Tuesday 20 March 2012

နောက်ဆုံးစာမျက်နှာ (၁)


ညနေခင်းရဲ့လေအေးအေးဟာ ကားပြုတင်းပေါက်ကနေ ကျွန်တော့်မျက်နှာကို ခပ်ကြမ်းကြမ်း တိုးနေပါတယ်။ ကျွန်တော်နိုးလာတော့ပတ်ဝန်းကျင်မှာမှောင်စပျိုးနေပါပြီ။ လမ်းဘေးဝဲယာက မြင်ကွင်းတွေ ဟာလည်း ကျွန်တော့် အတွက်စိမ်းနေပါတယ်။ မစီးဘူးတဲ့လိုင်းကားကိုစီးရင်း အိပ်ပျော်သွားတဲ့ ကို့ကိုယ်ကို ကျိန်ဆဲရင်း ကားမောင်းသမားဆီကို ထလာလိုက်တယ်။

“အကို ရုံးရှေ့မှတ်တိုင် ကျော်သွားပြီလား ”
“ရုံးရှေ့ ဘယ်ကရုံးရှေ့တုန်း တို့ကား ရုံးရှေ့ မရောက်ပါဘူး မင်းကားမှားစီးလာတယ်ထင်တယ်”

ကားနံပါတ် ကိုကြည့်လိုက်တော့လဲ ကျွန်တော့်သူငယ်ချင်း ပြောလိုက်တဲ့နံပါတ်ပါ။ ဒီကောင်တော့ အရောက်ပို့လိုက်ပြီထင်တယ်။

“ဟုတ်ရဲ့လားဗျ ကျွန်တော့်သူငယ်ချင်း သေချာပြောလိုက်တာ ဒီနံပါတ်ပါ”
“မင်းပြောတဲ့ရုံးရှေ့က ၃၀ စီးရင်တော့ရောက်တယ် ဒီနေရာနဲ့တခြားစီပဲ”
“အဲဒါမှဒုက္ခပဲ ရုံးရှေ့မှတ်တိုင်ကို ဘယ်လိုပြန်စီးရမလဲအကို”
“အေး ဒီကတော့ဒါရိုက်မရောက်ဘူးကွ ဟိုးရှေ့ကမှတ်တိုင်မှာ မြို့ထဲဘက်ပြန်သွားတဲ့ကားတွေရှိတယ် မြို့ထဲရောက်မှ ၃၀ ပြန်စီးတော့ ငါရှေ့နားမှာရပ်ပေးလိုက်မယ်”

ကျွန်တော်ဆင်းလိုက်တဲ့နေရာက မြို့ရဲ့ကျွန်တော်တခါမှမရောက်ဘူးတဲ့နေရာပါ။ မြို့စွန်ဟုတ်ပုံ မရပေမယ့် လမ်းပေါ်မှာ လူလဲသိပ်မရှိလှပါဘူး။ ၇နာရီ ဆိုတော့ နေရောင်ပျောက်လို့ လမ်းမီးတွေ လင်းစပြုပါပြီ။ လမ်းဘေးဝဲယာမှ ပုံစံအမျိုးမျိုးနဲ့တိုက်တွေဟာ မီးခြစ်ဘူးများစီပြီးထောင်ထားသလို နံရံခြင်းဆက်နေပါတယ်။

မရောက်ဘူးတဲ့ပတ်ဝန်းကျင်မို့ ဟိုဟိုဒီဒိအကဲခတ်ရင်း ကားမောင်းသမားပြတဲ့ မှတ်တိုင်ဘက်ကို လျှောက်လာခဲ့ပါတယ်။ မှတ်တိုင်ကလမ်းရဲ့တဘက်မှာပေမယ့် အနားရောက်မှကူးတော့မယ်လို့စိတ်ကူးရင်း ကျွန်တော်ဒီဘက်ပလက်ဖေါင်းအတိုင်းပဲ လျှောက်လာလိုက်တယ်။ တချို့သောတိုက်တွေရဲ့အောက်ထပ်က ဆိုင်ခန်းတွေကနေ ခပ်မှိန်မှိန်အလင်းရောင်ဟာ ပလက်ဖေါင်းပေါ်ကိုလျှံကြနေပါတယ်။ ဆိုင်းဘုတ်တစ်ခုက မီးလုံးလေးဟာ ဖြတ်ကနဲမှိတ်သွားပြီး ပြန်လင်းလာတာကိုကျွန်တော်တွေ့လိုက်ရတယ်။

