Tuesday 23 October 2012

ဒိုမီနိုဖြစ်စဉ် (Domino effect)




ဒိုမီနို (အကျိုးသက်ရောက်မှူ)  ဖြစ်စဉ်

ကျွန်တော်တို့ နေထိုင်ရာ လောကမှာ ဒီဖြစ်စဉ်ကို မကြာခဏ အသွင်အမျိုးမျိုးနဲ့ တွေ့ရတတ်ပါတယ်။ လက်တလော ရခိုင်အရေးအခင်း၊ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ် တို့လို သိသာ ထင်ရှားတဲ့ ကိစ္စတွေမှစလို့ စာမှန်မှန်မကျက်တဲ့ ကျောင်းသားတစ်ယောက် စာမေးပွဲ ကျရခြင်း စတဲ့ သာမန်ကိစ္စတွေ အထိ အားလုံးဟာ ဒိုမီနိုဖြစ်စဉ်မှာ အကြုံးဝင်နေပါတယ်။
ဒိုမီနိုဖြစ်စဉ် ဆိုတာ သေးငယ်တဲ့ ပြောင်းလဲမူလေး တစ်ခုရဲ့ သက်ရောက်မှူကနေ အစပြုပြီး နောက် အလားတူ အကျိူးဆက်တစ်ခုကို ဖြစ်စေခြင်း၊ အဲဒီ အကျိုးဆက်ကနေ အကြောင်းတစ်ခုဖြစ်လာပြီး နောက်ထပ် အကျိုးဆက်တစ်ခုကို ဖြစ်စေခြင်း စသည်ဖြင့် ဆင့်ကဲဆင့်ကဲ ဖြစ်သွားတဲ့ ဖြစ်စဉ်မျိုးကို ခေါ်ပါတယ်။ ပုံမှာတွေ့ရတဲ့အတိုင်း ဒိုမီနို(ဒိုးဇက်) ပြားလေးတွေကို အစီအရီ ထောင်ထားရာကနေ ရှေ့ဆုံးက အပြားလေးကို တွန်းလှဲလိုက်ရင် သူကနေ နောက်တစ်ပြားကို တိုက်လှဲ၊ နောက်တစ်ပြားကို တိုက်လှဲနဲ့ နောက်ဆုံး တိုက်လှဲလို့ရသလောက် ဆက်တိုက် ဖြစ်သွားတဲ့ ဖြစ်စဉ်မျိုးပါ။
တကယ်လို့ ဒီဖြစ်စဉ်ဟာ ဒိုမီနိုပြား နည်းနည်း နဲ့ပဲ ရပ်တန့်သွားရင် ဒါမှမဟုတ် အရေးမပါ သေးငယ်တဲ့ ဒိုမီနိုပြားလေးတွေပဲ ဖြစ်ခဲ့ရင်တော့ လူမသိသူမသိနဲ့ ပြီးသွားမှာပါ။ chain reaction လို့ခေါ်တဲ့ ဆင့်ကဲ အကျိုးသက်ရောက်မှူ များလာရင်၊ impact ခေါ် အကျိုးသက်ရောက်မှူ ကြီးကျယ်လာရင်တော့ ဒိုမီနိုဖြစ်စဉ်ကို ပိုထင်ရှားလာစေပါတယ်။ ဒိုမီနိုဖြစ်စဉ်လို့ ဆိုလိုက်တိုင်းလဲ အကုန် အဆိုးဘက်ကိုပဲ ဦးတည်နေတယ်လို့ ဆိုတာမဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုးဖြစ်လာတဲ့ ဆင့်ကဲ ဖြစ်စဉ်သဘာဝ ကိုသာ ဆိုလိုခြင်းပါ။

