Wednesday 14 March 2012

သိပ္ပံ (သို့မဟုတ်) လောကကို လေ့လာခြင်း


ဘာသာရေးကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများနဲ့ ကျွန်တော့်လို အတွေးနယ်ချဲ့ရတာ ဝါသနာပါတဲ့ သူငယ်ချင်းများအတွက် အတွေးအဟာရလေးတစ်ခုရအောင် ဒီပို့စ်ကို ကျွန်တော်ရေးပါတယ်။ ကဲအရင်ဆုံး အဖွင့်အနေနဲ့ ပုံပြင်လေးတစ်ပုဒ် ဖတ်လိုက်ရအောင်

တခါတုန်းက ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းတစ်ခုထဲမှာ သိပ္ပံသမားတစ်ယောက်နဲ့ ဘာသာရေးသမားတစ်ယောက်ရှိသတဲ့။ သိပ္ပံသမားက မေးတယ်
“ဟေ့ ဒို့ဘယ်ရောက်နေလဲ”
ဘာသာရေးသမားက
“ရှုးတိုးတိုး ဒီအခန်းထဲမှာ နဂါးကြီးတစ်ကောင်ရှိတယ်”
“ဟုတ်လို့လား”
“တိုးတိုးပြောပါဆို နဂါးကြီးနိုးသွား အုံးမယ်”
“ငါ့မှာ မီးခြစ်ဆံတစ်ခုရှိတယ် ခြစ်ကြည့်ရမလား”
“မလုပ်နဲ့ နဂါးကြီးစိတ်ဆိုးသွားလိမ့်မယ်”
“ငါကြည့်ချင်လို့ ခြစ်လိုက်မယ်ကွာ”
“မခြစ်နဲ့”
“ခြစ်မယ်”
“မခြစ်နဲ့”
ရှဲ…….
“ကဲ ဘယ်မှာလဲ မင့်နဂါး”
“ရှိပါတယ် ဒါပေမယ့် မင်းမမြင်ရဘူး သူက ကိုယ်ပြောက်နဂါး”


ပုံပြင်ကတော့ ဒါပါပဲ။ ဒီပုံပြင်ကို ကောက်ချက်မချခင် သိပ္ပံ ဆိုတာဘာလဲ ဆိုတာ အရင်ကြည့်လိုက်ရအောင်။ သိပ္ပံရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ “လောကကိုစနစ်တကျ လေ့လာခြင်း” ဖြစ်ပါတယ်။ သိပ္ပံရဲ့ အဓိကရည်ရွယ်ချက်ပန်းတိုင် ၃ ခုရှိပါတယ်။

၁) သဘာဝလောကကို စနစ်တကျလေ့လာရန်နှင့် ရှုမြင်သုံးသပ်နှိုင်ရန်
၂) ထိုသုံးသပ်ချက်များကို အခြေခံ၍ လောက၏ အချင်းအရာများကို ဖြေရှင်းပြနှိုင်ရန်
၃) ထိုဖြေရှင်းချက်များကိုအခြေခံ၍ ဖြစ်လတံ့သော အချင်းအရာများကိုလည်း ကြိုတင်တွက်ဆနှိုင်ရန်

သိပ္ပံဟာ ၂၀ရာစုနှောင်းပိုင်းမှစလို့ တဟုန်ထိုးတိုးတက်လာပေမယ့် တကယ်တော့ ဒီအလုပ်ကို အခြားအမည်တမျိုးနဲ့ လူ့သမိုင်းတစ်လျှောက်လုံး လူသားတွေလုပ်ခဲ့ကြတာပါ။ အဲဒါကတော့ ဘာသာရေးပါပဲ။ လူသားတွေရဲ့ အခြေခံလိုအပ်ချက် စားဝတ်နေရေးကို ဖြေရှင်းခြင်း ပြီးရင်ဒုတိယ နေရာအယူဆုံးအလုပ်ပါပဲ။ အတွေးအခေါ်ပညာရှင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ လောကကိုလေ့လာရင်း အဖြစ်အပျက်တွေကို ဖြေရှင်းပြဖို့ ကြိုးစားခဲ့ကြတယ်။ လောကနဲ့ လိုက်လျှောညီထွေဖြစ်အောင် လူတွေကို ဘယ်လိုနေထိုင်သင့်တယ် ဆိုတာသင်ပြပေးကြတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဝင်တွေက