ်ချင်းများကိုတော့ အိမ်တွင်းရေးကို အနှောက်အရှက်ဖြစ်စေမယ့် ပေါက်ကရကစားနည်းများမကစားကြဖို့နဲ့ နောက်ကို မြှောက်ထိုးပင့်ကော်လုပ်ရင် လုံခြုံရေးကောင်စီ ကိုတင်ပြပြီး အကြီးအကဲများပါ ဖိတ်ခေါ်ဆွေးနွေးပစ်မည်ဖြစ်ကြောင်း ဆုံးမ ပြီးပြန်လွှတ်လိုက်ပါတယ်။ နောက်တော့လည်း ခေါင်းစီးတွေ ခွပ်ဒေါင်းအလံတွေမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့လည်း မဆူတော့ပါဘူး။ အပြင်မှာလည်း ပြနေကြတာပဲ မဟုတ်လား။

မကြာခင်ပဲ ဟိုမြို့မှာခေါင်းတွေဖြတ်တယ် ဒီမြို့မှာအဆိပ်ခပ်တယ် စတဲ့သတင်းတွေ ကြားလာရပါတယ်။ ဘယ်အလုပ်မဆို ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တဲ့လူတွေရှိသလို ဆွမ်းဆန်ထဲ ကြွက်ချေးရော ပါလာတဲ့ ကိစ္စတွေလည်း ရှိတာပဲလေ။ အဲလိုနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာလည်း ယောင်္ကျားလေးတွေ တစ်အိမ်တစ်ယောက် ညဘက်ထွက်ပြီး ကိုယ့်ရပ်ရွာလုံခြုံရေး ကင်းစောင့်ကြရတာပေါ့။ ကင်းစောင့်တာကလဲ ညဖက် အိမ်ထောင်ဦးစီးယောင်္ကျား တွေစုထိုင်ပြီး ရေနွေးသောက်၊ အမြီးစားရင်း စကားပြောကြတာပါပဲ။ မှတ်မိသေးတယ်ဗျ။ အမေက အဖေကင်းစောင့်သွားခါနီး လ္ဘက်သုတ်ယူသွားဖို့ပြင်ပေးနေတုန်း။

“မေကြီး ဘာတွေလှီးနေတုန်း”
“ဒညင်းသီးပြုတ်လေ သားရဲ့၊လ္ဘက်သုပ်ထဲထည့်ဖို့”
“အော် ဖေကြီးကင်းစောင့်ရင် ယူသွားဖို့လား”
“အေး”

အမေ ဟိုဖက်လှည့်တုန်း ပါးပါးလှီးထားတဲ့ ဒညင်းသီးဖတ်လေးတွေ အများကြီး လက်ညိုးနဲ့လက်မ ညှပ်ပြီး နှိုက်စားလိုက်တယ်။ ကောင်းလိုက်တာ ဆိမ့်လို့။ နောက်ထပ် ထပ်နှိုက်မယ်အလုပ်။

“ကောင်လေး အများကြီးမစားနဲ့ ဆီးအောင့်မယ်”