“ယက္ခ”
“ရှေးဟောင်း စာပေ”


စာအုပ်ဟောင်းဆိုင်တစ်ဆိုင်ပါ။ စာအုပ်ဟောင်းကိုဒီလိုဆိုင်ခန်းနဲ့ ကျကျနန ရောင်းတာ ကျွန်တော် မတွေ့ဖူးဘူး။ ဘာပဲဖြစ်ဖြစ် စာအုပ်ဟောင်းဆိုင်တွေ့ရင် ဝင်မမွှေရရင်မနေနိုင်တဲ့ကျွန်တော် လက်ပတ်နာရီကို ငုံကြည့်ရင်း ခဏတော့ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

မှန်တံခါးကိုတွန်းဖွင့်ပြီးအထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခြေလှမ်းတွေ တုန့်ကနဲ ရပ်သွားတယ်။ ရှေ့မှာကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ ဘီလူးတစ်ကောင်။ ဘယ်လိုစိတ်ကူးနဲ့ ဆိုင်ရှင်က အပေါက်ဝတဲ့တဲ့ကိုမျက်နှာမူပြီး ချထားမှန်းမသိပေမယ့် အတော်လက်ရာမြောက်တဲ့ ပန်းပုရုပ်တုတစ်ခုပါ။ အရုပ်ကတစ်တောင်သာသာလောက်ရှိပြီး ခါးစောင်းလောက်မြင့်တဲ့ခုံပေါ်မှာတင်ထားတယ်။ သံလျှက်ကို မြောက်ထားတဲ့ပုံ ထုထားပြီး ဘာဆေးမှချယ်မထားဘဲ မူလသစ်သားရောင် အတိုင်း ခပ်ရင့်ရင့်ပါပဲ။ ထူးခြားတာက သူ့မျက်လုံးတွေက ကျွန်တော့်ကို ကြည့်နေသလိုပဲ။ ခင်ဗျားတို့လည်း ကြုံဖူးမှာပါ။ တချို့ဓာတ်ပုံတွေထဲက လူတွေရဲ့မျက်လုံးတွေဟာ ဘယ်နေရာကနေကြည့်ကြည့် ခင်ဗျားတို့ဘက်ကို လိုက်ကြည့်နေသလိုဖြစ်နေတာကို။ တကယ်တော့ဒါမထူးဆန်းပါဘူး။ ဓာတ်ပုံ အရိုက်ခံတဲ့သူက မှန်ဘီလူးကိုကြည့်ပြီးအရိုက်ခံလိုက်ရင် ဓာတ်ပုံထဲကပုံရိပ်မျက်လုံးဟာ ကြည့်သူဘက်ကို အမြဲလှည့်နေမှာပါ။ ပန်းပုရုပ်မျက်လုံးကို ဒီလိုဖြစ်အောင် ထုနိုင်တာကတော့ တော်တယ်ပြောရမယ်။ ဘီလူးရုပ်ဘေးက ဖြတ်ရင်းကျွန်တော် ဆိုင်ထဲကိုလျှောက်ဝင်လာလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ဘီလူးရဲ့မျက်လုံးတွေဟာ ကျွန်တော့်နောက်ကိုလိုက်ကြည့်နေသလိုခံစားရပေမယ့် အဲဒီအာရုံကို  မေ့ထားလိုက်တယ်။ အသက်မရှိတဲ့အရုပ်တစ်ရုပ်ဟာ ဘယ်လိုလုပ် ကျွန်တော့်ကိုလိုက်ကြည့်နေနိုင်မှာလဲ။