ကောင်းတဲ့ ဆိုးတဲ့ အဖြစ်အပျက်စတာတွေကို ကံ ကံ၏အကျိုး၊ သံသရာလည်ချင်းတို့နဲ့ ရှင်းပြ လေ့ရှိပြီး၊ ထာဝရဘုရားသခင် သို့မဟုတ် တန်ခိုးရှင်ကို ယုံကြည်သက်ဝင်သူများက ဘုရား သို့မဟုတ် တန်ခိုးရှင်ရဲ့ အလိုတော်လို့ ခံယူကြတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကပန်းတိုင်ဟာ ဒီလောကထဲမှာ သံသရာလည်နေခြင်းမှ လွတ်မြောက်ရန် ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်သူတို့က နောက်ဆုံးနေ့အပြီးမှာ ဘုရားသခင်ထံပြန်လည် ရောက်ရှိရန် သုခဘုံမှာ ထာဝရနေနှိုင်ရန်တို့ဖြစ်တယ်။ ဘာသာရေးဟာအတွေးအခေါ်နဲ့ ယုံကြည်မှုမှာ အခြေခံပြီး သိပ္ပံကတော့ အချက်အလက်မှာ အခြေခံပါတယ်။ ဒါဟာ သိပ္ပံဖွံဖြိုတိုးတက်မှု နောက်ကြရခြင်း အကြောင်းရင်းတစ်ခု လည်း ဖြစ်ပါတယ်။
သိပ္ပံသမားဟာ အဖြစ်အပျက်တခု သို့မဟုတ် အရာဝတ္ထုတစ်ခုကို လေ့လာတဲ့အခါ အဲဒါရဲ့ ဂုဏ်သတ္တိသဘောသဘာ၀ လက္ခဏာအားလုံးကို မှတ်တမ်းတင်ပါတယ်။ ဒီမှတ်တမ်းဟာ တိကျပြီး အမြဲမှန်ကန်မှုရှိရပါမယ်။ အဲဒီလိုဖြစ်တဲ့အထိလဲ ထပ်မံစမ်းသပ်ပြီး ပြုပြင်ဖြည့်စွပ် မှုများပြုလုပ်ပါတယ်။ သိပ္ပံသမားများဟာ အဲဒီအဖြစ်အပျက် သို့မဟုတ် အရာဝတ္ထုနဲ့ ဆက်စပ်နေတဲ့ အရာများကို ဆက်လက် လေ့လာတဲ့နေရာမှာ အရင်ကရထားတဲ့ တိကျတဲ့အချက်အလက်တွေပေါ်မှာ ဆင့်ကဲအခြေခံပြီး လေ့လာသွားပါတယ်။ ဒါကြောင့် သိပ္ပံမှတ်တမ်းတခုဟာ ယေဘုယျအားဖြင့် ခိုင်မာတယ်လို့ဆိုနိုင်ပါတယ်။ အဲလိုမှတ်တမ်းများ အဆင့်ဆင့်ဖွံဖြိုးတိုးတက်သွားဖို့ သိပ်သည်းကျစ်လျစ်တဲ့ အချက်အလက် မှတ်တမ်းတင်မူ နည်းစနစ်တွေလိုအပ်ပါတယ်။ ဒါကြောင့်လည်း ကျောက်ပြားပေါ်မှာ ထွင်းထုတဲ့ခေတ် ထက် စာရွက်ပေါ်မှရေးမှတ်တဲ့ခေတ် နောက်ပြီးတော့ ကွန်ပြူတာနဲ့ မှတ်တမ်းတင်တဲ့ခေတ်တွေမှာ သိပ္ပံဟာ တဟုန်ထိုးတိုးတက်လာတာပါ။
သိပ္ပံနဲ့ဘာသာရေးမှာ နောက်ထပ်ကွာခြားတဲ့အချက်ကတော့ လောကကိုလေ့လာပုံ ပါပဲ။ ခေတ်ဦးပိုင်း ဘာသာရေးနဲ့အတွေးအခေါ်ပညာရှင်တွေဟာ လောကကို လေ့လာရာမှာ မိမိခန္ဓာကိုယ်မှာ ရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ နဲ့ ကိုယ်ခန္ဓာ အရေပြား ဆိုတဲ့ အာရုံခံ အင်္ဂါတွေကိုပဲ အသုံးပြုပြီး အချက်အလက်စု ရပါတယ်။ နောက် စိတ်နဲ့ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး အဖြေထုတ်ပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေမှာ အာရုံခံနိုင်စွမ်း အကန့်အသတ်တွေရှိပါတယ်။ အဖြစ်အပျက်တခု သို့မဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဂုဏ်သတ္တိသဘောသဘာ၀ လက္ခဏာတွေကို တတ်နိုင်သမျှတိကျအောင် လေ့လာရာမှာ ဒီအင်္ဂါ ၅ ခု ဟာ လုံလောက်အောင်မစွမ်းပါဘူး။ သိပ္ပံကတော့ လိုအပ်တဲ့ အချက်အလက်ကို ရအောင် ကိရိယာတန်ဆာပလာတွေ အသုံးပြုပြီး အာရုံခံနိုင်စွမ်းကို တိုးချဲ့ပါတယ်။ ဒါကြောင့်လည်း ဘာသာရေးနဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ ဖြေရှင်းချက်တွေဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ သိပ္ပံရဲ့စိမ်ခေါ်ခြင်းကို ခံရပါတယ်။ အဲဒီအခါမှာ ဘာသာရေးဟာ တစ်ခါထဲကျရှုံး သွားပါသလား။ မကျရှုံးပါဘူး။ မရှုံးတဲ့အပြင် ပို၍လျှို့ဝှက် ပို၍ပဟေဠိဆန်တဲ့ အဖြေကိုထပ်ပေးပါတယ်။ သိပ္ပံကို ထပ်စိမ်ခေါ်ပါတယ်။
                ဒါဟာ စောစောက ပုံပြင်ကနေရတဲ့သင်ခန်းစာ ၂ခု ထဲက ပထမတစ်ခုပါ။ လောလောဆယ်ထိ ဘာသာရေးသမား မရှုံးသေးပါဘူး။ သိပ္ပံလည်းမနိုင်သေးပါဘူး။ ဒီလိုပြောလို့ သိပ္ပံနဲ့ဘာသာရေးဟာ ပြိုင်နေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ ရည်ရွယ်ချက်ခြင်း ဆင်ပြီး ချည်းကပ်ပုံမတူလို့သာ တခါတရံမှာ ထိပ်တိုက်တွေ့ကြတာပါ။ ဒီပုံပြင်လိုမျိုးပဲ မြင်းမိုလ်တောင် ဘယ်မလဲဆိုတဲ့မေးခွန်းကို ဗုဒ္ဓဘာသာဝင်တွေ မကြာခဏရင်ဆိုင်ရပါတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀၀ လောက်ကသာ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်ကို မေးရင်တော့ မြောက်စူးစူးကိုသာသွား မသေရင်တနေ့တွေ့လိမ့်မယ် လို့ဖြေမလားမသိ။ ပါးစပ်ရာဇဝင်ထဲမှာ လက်ညိုးညွှန်ရာ ရေဖြစ်တဲ့ အလောင်းစည်သူ မင်းကြီးဆိုရင် လက်ညိုးလေးထိုးထိုးပြီး ဖေါင်နဲ့သွားလိုက်တာ ဇဗ္မူဒိပ်က သပြေပင်နားရောက်မှ ပြန်လှည့်ခဲ့တာ မဟုတ်လား။ နည်းနည်းသာ ဆက်သွားရင် မြင်းမိုလ်တောင်ရောက်ပြီပဲ။ အခုနေ ခေတ်ပညာတတ် ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို ဒီမေးခွန်းသွားမေးရင်တော့ ကမ္မဌာန်း တရားအားထုတ် သမာဓိထူထောင်ပြီး ဈာန်အဘိညာန် ရအောင်ကျင့်အုံး လို့ ဖြေပါလိမ့်မယ်။ အဲဒီလိုပဲ လူကို ဘုရားသခင်က