 
ဒါဆိုရင် မလိုလားအပ်တဲ့ ဒိုမီနိုဖြစ်စဉ်တစ်ခုကို ဘယ်လို တုန့်ပြန်ဆောင်ရွက်ရမလဲ။ အဖြေကတော့
(၁) ပြိုလဲတော့မယ် (သို့မဟုတ်) နောက်တစ်ခုကို တိုက်လှဲတော့မယ့် ဒိုမီနိုကို အရင်တွေ့အောင်ရှာပါ
(၂) ၎င်းကို အစဉ်တန်းမှနေ အမြန်ဆုံး ဖယ်ထုတ်ပါ
(၃) လဲသွားတဲ့ ဒိုမီနိုတွေကို ပြန်ထောင်ပါ။
ဒိုမီနိုဖြစ်စဉ် တစ်ခုဖြစ်လာရင် အရင်ဆုံးလုပ်ရမယ့် အလုပ်က ဆက်တိုက်ပြိုလဲမှူတွေ ရပ်တန့်သွားအောင် အမြန်ဆုံး ဖြတ်တောက်ပစ်ဖို့ ပါပဲ။ ပြီးမှသာလျှင် ပြိုလဲသွားတာတွေကို ပြန်လည် တည့်မတ်ခြင်းကို လုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒိုမီနိုဖြစ်စဉ် ရဲ့သဘောကိုက ဆင့်ကဲ သက်ရောက်နိုင်ခွင့် ရှိသ၍ ဆက်ဖြစ်သွားမှာဖြစ်တဲ့ အတွက် တားဆီးမှူနောက်ကျလေ ပြိုလဲမှူပိုများလေ ဖြစ်ပါတယ်။
ဒီသဘောတရားဟာ ရိုးရှင်းလွယ်ကူသလောက် တကယ့်လက်တွေ့မှာလည်း အသုံးဝင်လှတာကို တွေ့ရမှာပါ။ ဥပမာ တစ်ခုအနေနဲ့ စာမေးပွဲကို မသမာတဲ့နည်းနဲ့ ဖြေနေကြတဲ့ ကျောင်းသားများ အဖြစ်ကို ဒိုမီနိုဖြစ်စဉ် မိုဒယ်မှာ တင်ကြည့်ရအောင်။ ဒီလိုလူငယ်မျိုးဟာ လုံလောက်တဲ့ အခြေခံ အရည်အချင်းမပြည့်ဝတဲ့ အတွက် လုပ်ငန်းခွင်မှာ သင်ယူမှူနှေးကွေးမယ်၊ ထုတ်လုပ်မှူညံ့မယ် နောက်တစ်ခါထပ်ပြီး  မရိုးမသား လုပ်ဖို့ကိုလဲ ဝန်မလေးတော့ဘူး။ ဒါကြောင့် အမြန်တားဆီးအပ်တဲ့ ဖြစ်စဉ်မျိုးပဲဖြစ်ပါတယ်။ ဒါကို ဒိုမီနိုပြားလေးတွေ အနေနဲ့ ကြည့်ရင်
(၁) အရည်အချင်း မပြည့်မှီပဲ အောင်ခြင်း (သို့) စာမေးပွဲကျခြင်း
(၂) စာမေးပွဲကို မရိုးမသားဖြေခြင်း
(၃) သင်ခန်းစာကို ကောင်းစွာနားလည်အောင် အားမထုတ်ခြင်း
(၄) အစဉ်အလာ နှင့် ပတ်ဝန်းကျင်မှ ၎င်း အခြေအနေသို့ တွန်းပို့ခြင်း
ဒီမိုဒယ်မှာ ဆိုရင် (၄)ကြောင့် (၃) လဲ၊ (၃)ကြောင့် (၂) လဲ၊ (၂)ကြောင့် (၁) လဲ ဖြစ် လာနိုင်ပါတယ်။ ဒါဆို အခု ဘယ်ဒိုမီနိုက လဲတော့မလဲ….. ဒါဟာ အရေးကြီးပါတယ်။ ကျောင်းသားလူငယ်တစ်ယောက် အနေနဲ့ကြည့်မယ်ဆိုရင် နံပါတ်(၄) ဟာ လဲနေပါပြီ။ သူ့အနေနဲ့ အမြန်ဆုံးလုပ်ရမှာက နံပါတ် (၃)ကို ဆွဲထုတ်ဖို့ပါပဲ။ ဆိုလိုတာက သင်ခန်းစာကို နားလည်အောင် အားထုတ်ဖို့ပါ။  ဒါမှ (၂) နဲ့ (၁) တို့ ဆက်မလဲ မှာဖြစ်ပါတယ်။ အုပ်ချုပ်သူ လူကြီးပိုင်းအနေနဲ့ကတော့ (၄) နဲ့ (၃) ဟာ သူတို့ ရုတ်တရက် ဆွဲမထုတ်နိုင်တဲ့ ဒိုမီနိုတွေဖြစ်ပါတယ်။ ဒါကြောင့် စာမေးပွဲများကို စည်းကမ်းတင်းကျပ် ခြင်းအားဖြင့် (၂)ကို ဆွဲထုတ်ပြီး ဖြစ်စဉ်ကို အမြန်ရပ်အောင် လုပ်ရပါမယ်။ ပြီးတာနဲ့ (၄)နဲ့(၃)ကို ပြန်ထောင်ဖို့ ကြိုးစားရပါမယ်။ ဒါဟာ ဖြစ်စဉ်ကို အကျဉ်းရုံး ဖေါ်ပြခြင်းသာ ဖြစ်ပြီး ဒီထက်ပို ကျယ်ပြန့်စွာ စဉ်းစားနိုင်လေ ပိုထိရောက်စွာ တားနိုင်လေ ဖြစ်မှာပါ။
ရခိုင် အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “ပထမဆုံး ဖြစ်သွားတဲ့ အမှူကို တရားဥပဒေ အတိုင်း လျှင်မြန်စွာ တုန့်ပြန်ဆောင်ရွက်ဖို့” ဆိုတာဟာ လဲနေတဲ့ ဒိုမီနိုကို နောက်တစ်ခုကို ထပ်မတိုက်လှဲခင် ဆွဲထုတ်ဖို့ ဆိုလိုတာပါ။ နှေးသွားတဲ့ အတွက် ရလဒ်ကတော့ မြင်ကြတဲ့ အတိုင်းပါပဲ။ ဘာပဲဖြစ်ဖြစ် လူတွေ ထပ်သေရတာဟာ မလိုလားအပ်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဒါကြောင့် အခုနေ မှာ ရခိုင်ပြည်နယ်တွင်း မျှတတဲ့ တရားဥပဒေ စိုးမိုးမှူနဲ့ နောက်ထပ် သွေးထိုးလှူံ့ဆော်မှူတွေ ထပ်မလုပ်ဖို့ အလွန် အရေးကြီးပါတယ်။ ဒါကို အမြန်ဆုံး ဖြစ်အောင်လုပ်ပြီးမှ အရင်ခေတ် အဆက်ဆက်က လဲခဲ့ရတဲ့ ဒိုမီနိုတွေကို ပြန်ထောင်ရမှာပါပဲ။
ဒီထက်ပိုပြီး ဖြန့်ကျက်တွေးမယ်ဆိုရင် ဗုဒ္ဓဘုရားရှင်ရဲ့ ပဋိစ္စသမုပါဒ် လည်ခြင်းပြတ်ခြင်း တရားတို့ဟာလည်း လဲပြီးသား အရာတွေကို ပြန်ထောင်ဖို့ ကြိုးစားတာထက် လဲတော့မယ့် အရာကို သိဖို့နဲ့ အမြန်ဆွဲထုတ်ဖို့ လမ်းညွှန်ခြင်းများ ဖြစ်ကြပါတယ်။ ဒါမှသာလျှင် သံသရာတစ်လျှောက်လုံး ဆက်လဲစရာ မလိုတော့မှာပါ။ ပဌာန်းဒေသနာတော်ဟာလည်း ဒီသဘောအတိုင်းပါပဲ။ ကျွန်တော့်လို သာမန်လူတစ်ယောက် အနေနဲ့ ရှေ့ဘဝနောက်ဘဝ မဂ်ဖိုလ် နိဗ္ဗာန် ဆိုတာတွေ ကိုဝေဖန်နိုင်တဲ့ အရည်အချင်းမရှိသေးပါဘူး။ သို့ပေမယ့် တရားတော်တွေထဲမှာ ယခုလို ယုတ္တိယုတ္တာ ကျကျ သဘာဝလောကနဲ့ ကိုက်ညီတဲ့ အတွေးအခေါ်တွေကို လှစ်ခနဲ တွေ့ရရုံနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဉာဏ်တော်ကို ကြည်ညိုရပါတယ်။
နိဂုံးချူပ်နေနဲ့ တင်ပြလိုတာကတော့ ကိစ္စတစ်ခုကို အကြောင်းအကျိုးဆက်စပ်ပြီး သရုပ်ခွဲ စဉ်းစားသင့်ကြောင်း၊ အဓိက အချက်ကို ဖမ်းမိဖို့လိုကြောင်း နဲ့ အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်ဖို့ အရေးကြီးကြောင်းတို့ပါပဲ ခင်ဗျား။