ဆိုင်လေးကသိပ်မကြီးပေမယ့် ခင်းကျင်းထားတဲ့ စာအုပ်တွေကတော့ မနဲပါဘူး။ နံရံကပ်စင်တွေမှာ စာအုပ်တွေကို စီထည့်ထားပြီး အလယ်မှာလည်း စာအုပ်တွေ အပြည့်နဲ့စင်နှစ်ခုကို တွေ့ရတယ်။ ဆိုင်ထဲမှာ လူအရိပ်အရောင်တော့ မတွေ့ရဘူး။ ကျွန်တော်နဲ့အနီးဆုံး နံရံပေါ်ကစာအုပ်စင်ရဲ့ ပထမအကန့်မှာ သမိုင်းလို့ရေးထားပြီး ဒုတိယအကန့်မှာတော့ နိုင်ငံရေးသိပ္ပံ လို့ရေးထားတယ်။ စာအုပ် အမျိုးအစားအလိုက် အကန့်တွေခွဲ ထည့်ထားတာပါ။ စာအုပ်အနှောင့်မှာရေးထားတဲ့ နံမည်တွေကိုဖတ်ရင်း ဆိုင်အတွင်းဘက်ကို ကျွန်တော် ဖြည်းဖြည်းခြင်း လျှောက်လာလိုက်တယ်။ အထ္တုပ္ပတ္တိ စာအုပ်တွေကိုရပ်ကြည့်နေတုန်း နောက်က ဒေါက်ကနဲ ကြမ်းပေါ်ကိုတခုခုပြုတ်ကျသံကြားလိုက်တယ်။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ကြမ်းပေါ်မှာ စာအုပ်တစ်အုပ် ကျနေပြီး အနားမှာလည်းဘယ်သူမှ ရှိမနေဘူး။ ဒီစာအုပ်ကအလိုလိုနေရင်း ဘယ့်နဲ့ ပြုတ်ကျလာရတာလဲ။ ဘီလူးရုပ်ကလဲ သူနဲ့မဆိုင်သလို ကျွန်တော့်ကို ကြောပေးထားလျှက်ပါဘဲ။

ကျွန်တော် ကြောထဲမှာ တချက်စိမ့်ကနဲဖြစ်သွားပေမယ့် ပြုံးပြီးစာအုပ်ကို ကောက်ယူ လိုက်တယ်။ ဟုတ်တယ်လေ မီးတွေလင်းနေတဲ့ လမ်းဘေးကဆိုင်လေးတစ်ဆိုင်ထဲမှာ ဘယ်သရဲက ကျွန်တော့်ကို လာခြောက်မှာလဲ။ အရင်ကြည့်တဲ့ လူကသေသေချာချာပြန် ထားမသွားလို့ ဖြည်းဖြည်းခြင်းလျှောပြီး ပြုတ်ကျလာတာ နေမှာပေါ့။ တွေးရင်း စာအုပ်မျက်နှာဖုံးကို အကြည့်မှာတော့ ကျွန်တော့်အတွေးနဲ့အပြုံးဟာ လမ်းတဝက်မှာပဲ ရပ်တန့်သွားတယ်။

 စာအုပ်ရဲ့အပြင်အဆင်က ပုံမှန်မဟုတ်ဘဲ ထူးခြားနေပါတယ်။ စာအုပ်နောက်ကြောဖုံးကနေ ဟိုဘက်ဒီဘက်ကို ကြိုးနှစ်စထွက်နေပြီး ရှေ့ဖုံးပေါ်မှာသိုင်းချီထားတယ်။ မျက်နှာဖုံးမှာရေးထားတာကတော့