အမေ့နောက်စေ့က မျက်စေ့လိုပဲ မြင်ရတယ်တောင်ထင်မိတယ်။ ကျွန်တော်လည်း နောက်တစ်ညှပ်ထပ်နှိုက်ရင်း“ ဖေကြီး ဆီးအောင့်မှာ စိုးလို့ကူစားပေးတာ” လို့ပြောပြီး ဟိုဘက်အိမ်က သူငယ်ချင်းဆီ ထွက်လာလိုက်တာပေါ့။ တကယ်တော့ ကျွန်တော်တို့မြို့မှာ အကြမ်းဖက်တဲ့ကိစ္စတွေ မဖြစ်ခဲ့သလောက်ပါပဲ။ မြို့လေးက သေးသေးလေး ဆိုတော့ ကျွန်တော့်အထင် အမြင်မတူကြရင်တောင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာနာပြီး ဆိုးဆိုဝါးဝါး မလုပ်ကြပါဘူး။
နဲနဲပါးပါးတော့ရှိမှာပေါ့။ လူကြီးတွေပြောသံကြားဖူးတာပဲ။ ကျွန်တော်တို့ မြို့မှာ ကိုချစ်ပြား ဆိုတဲ့သူတစ်ယောက် ရှိသတဲ့။ သူက ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကိုမကြိုက်ဘူးတဲ့။ ပါတီစုံ ဆိုမှတော့လူစုံ ပါးစပ်ပေါက်စုံနဲ့ ပါးစိပါးစပ်တွေများမှာပေါ့တဲ့။ နိုင်ငံအုပ်ချူပ်တာ တစ်ယောက်တစ်ပေါက်နဲ့ဆို ဘယ်ဖြစ်မတုန်း။ ရန်တွေချည်း ထဖြစ်နေမှာပေါ့တဲ့။ ကောင်းတာက တစ်ပါတီထဲ အုပ်ချုပ်၊ ကျန်တဲ့သူတွေအကုန် သူ့စကား နားထောင်။ နားမထောင်ရင်ဗျင်းပစ်။ အဲလိုမှနိုင်မှာပေါ့တဲ့။ အဲလိုပဲ သူက လူစုံရင် တစ်ပါတီတရား ဟောသတဲ့။ ကြာတော့လူတွေက သူ့ကို တစ်ပါတီချစ်ပြား လို့ခေါ်ကြသတဲ့။ တစ်နေ့ကြတော့ ဒီမိုအရေး တက်ကြွတဲ့ကြက်ဖ တစ်စုက သူ့ မြင်ပြင်းကပ်လာပြီး ချောင်တစ်ချောင်ခေါ်၊ မြေပေါ်ချေဆင်းထိုင်ခိုင်း၊ ခြေသလုံး သစ်သား မြင်းလုံးနဲ့လှိမ့်လှိမ့် တဲ့ပြီး တစ်ပါတီချစ်ပြား ဂျပါတီစားကွာ ဆိုပြီး ဧည့်ခံလွှတ်လိုက်သတဲ့။ နောက်တော့ ဘယ်လိုဆက်ဖြစ်လဲ မသိတော့ပါဘူး။
ကောင်းတဲ့ဟာများကြ သိပ်မကြာဘူးဆိုတာ သိပ်မှန်။ ဟုတ်တယ်မလား သငယ်ချင်းကောင်း ယောက်ဖတို့။ ကျောင်းတွေပိတ်တာမှ ဘာကြာသေးတုန်း နိုင်ငံတော်အေးချမ်းပြီ ဆိုပြီးပြန်ဖွင့်တာပဲ။ ဆော့လို့တောင်မှ မဝသေးဘူး။ ကျွန်တော်တို့လဲ ဓါတ်တိုင် အစ်စ် ဓါတ်တိုင်* ဆိုတော့ ကျောင်းပြန်တက်ရတာပေါ့။
ပထမဆုံးနေ့မှာစတွေ့တာပဲ။ သင်္ချာဆရာမနဲ့။ ဆရာမက ကျောင်းမပိတ်ခင်က သင်ထားတဲ့ အခန်းတွေပြန်မသင်တော့ဘူး။ အရင်ကကိုယ့်ဗလာစာအုပ်ထဲမှာ တွက်ထားတဲ့ အပုဒ်တွေ ကိုယ့်ဟာကို ပြန်ကြည့်တော့။ အခု အခန်းအသစ်ကိုစမယ် လဲဆိုရော၊ ကျွန်တော့်သူငယ်ချင်း ဖိုးချမ်းဆိုတဲ့အကောင်က အီးကနဲ ထငိုသဗျ။ ဆရာမက ဟဲ့ဘာဖြစ်သတုံး ဆိုတော့ ဟိုကောင်က ရည်ရည် လည်လည်ရှင်းပြပါတယ်။ နှာရည်တွေရော မျက်ရည်တွေရောလည်ပြီး။ ဒီလိုပါ တဲ့ သူ့ အမေက သူ့ဗလာစာအုပ်အဟောင်းတွေ အီးကုန်းပစ်လိုက်လို့ မရှိတော့ဘူးတဲ့။ သူ့အမေ ဒီကောင်ဒီတစ်သက် ကျောင်းပြန်တက်စရာ မလိုတော့ဘူး များထင်သွားလားမသိ။

*(ဒီယူတီဝိုင်=ဓါတ်တိုင်)

_______
ကွန်းဇော်




No comments:

Post a Comment