_______
ကွန်းဇော်

ပညာချိ တို့၏ အဆိုအမိန့်များ (၂)


-       အလုပ်ချိန်/စာသင်ချိန် အတွင်း မိမိမျက်ခွံ၏ အတွင်းပိုင်းအား မလေ့လာရ။

-       ပြဿနာတစ်ခုကို ခွန်အားသုံး၍ ဖြေရှင်းခြင်းသည် အလွန်ညံ့သောနည်းဖြစ်၏။ ၎င်းကို ကလေးငယ်များနှင့် နိုင်ငံကြီးများသာ သုံးကြသည်။

-       ဆိုင်ကယ်မောင်းနေစဉ် တံတွေးထွေးလိုလျှင် ခေါင်းကို ဘေးဘက်သို့ အရင်လှည့်ပါ။

-       ကျွန်ုပ်တွင် တာဝန်ယူလိုစိတ်မရှိခြင်းသည် ကျွန်ုပ်၏ အပြစ်မဟုတ်။ ကျွန်ုပ်ကို သင်မပေးကြသူများ၏ အပြစ်သာဖြစ်သည်။

-       စစ်တမ်းကောက်ယူချက်များ၏ ရလဒ်များမှ ၄၂.၉% သည် တကယ်မလုပ်ဘဲ စိတ်ကူးတည့်ရာ ရေးထားသော ဂဏန်းများသာ ဖြစ်၏။

-       ပညာရှိသည် တွေးကြည့်၏။ လူမိုက်သည် ပြေးကြည့်၏။ ကျွန်ုပ်ကား ကိုယ့်ကိစ္စဆိုလျှင် ပြေးကြည့်၍ သူများကိစ္စဆိုလျှင် တွေးကြည့်ပေး လေသည်။

-       ရှင်သန်ခြင်းသည် နှစ်သက်စရာကောင်း၏။ သေခြင်းသည် ငြိမ်းချမ်း၏။ ကျွနု်ပ်မကြိုက်သည်မှာ ၎င်းတို့ အကြားအကူးပြောင်းပင်ဖြစ်သည်။

-       “ရိုးရိုးကျင့်၍ မြင့်မြင့်ကြံ” လျှင်အဆုံး၌ ရာထူးတက်၍ မနိုင်ဝန် ထမ်းရတတ်သည်။

-       အောင်မြင်ခြင်း၏ သော့ချက် သုံးခုရှိ၏။ တစ်၊ ဝီရိယရှိပါ။ နှစ်၊ ဆရာစားချန်ပါ။

-       သူတပါးကို မဝေဖန်ခင် နံနက်စောစောထ၍ မိမိမျက်နှာကို မှန်ထဲ၌ သေချာစွာကြည့်ပါ။ သို့မှသာ ကိုယ့်မျက်ချေး ကိုယ်မမြင်ကြောင်း စွပ်စွဲလာလျှင် မြင်ပြီးကြောင်း ဖြေရှင်းနိုင်မည်။

-       သင်အရေးကြုံတိုင်း အနားမှာ ရှိသောသူငယ်ချင်းသည် စပ်စုတတ်သောသူ ဖြစ်သည်။

-       ပြဿနာ တက်နေချိန်၌ ပြုံးနိုင်သောသူသည် တစ်ယောက်ယောက်ကို လွှဲချရန် ကြံစည်ပြီးသူ ဖြစ်၏။
_______
ကွန်းဇော်
စုစည်းတင်ပြသည်။

Sunday 9 September 2012

ပုံပြင်


 သူငယ်ချင်းတစ်ယောက်ရဲ့ဓညင်းသီး ပိုစ်လေးဖတ်မိပြီး ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်သွားသတိရလို့ ပြောပြချင်လို့။ နားမထောင်ချင်လဲ ပြောပြီဟေ့။
ဟိုးရှေးရှေးတုံးက ရွာတစ်ရွာမှာ သိပ်ချစ်ကြတဲ့လင်မယားနှစ်ယောက်ရှိသတဲ့။ လူမှူရေး စီးပွားရေး တွေမှာလည်း နှစ်ယောက်လုံးတက်ညီလက်ညီရှိကြလို့ သာယာတဲ့အိမ်ထောင်ရေးဖြစ်ကြသတဲ့။ ဒါပေမယ့် ယောင်္ကျားက ဘာသာရေး ရိုသေကိုင်းရှိုင်းပြီး မိန်းမကတော့ ဘာသိဘာသာပဲတဲ့။ အဲလိုနဲ့နေလာလိုက်တာ တနေ့တော့ယောင်္ကျား က မကျန်းမမာဖြစ်ပြီး သေသွားပါရောတဲ့။  အဲဒါနဲ့ မိန်းမက ပူဆွေးဝမ်းနဲကျန်နေခဲ့ပြီး ယောင်္ကျားကတော့ သူ့ရဲ့ ကောင်းမှူကံကြောင့် နတ်ပြည်မှာ နတ်သားသွားဖြစ်နေသတဲ့။ နတ်သားလေးဟာ သူ့ကံကြောင့် နတ်သမီးလေးတွေ တဖက်ကိုငါးရာလောက် ပေါ်လာတာကို စိတ်မဝင်စားပဲ လူ့ပြည်က သူ့မယားဟောင်းလေးကိုပဲ လွမ်းနေပါသတဲ့။ အဲဒါနဲ့ နတ်သမီးတွေလဲတင်းပြီး သိကြားမင်းကြီး သွားတိုင်တော့ သိကြားမင်းကြီးက နတ်သားကိုခေါ်မေးတာပေါ့၊ မင်းဘာဖြစ်နေလဲဆိုပြီး။ အဲဒါနဲ့ နတ်သားလေးက သူ့မယားလေးကိုပဲ သတိရနေကြောင်း ဖြစ်နိုင်ရင် နတ်ပြည်ကို ခဏလောက်ခေါ် တွေ့လိုကြောင်း ခွင့်တောင်းသတဲ့။ သိကြားမင်းကြီးလဲ ဒီကောင်ဖာလူဒါတွေ ရှိရက်နဲ့ ငပိလွမ်းတဲ့ကောင်၊ ငပိနဲ့ ဘယ်နှစ်ရက်နေနိုင်မလဲ ကြည့်သေးတာပေါ့ ဆိုပြီး ခွင့်ပြုလိုက်ပါသတဲ့။
နတ်သားလဲ ဝမ်းသာအားရနဲ့ တခါတည်း လူ့ပြည်ဆင်း၊ သူ့မိန်းမလေးသွားခေါ်လာပြီး နတ်သမီးတွေဘေးချိတ်လို့ လူမိန်းမနဲ့ပဲ ပျော်ပျော်ကြီး ပေါင်းနေပါသတဲ့။ ဒါပေမယ့် မကြာပါဘူး လူ နဲ့ နတ်တို့ သက်တမ်းခြင်း မတူတာကြောင့် လူမိန်းမလေးဟာ အိုမင်းစပြုလာပါတယ်။ ဒါကြောင့် နတ်သားလေးက သူ့မိန်းမကို၊ အင်း ဒီတိုင်းဆိုရင်မဖြစ်ဘူး၊ မင်းလူ့ပြည် ခဏပြန်အုံး၊ ငါရွှေတွေ ပေးလိုက်မယ်၊ မင်းကုသိုလ်ကောင်းမူလုပ် ပြီး ငါနဲ့ပေါင်းရပါစေလို့ ဆုတောင်း လို့ပြောသတဲ့။ အဲဒီမှာ သူ့မိန်းမက နတ်ပြည်မှာ သီးတဲ့ အသီးတမျိုးကို အလွန်ကြိုက်နေသတဲ့။ အဲဒီအသီးဟာ အလွန်မွှေးပြီး စိမ့်တယ်ဆိုပဲ။ ဒါနဲ့သူ့ယောင်္ကျားကို အဲဒီအသီးကို ယူသွားခွင့်ပြုဖို့ တောင်းတာပေါ့။ ယောင်္ကျားနတ်သားကလဲ ဒါကနတ်ပြည်က အသီးဆိုတော့ ယူခွင့်မရှိဘူး လို့ပြောလိုက်သတဲ့။ မိန်းမက ဒါဆိုလဲပြီးတာပဲလေ ဆိုပြီး ငါးသလောက်ပြုံးလေး တစ်ချက်ပြုံးလိုက်သတဲ့။
အဲလိုနဲ့ပဲ တိုတိုနဲ့ လိုရင်းကို ပြောရရင်တော့။ မိန်းမလဲလူ့ပြည်ကို ပြန်ရောက်လာပြီး ကောင်းမှူတွေလုပ်၊ လုပ်တိုင်းလဲ သူ့ယောင်္ကျားနဲ့ပြန်ပေါင်းရပါစေလို့ ဆုတွေတောင်းသတဲ့။ နောက်ဆုံးသေသွား ပါရောတဲ့။ သူ့ယောင်္ကျားဆီ ပြန်ရောက်လား မရောက်လားတော့ မသိတော့ပါဘူး။ ဒါပေမယ့် သူသေသွားတော့ သူ့ခြံထဲမှာ ဘယ်သူမှ တစ်ခါမှ မမြင်ဘူးကြတဲ့ အပင်တစ်ပင်ကျန်ခဲ့တယ်တဲ့။ အဲဒီ အပင်က အသီးက ပြုတ်စားရင် အင်မတန် စိမ့်သတဲ့။ ဒါပေမယ့် နံတော့ အတော် နံတယ်ဆိုပဲ။ နတ်ပြည်က အသီးကို လူ့ပြည်မှာပြန်စိုက်လို့လား ဒါမှမဟုတ် ဘာလို့လားတော့ မသိကြပါဘူးတဲ့။ သူကသေသွားပြီဆိုတော့ မေးလို့လဲမရတော့ဘူးကိုး။ အဲ ပုံပြင်ကတော့ ဒါပါဘဲ။
မင်းဟာက ဘာကြီးလဲလို့ ကျွန်တော့်ကို မမေးကြနဲ့နော်။ ကျွန်တော်လဲကြားဖူးတာလေး ပြန်ပြောပြတာ။