“သရဲခေါ်နည်းများ”
“Portals to the other world”  ကိုပြန်ဆိုသည်။

အဖုံးတွေကသားရေ တမျိုးနဲ့လုပ်ထားပုံရပြီး စာအုပ်ကတော့ခပ်ပါးပါးပါပဲ။ ကျွန်တော်စာအုပ်ကို ကိုင်ထားရင်း ဖွင့်ကြည့်ရင်ကောင်းမလား ရှေ့ကစင်ပေါ်ပဲ တင်ထားလိုက်ရင်ကောင်းမလား တွေဝေနေမိတယ်။ ထူးဆန်းတာက အခုချိန်ထိ ဆိုင်ရှင်အရိပ်အရောင်တောင်မတွေ့မိသေးတာပဲ။ ဆိုင်နောက်ပိုင်းမှာ တစွန်းတစ မြင်နေရတဲ့ ကောင်တာဘက်ကို ကိုယ်ကိုကိုင်းပြီး ကြည့်လိုက်တယ်။ ဘယ်သူမှ မရှိဘူး။ အပြင်သွား နေတာလား။ ဟိုဘက်စင်အနောက်မှာပဲ စာအုပ်တွေစီနေတာလား။ ဒါဆိုဘာလို့ ဘာသံမှ မကြားရတာလဲ။ တဆိုင်လုံးမှာ ဘီလူးတစ်ကောင်နဲ့ ကျွန်တော်တစ်ယောက်ထဲလား။

          လမ်းဘေးက စာအုပ်ဆိုင်လေးတစ်ဆိုင်က ဘာလို့ ကျွန်တော့်ကိုသည်းထိတ်ရင်ဖို ရသတွေ ပေးနေရတာလဲ။ ဟိုဘီလူးရုပ်ကြောင့်ပဲနေမှာ။ ကမ္ဘာပေါ်မှာ စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်တာလောက်လွယ်တဲ့ အလုပ် မရှိပါဘူး။ သရဲခေါ်နည်း စာအုပ်ကိုဖွင့်တာ သရဲကိုခေါ်တာမှမဟုတ်တာ ဟား ဟား။ ကျွန်တော် တွေးရင်း စာအုပ်အဖုံးက ကြိုးကိုဆွဲဖြည်လိုက်တယ်။

“မင်းတကယ်ဖတ်ချင်လို့လား ကောင်လေး”

          ရုတ်တရက်ကျွန်တော့်နောက်က စကားသံ ကြားလိုက်ရတယ်။ ကျွန်တော် နောက်ကို ဆတ်ကနဲ လှည့်ကြည့်လိုက်တော့ အသားညိုညိုအရပ်ပုပြတ်ပြတ်နဲ့ လူကြီးတစ်ယောက် ကျွန်တော့်ကို မော့ကြည့်နေတယ်။ ဆိုင်ထဲရောက်ကတဲက ဘာသံမှမကြားရ အရိပ်အရောင်လည်းမတွေ့ရဘဲ ဒီစာအုပ်ကိုဖွင့်မယ်လုပ်မှ ဒီလူပုကြီးဘယ်က ပေါ်လာပါလိမ့်။