သူ့ပုံစံအတိုင်းဖန်ဆင်းတယ် ဆိုတဲ့ အဆိုဟာလည်း ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီဝရီရဲ့ စိမ်ခေါ်ခြင်းကို ခံရပါတယ်။ ရှေးဟောင်းလူသားများရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ ဆက်တိုက်တွေ့ရှိမှုဟာ ဒါဝင်ရဲ့အဆိုကို ခိုင်မာသည်ထက်ခိုင်မာ လာစေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတစ်နေ့ မှာ ဘုရားသခင်က အဲဒီလိုဖြစ်လာအောင် ဖန်ဆင်းခဲ့တာလို့ တစ်ခွန်းထဲပြောလိုက်ရုံနဲ့လဲ ဒီပွဲမှာ သရေဆွဲနိုင်ပါသေးတယ်။
          ပုံပြင်ကနေရတဲ့ နောက်ထပ်သင်ခန်းစာ တစ်ခုကတော့ သိပ္ပံသမားစစ်စစ်တွေ မကြာခဏ ကြလေ့ရှိတဲ့ ထောင်ချောက်တစ်ခုပါပဲ။ သိပ္ပံသမားတွေဟာ ထိပ်တိုက်တွေ့တိုင်း ဘာသာရေးရဲ့ ပရိယာယ်ကြွယ်တဲ့ အဖြေကိုရပြီးတဲ့နောက် ဘာသာရေးကိုမယုံတော့ဘဲ လက်တွေ့ဝါဒီ ဘာသာမဲ့တွေ ဖြစ်သွားတတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်စောစောက ပြောခဲ့တဲ့ “သိပ္ပံမှတ်တမ်းတစ်ခုဟာ ယေဘုယျအားဖြင့် ခိုင်မာတယ်လို့ဆိုနိုင်ပါတယ်” ဆိုတဲ့ စကားကို ပြန်ကောက်ရပါမယ်။ ဘာကြောင့် ယေဘုယျဆိုတဲ့ စကားလုံးကို သုံးရသလဲဆိုတော့ သိပ္ပံဆိုင်ရာတွေ့ရှိချက်တစ်ခုဟာ မှားကြောင်း သက်သေမပြရသေးခင်ထိပဲ မှန်တယ်ဆိုတာကြောင့်ပါပဲ။ ဒါကို သိပ္ပံသမားအားလုံးက လက်ခံပါတယ်။ ဥပမာအားဖြင့် ထင်ရှားတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ နယူတန်နဲ့ ပန်းသီး ကို သိကြမှာပါ။ သူ့ရဲ့ F=ma ဆိုတဲ့ ညီမျှချင်းနဲ့ သီဝရီ တွေဟာ နေကြပ်ခြင်း လကြပ်ခြင်းတွေကိုတောင် မှန်အောင်တွက်ပေးနိုင်ပါတယ်။ ဒါပေမယ့် အလင်းနှစ်သန်းပေါင်းများစွာဝေးတဲ့ နေရာက ကြယ်များမှ အလင်းရောင်ကို ဖမ်းယူပြီး အကွာအဝေးကို တွက်ချက်ခြင်း စတဲ့ အနုစိတ် အခြေအနေမှာတော့ အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ ကို ထည့်စဉ်းစားရ ပါတယ်။ အိုင်းစတိုင်းက ဒီလိုပိုပြီးတိကျတဲ့ သီဝရီ ကိုထုတ်နိုင်ခဲ့တာလဲ တကယ်တော့ နယူတန်ရဲ့ ပုခုံးပေါ်တက်ရပ်နိုင်ခဲ့လို့ပါ။ ဒါဟာ သိပ္ပံပါပဲ။ ဒါပေမယ့်သိပ္ပံသမားတွေဟာ ဘာသာရေး နဲ့ထိပ်တိုက်တွေ့ရင် ဒါကိုမေ့သွားတတ်ပါတယ်။ ပုံပြင်ထဲက သိပ္ပံသမားဟာ နဂါးမရှိပါဘူးကွာလို့ ဆုံးဖြတ်သွား နိုင်သလို၊ နဂါးကို ခဏမေ့ထားရင်း အပူလှိုင်းရှာ ကိရိယာ၊ ရေဒီယို သတ္တိကြွတိုင်းတာမှုကိရိယာ စသည်ဖြင့် တီထွင် စမ်းသပ်ရင်း နဂါးတကယ် ရှိနေခဲ့ရင် တစ်နေ့နေ့တစ်ချိန်မှာ တွေ့သွားနိုင်ပါသေးတယ်။ တစ်ခြားမေးလေ့ရှိတဲ့မေးခွန်းတစ်ခု ရှိပါသေးတယ်။ သရဲတစ္ဆေ စုန်းကေ၀ ရှိသလား။ လောလောဆယ်ထိ သိပ္ပံသမားက ဒါကို ပယ်ပါတယ်။ ဘာကြောင့်လည်း။ လောလောဆယ်ထိ သရဲတစ္ဆေ ကို စမ်းသပ်တွေ့ရှိနိုင်တဲ့ ကိရိယာ မရှိသေးသလို တိကျတဲ့ စုန်းကေ၀ ဖြစ်နည်း ကျင့်စဉ်လမ်းညွှန်လည်း မရှိပါဘူး။ သိပ္ပံမှာတော့ အောက်ဆီဂျင်ထုတ်ဖေါ်နည်း ဆိုရင် လိုအပ်တဲ့ ဓာတ်ပစ္စည်း ကိရိယာတန်ဆာပလာတွေ ရှိရင် အချိန်မရွေး မည်သူမဆို ထုတ်ဖေါ်နိုင်ပါတယ်။
          လောကကိုလေ့လာတဲ့နေရာမှာ သိပ္ပံနဲ့ ဘာသာရေးဟာ ချည်းကပ်ပုံမတူသလို ရည်ရွယ်ချက်ခြင်းလည်း ဆင်ရုံသာဆင်ပါတယ်။ ဘာသာရေးက ဘာကြောင့်ဆိုတဲ့မေးခွန်းကို ဦးစားပေးပြီး ဖြေပါတယ်။ ဘာကြောင့်လောကကြီး ရှိနေသလဲ၊ ဘာကြောင့် လူဖြစ်လာသလဲ၊ ဒါကြောင့် ကျွန်တော်တို့ဘာလုပ်သင့်သလဲ။ သိပ္ပံက ဘယ်လိုဆိုတဲ့မေးခွန်းကို ဖြေပါတယ်။ လူနဲ့ အရာဝတ္ထုတွေကို ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားသလဲ၊ လောကကြီးက ဘယ်လိုဖြစ်တည်နေသလဲ။ ဒါပေမယ့်လည်း ဘယ်လိုဆိုတဲ့မေးခွန်းကို ပြည့်စုံအောင် ဖြေနိုင်သွားတဲ့တနေ့မှာ ဘာကြောင့်ဆိုတာကိုပါ အလိုလို နားလည်လာနိုင်ပါတယ်။
          ကဲဒီတော့ မင်းဘာလုပ်မလဲ။ သိပ္ပံသမားလား ဘာသာရေးသမားလား။ ဘာသာရေးမှာလည်း အမျိုးကွဲပေါင်း မြောက်များစွာထဲက ဘယ်ဘာသာကို ယူမလဲ။ ကျွန်တော်တို့ရတဲ့ နှစ် ၁၀၀ (တကယ်တော့ ၇၀ ဝန်းကျင်) ဟာ ခဏလေးပါ။ ဒီအတွင်းမှာ အမှန်ဆုံးလမ်းကို ရွေးမိဖို့ ဘယ်လောက်ရာခိုင်နူန်းရှိမလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကိုယ်တိုင်ဟာလည်း သိပ္ပံ ပညာရှင်ကြီး မဟုတ်သလို ဘာသာရေးကို နှိုက်နှိုက်ချွတ်ချွတ် သိမြင်သူမဟုတ်ပါဘူး။ သူငယ်ချင်းတို့ အများစုဟာလည်း ကျွန်တော့်လိုပဲဖြစ်မယ် ထင်ပါတယ်။ ကျွန်တော့်သဘောပြောရရင် သိပ္ပံကိုလက်မလွှတ်သင့်သလို ဘာသာရေးကိုလဲ မပစ်ပယ်သင့်ပါဘူး။ သိပ္ပံရဲ့နည်းစနစ်ကောင်းလေးတွေကို အသုံးချပြီး ကိုယ်ရွေးချယ်ထားတဲ့ဘာသာရဲ့ လမ်းညွှန်ချက်တွေကို ချင့်ချိန် လိုက်နာနေထိုင်မယ်ဆိုရင်တော့ လူ့ဘ၀ ခဏတာဟာ နေပျော်မယ် ထင်ပါတယ်ခင်ဗျာ။ 
_______
ကွန်းဇော်

No comments:

Post a Comment