______
ကွန်းဇော်

ပညာချိ တို့၏ အဆိုအမိန့်များ


-       “မူးလျှင်မမောင်းရ” ထို့ကြောင့် မမောင်းလျှင်မူးပါ။

-       “ယနေ့ အလုပ်ကို ယနေ့လုပ်လျှင် မနက်ဖြန်အလုပ်ကို မနက်ဖြန်လုပ်ရမည်” ထို့ကြောင့် ယနေ့ အလုပ်ကို မနက်ဖြန်လုပ်၍  မနက်ဖြန်အလုပ်ကို သဘက်ခါလုပ်ခြင်းဖြင့် သင်ယနေ့တစ်ရက် နားပါ။

-       သတိ ….. ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ စစ်တမ်းများအရ ရေသောက်သူတိုင်း အနှေးနှင့်အမြန် သေကြသည်။

-       သင့်ကို မည်သူမှ ဂရုမစိုက်ကြဟု ထင်မြင်လာလျှင် တစ်ယောက်ယောက်ဆီက ပိုက်ဆံချေးပြီး ရှောင်နေလိုက်ပါ။

-       အပြစ်တစ်ခုခု လုပ်မိလျှင် ဘယ်သူမှ အပြစ်မတင်ခင် ကိုယ့်ကို ကိုအမြန်ဆုံးအပြစ်တင်လိုက်ပါ။ “ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း” သည် သူများထောင်းတာထက် သက်သာသည်။

-       မိမိကိုယ်ကို ကျန်းမာအောင် နေထိုင်ခြင်းသည် တဖြည်းဖြည်း မျှင်းသေအောင်ပြုခြင်း မည်၏။

-       သင်သည် အမှန်ကိုသာ ပြောခဲ့လျှင် ၎င်းကို မှတ်ထားရန်မလိုတော့ချေ။

-       သင့်ပိုက်ဆံကို နှစ်ဆတိုးလိုလျှင် လွယ်သော နည်းတစ်နည်းသာလျှင် ရှိ၏။ “အလယ်မှခေါက်လိုက်ပါ”

-       ရုံးနောက်ကျမည်မှန်းသေချာလျှင် နံနက်စာကို အေးအေးဆေးဆေးသာ ဆက်စားပါလေ။

-       သူဌေးပြောသော ဟာသသည် အမြဲ ရယ်ရသည်။

-       အောက်ပါ အခြေအနေတွင် သတိရှိပါ။ “ဆိတ်တစ်ကောင်၏ ရှေ့တွင်၊ မြင်းတစ်ကောင်၏ နောက်တွင်၊ အရူးတစ်ယောက်၏ အနား (ဘယ်ဘက်မဆို)တွင်”