“လန့်လိုက်တာဗျာ၊ ဦးလေးက ဆိုင်ရှင်လား”
“အင်း ဆိုပါတော့”
“ဘယ်ကထွက်လာတာလဲ စောစောကမတွေ့ပါဘူး၊ ဆိုင်ရှင်မရှိဘူးထင်လို့ ကျွန်တော်တောင် ပြန်တော့မလို့”
“ငါဟိုဘက်မှာရှိပါတယ်၊ ဘာလဲမင်းက အဲဒီစာအုပ်ကိုဝယ်မလို့လား”
“ကြည့်မလို့ပါ ကြိုက်ရင်ဝယ်မှာပေါ့၊ နဲနဲလောက် ကြည့်လို့မရဘူးလား”
“တခြားစာအုပ်တွေကတော့ မင်းစိတ်ကြိုက်ကြည့်ရပါတယ်ကွာ၊ ဒီစာအုပ်ကိုတော့ မင်းတကယ် စိတ်ဝင်စားတာမဟုတ်ရင် ဖွင့်မနေပါနဲ့”
“ဘာလို့တုန်းဗျ၊ ဦးလေးပြောမှပို ကြည့်ချင်လာပြီ ဟဲဟဲ ”
“မဟုတ်ပါဘူးကွာ၊ ငါဒီစာအုပ်ကို ရောင်းသင့်တဲ့လူကိုမှရောင်းမယ်လို့ဆုံးဖြတ်ထားလို့၊ ကဲ မင်းမဖွင့်ခင် အရင်ကြည့်လိုက်ပါအုံး ဒီစာအုပ်မှာ ဘာထူးခြားတာတွေ့လဲ”
“ကြိုးနဲ့ချည်ထားတာကိုပြောတာလား”
“အေး အဲဒါလဲပါတယ်၊ နောက်ပြီး အဖုံးကစာအုပ်နံမည်ကို သေချာကြည့် လက်ရေးနဲ့ရေးထားတာတွေ့လား”
“အင်း ဟုတ်တယ်နော်”
“အေး အဲဒီစာအုပ်က ပုံနိုပ်ထုတ်ဝေတဲ့စာအုပ်မဟုတ်ဘူး၊ လက်ရေးနဲ့ရေးထားတာ ရှားပါးစာအုပ်ပေါ့ကွာ၊”
“ဟင်ဦးလေးကလဲ ဘယ်သူကဘာတွေရေးထားမှန်းမသိတဲ့စာအုပ်ကို ဖွင့်မကြည့်ရပဲ ဘယ်သူက ဝယ်မှာလဲ”
“အင်း မင်းမေးလဲမေးစရာပဲကွ ”

ပြောပြောဆိုဆိုနဲ့ ဆိုင်ရှင် လူပုကြီးဟာ အနောက်က သစ်သားခုံမြင့် တစ်ခုပေါ်တက်ထိုင်လိုက်တယ်။ ကြည့်ရတာ ကျွန်တော့်ကိုမော့ကြည့်ပြီး စကားမပြောချင်လို့ထင်တယ်။ အဲဒီအချိန်မှာ ထူးထူးဆန်းဆန်း အတွေးတစ်ခု ကျွန်တော့် ခေါင်းထဲမှာပေါ်လာတယ်။ ဒီလူကြီးသာ အဲဒီခုံပေါ်တက်ရပ်ပြီး သန်လျှက် တစ်ခုလောက် မြှောက်ကိုင်လိုက်ရင် ဟိုဘီလူးရုပ်အတိုင်းနေမှာဘဲ။ လူပုကြီးက ကျွန်တော့်အတွေးကို သိနေတဲ့အတိုင်း ကျွန်တော့်မျက်လုံးကို စိုက်ကြည့်လိုက်ပြီး။

“မင်းငယ်ငယ်တုန်းက သူရဲခေါ်တန်းတို့ဘာတို့ ကစားဖူးသလား”
“ဟုတ် ကစားဖူးတာပေါ့ အုန်းမှုတ်ခွက်အောက်မှာ အမဲသားတုံးကိုထည့် အပေါ်ကဖရောင်းတိုင်ထွန်း ပြီးခေါ်တာတို့ စာရွက်ပေါ်မှာ ABCD တွေရေးပြီး အကြွေစေ့တစ်စေ့တင် လက်တွေနဲ့ဝိုင်းထောက်တာတို့”
“အဲဒီတော့ လာလား”
“မသိဘူးလေ ကျွန်တော်တော့မလာဘူးထင်တာပဲ ဘာမှလဲသိပ်မထူးခြားပါဘူး”
“အေးကွ ကောင်လေးရ မင်းပြောတဲ့နည်းတွေက လူတော်တော်များများသိကြပြီး ကလေးတွေ ကစားတဲ့နည်းတောင် ဖြစ်နေပြီ၊ မင်းပြောသလိုဘာမှမထူးခြားတာများတယ်၊ ဘာပဲပြောပြော ဒီကိစ္စကိုတော့မင်းစိတ်ဝင်စားသားပဲ”

လူပုကြီးက ကျွန်တော့်လက်ထဲက စာအုပ်ကိုကြည့်နေရင်း မေးလိုက်ပြန်တယ်။

“အဲဒီတော့ သရဲဆိုတာဘာလို့မင်းထင်လဲ”
“လူသေပြီးသရဲဖြစ်ရင်ဖြစ် မဖြစ်ရင်လဲ တစ်ခြားဘဝတစ်ခုခုကို ရောက်သွားတယ်မှလား”
“အေးမင်းပြောတာ မှန်သင့်သလောက်မှန်ပါတယ်၊ ဒါ့အပြင် နဂိုထဲက သရဲဖြစ်နေတဲ့သရဲတွေလဲရှိသေးတယ်ကွ အနောက်တိုင်းက ခေတ်မှီတဲ့ကောင်တွေကတော့ ငါတို့မမြင်ရတဲ့ ဒိုင်မင်းရှင်း တစ်ခုကသတ္တဝါတွေလို့ ဆိုတာပေါ့ကွာ ဘာပဲပြောပြော ငါတို့အလွယ်တကူမမြင်တွေနိုင်တဲ့ အဲဒီသရဲဆိုတဲ့သတ္တဝါကို လူတော်တော်များများက လက်ခံထားကြတယ် ဆက်သွယ်ဖို့လဲကြိုးစားခဲ့ကြတယ်၊ သရဲခေါ်နည်းဆိုတာ တကယ်တော့ ငါတို့ကမ္ဘာနဲ့ အဲဒီကောင်တွေရဲ့ကမ္ဘာကြားက တံခါးကိုဖွင့်တဲ့နည်းပဲ”
“ဒါဆိုဒီစာအုပ်က အဲဒီနည်းတွေကိုရေးထားတာပေါ့”
“ဒီလိုကွကောင်လေးရ ငါလည်းဒီစာအုပ်ကို အစအဆုံးဖတ်မကြည့်ရသေးပါဘူး ခုဏက ငါပြောတာက ငါ့အယူအဆတွေပါ ဒါပေမယ့် အဲဒီစာအုပ်က ပထမဆုံးနည်းမှာတင် ငါလက်ခံနိုင်လောက်တဲ့အနေအထား တွေ့ရတယ်၊ မင်းငယ်ငယ်ကဆော့ဖူးတဲ့ စာရွက်ပေါ်မှာ ABCD ရေးအကြွေစေ့တင်ပြီး လက်နဲ့ဝိုင်းထောက် တဲ့နည်းက ဘာလို့ဘာမှမထူးခြားလဲသိလား”
“ဟင့်အင်း ဘာလို့လဲ”
“အေး ဒီမှာလည်းအဲဒီနည်းကို ရေးထားတယ် မင်းတို့လုပ်တုန်းက အဲဒီစာရွက်မှာ သင်္ကေတတစ်ခု ရေးရသေးလား”
“ဟင့်အင်း မရေးဘူး ABCD ပဲရေးတာ”
“အဲဒါပဲ မင်းတို့လုပ်လို့မထူးခြားဘူးဆိုတာ မပြည့်စုံလို့ကွ၊ မင်းတို့မှမဟုတ်ပါဘူး လူတော်တော်များများ ကြိုစားကြတာပဲ မရတာများတယ်၊ တကယ်တော့သူတို့ကမ္ဘာနဲ့ ငါတို့ကမ္ဘာကြားက တံခါးကိုဖွင့်ဖို့ အဓိကကြတဲ့ Key လိုတယ်၊ အဲဒီ Key ဟာ အမျိုးမျိုးဖြစ်နိုင်တယ်၊ သင်္ကေတ တစ်ခု၊ အသံထွက်တခု ဒါမှမဟုတ် ပစ္စည်းတစ်ခု ကို သူ့နေရာနဲ့သူ သုံးရတယ်”
“စိတ်ဝင်စားစရာပဲ ဦးလေးစမ်းကြည့်သေးလား ”

ဆိုင်ရှင် ကြီးက သူ့သွားတွေဖွေးကနဲပေါ်အောင် ကျွန်တော့်ကို ပြုံးပြလိုက်တယ်။

“မင်းဘယ်လိုအဖြေမျိုးလိုချင်လဲကောင်လေး ငါစမ်းကြည့်ပြီး သရဲကြီးနဲ့ စကားစမြည်ပြောခဲ့ရတယ် ဆိုတာလား ငါမအားတာနဲ့ မလုပ်ဖြစ်ပါဘူးကွာ ဆိုတာလား၊ တကယ်တော့ ကိုနဲ့မဆိုင်တဲ့လောကကို သွားမစပ်စုတာ ကောင်းတယ်၊ အထူးသဖြင့် ဒီလိုဇာတ်မျိုးကို နိုင်မယ်ထင်မှကပါ၊ အကောင်းဆုံးကတော့ ဒီစာအုပ်ကို ကြိုးလေးပြန်ချည်ပြီး မင်းရှေ့က “စာမမြည်းရ ဆိုင်ရှင်ကိုမေးပါ” ဆိုတဲ့အကန့်မှာထိုးထည့်လိုက်ပါကွာ ဟားဟားဟား”
“အဲဒါကြောင့်ပြောတာပေါ့ ဦးလေးက ဈေးရောင်းကျွမ်းတယ်ဆိုတာ၊ ဘယ်လောက်နဲ့ရောင်းမှာလည်း ကျွန်တော်နဲနဲဖွင့်ကြည့်မယ်ဗျာ၊ ကြိုက်ရင်ဝယ်မယ်၊ ဈေးလည်းမကြီးရင်ပေါ့”
“ဈေးမကြီးပါဘူး မင်းလိုချင် ၁၀၀၀ နဲ့ပေးလိုက်မယ်၊ ဒါပေမယ့် ဈေးကအဓိကမဟုတ်ပါဘူး၊ မင်းဒီကိစ္စကို တကယ်စိတ်ဝင်စားမှဝယ်ပါ၊”
“၁၀၀၀ ဈေးကြီးတာပေါ့ဦးလေးရ၊ ကျွန်တော် နဲနဲဖွင်ကြည့်လို့ရမလား”
“မင်းသိပ်ဖွင့်ချင်ရင်လဲဖွင့်ကြည့်ပေါ့ကွာ”
         
တကယ်တော့ ဘာရယ်မဟုတ် ဆိုင်ရှင်အပြောကောင်းလို့သာ ဖွင့်ကြည့်ရချင်းပါ။ ကျွန်တော့်ဟာ ကျွန်တော်ဆို လက်ရေးနဲ့ရေးထားမှန်းစောစောကသိရင် ပြန်ထားလိုက်ပြီ။ ဘယ်သူက ဘာတွေရေးထားမှန်း မသိတဲ့ စာအုပ်တစ်အုပ်ကို ၁၀၀၀ ပေးဝယ်လာရင် ကျွန်တော့်သူငယ်ချင်းတွေသိရင် သေချာပေါက် ဝိုင်းဟားကြမှာပေါ့။

          ကျွန်တော် ကြိုးစကို ဖယ်လိုက်ပြီး ရှေ့ဆုံးစာမျက်နှာကိုလှန်ဖွင့်လိုက်တယ်။ စာရွက်ကခပ်ထူထူရှိပြီး ဝါကျင့်ကျင့်အရောင်ပေါက်ကာ ဟောင်းနွမ်းစပြုနေပါပြီ။ ရှေ့ဆုံးစာမျက်နှာက အမှာစာသဘောမျိုး ရေးထားတာပါ။ နောက်တရွက်ကိုလှန်လိုက်တော့။ အပေါ်ဆုံးမှာ စာလုံးကြီးကြီးနဲ့ “သင်္ကေတ” လို့ခေါင်းစဉ်တပ်ထားတယ်။ အောက်မှာ အဝန်းနှစ်ထပ်နဲ့ စက်ဝိုင်းပုံကြီးတခုဆွဲထားပြီး စက်ဝန်းတလျှောက်မှာ A ကနေ Z ထိ ၂၆ လုံးနဲ့ YES နဲ့ NO နှစ်လုံး စုစုပေါင်း ၂၈ လုံးကို အကန့်ညီညီကန့်ပြီး ဖြည့်သွင်းထားတယ်။ အလယ်မှာတော့ သင်္ကေတ ပုံစံတခုဆွဲထားတယ်။ ဆိုင်ရှင်လူပုကြီးပြောသလိုပဲ ကွန်တော်တို့ငယ်ငယ်က ကစားတုန်းက အဲလိုသင်္ကေတမျိုးမပါဘူး။ နောက်တစ်ရွက်ကိုလှန်မယ်အလုပ်မှာ

“ဒီမှာကောင်လေး ဒီလောက်ဆို မင်း ဆုံးဖြတ်နိုင်ပါဘီ၊ မင်းဒီကိစ္စကိုစိတ်ဝင်စားရင် ယူပါ၊ မဝင်စားရင် ပြန်ထားလိုက်ပါတော့”
“အိုကေလေ၊ ကျွန်တော်ယူမယ်၊”

လူပုကြီးက ကျွန်တော့်မျက်လုံးကို စိုက်ကြည့်လိုက်ပြီး။

“ကောင်းပြီ မင်းကို တစ်ခုတော့ လေးလေးနက်နက်မှာချင်တယ်၊ ဒီစာအုပ်မှာ ပြထားတဲ့နည်းတွေကို မင်းစမ်းသပ်နိုင်ပါတယ်၊ တစ်ခုပဲ၊ နောက်ဆုံးစာမျက်နှာကိုတော့ လှန်မကြည့်မိအောင် ကြိုစားပါ၊ မဟုတ်ရင် မင်းနောင်တရ လိမ့်မယ်၊”

          ကျွန်တော် ပိုက်ဆံအိပ်ထဲက ၁၀၀၀ ထုတ်ပေးလိုက်တယ်။ စာအုပ်ကိုကြိုးပြန်ချည်ပြီး လွယ်အိပ်ထဲ ထိုးထည့်လိုက်တယ်။ နောက် လူပုကြီးကို နှုတ်ဆက်ပြီး ဆိုင်ထဲက ပြန်ထွက်လာလိုက်တယ်။ ကျွန်တော့် အမြင်အာရုံရဲ့ထောင့်မှာတော့ ဘီလူးရုပ်က ပြုံးပြနေသယောင်။ လက်ပတ်နာရီကိုကြည့်လိုက်တော့ ၈နာရီထိုးတော့မယ်။ လိုင်းကားစောင့်စီးနေလို့ မဖြစ်တော့။ လမ်းပေါ်မှာ တွေ့တဲ့တက္ကစီ တစ်စင်းကို တားပြီးတက်ထိုင်လိုက်တယ်။

          အိမ်လိပ်စာကိုပြောပြီး ထိုင်ခုံနောက်မှီမှာ ခပ်လျှောလျှော ထိုင်ရင်း မှိန်းလိုက်လာပါတယ်။ လမ်းမီးတိုင်များရဲ့အလင်းရောင်ဟာ ကားထဲမှာ ရိပ်ကနဲရိပ်ကနဲ။ ကားစက်သံမှတပါး တိတ်တိတ်ဆိတ်ဆိတ်။ ကျွန်တော့် စိတ်ထဲမှာ လင်းအောင်ကို ကျိန်ဆဲနေမိတယ်။ ခွေးကောင် ဒင်းပို့လို့ စာအုပ်ဖိုး ၁၀၀၀ အပြင် တက္ကစီဖိုးပါထွက်တော့မယ်။

(ဆက်ပါမည်)
_______
ကွန်းဇော်

3 comments:

  1. :) Refer to The Eye 10 :) I know that movies.

    ReplyDelete
    Replies
    1. True Bro, but I am not going to copy the whole story. I watched that movie long time ago and don't even remember the name. But I still remember a scene. So I created a story based on it. Please read. My plot is different.

      Delete
  2. အရမ္းႀကိဳက္သြားၿပီ
    http://nandalayan-nandalayan.blogspot.in/

    ReplyDelete