-       ဆဲခြင်းသည် ထွက်ပြေးခြင်းနှင့် လက်သီးခြင်းယှဉ်ထိုးခြင်း တို့အကြား အလယ်အလတ်ကြသော ပြဿနာ ဖြေရှင်းနည်းဖြစ်၏။


_______
ကွန်းဇော်
စုစည်းတင်ပြသည်။

နှံပြည်စုတ်ကို ကြောက်တဲ့ ရုက္ခစိုးကြီး


ဆရာတော်ကြီး တစ်ပါးက တရားဓမ္မနဲ့ ဆက်နွယ်ပြီး ဟောသွားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ကျွန်တော်က တော့ ကိုယ်ခံစားမိသလို ပြန်လည်ရေးဖွဲ့ပြီး သူငယ်ချင်းများဖတ်ဖို့ ရှဲလိုက်ပါတယ်။ သုတ ရသ တစ်ခုခုရကြပါစေ ခင်ဗျာ။

“ဖိုးလုံးတို့ မိပေါက်တို့ လာကြဟေ့ ဖိုးဖိုး ပုံပြောပြမယ်”
“ဟေး ဖိုးဖိုးပုံပြောမယ်တဲ့ကွ၊ လာ မိပေါက် မြန်မြန်”
“ဖိုးဖိုး ဘာပုံပြောမှာလဲဟင်”
“အေးကွဲ့ ပုံပြင်လေးကတော့ နှံပြည်စုတ်ကို ကြောက်တဲ့ ရုက္ခစိုးကြီးတဲ့”
“ဟားဟား ရုက္ခစိုးကြီး ကလဲ နှံပြည်စုတ်ကို ကြောက်ရတယ်လို့”
“အေး ကြောက်ရတဲ့ အကြောင်းရှိတယ်ကွဲ့ ကဲကဲနားထောင်ကြ ဟိုးဟိုး ရှေးရှေးတုန်းက အင်မတန်မှ ကြီးမားပြီး အရိပ်အဝါသကောင်းလှတဲ့ လက်ပံပင်ကြီးတပင်မှာ ရုက္ခစိုးကြီး ဦးထိပ်ပြောင်ဆိုတာ ရှိသတဲ့”
“ထိပ်ကြီးပြောင်နေလို့လား ဟင်ဖိုးဖိုး”
“အေးပေါ့ မိပေါက်ရဲ့”
“ဖိုးဖိုးလိုပေါ့ ဟိ”
“ကဲ ဖိုးလုံး ငြိမ်ငြိမ်နားထောင်ကြစမ်း အဲဒီ လက်ပံပင်ကြီးဟာ ကြီးမားခိုင်ခံ့လှတာကြောင့် ဂဠုန်ငှက်ကြီးတွေဟာ အဲဒီအပင်မှာ လာနားလေ့ရှိကြသတဲ့။ ဒါပေမယ့် ရုက္ခစိုးကြီးဦထိပ်ပြောင်ကတော့ မကြောက်ပါဘူးတဲ့။ အဲဒီ ဂဠုန်ငှက်ကြီးတွေဟာ တစ်ခါတစ်လေမှာ ပင်လယ်ထဲက နဂါးကြီးတွေကိုတောင်ချီလာပြီးတော့ လက်ပံပင်ကြီးပေါ်မှာ တင်ပြီစားလေ့ရှိသတဲ့။ စားပြီးတာနဲ့ အရိုးတွေကို ပစ်ချပြီး ပြန်သွားပါရောတဲ့။ ဒါကို ရုက္ခစိုးကြီးကလဲ အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေလေ့ရှိသတဲ့”


“ကြောက်စရာကြီးနော် ဖိုးဖိုး”
“အေးပေါ့ မိပေါက်ရဲ့ သစ်ပင်ပေါ်တက်မဆော့နဲ့တော့နော် မြေးလေး”
“ဟုတ်”
“သားကတော့ မကြောက်ပါဘူး၊ ရုက္ခစိုးကြီးလိုပဲ အေးဆေးပဲ”
“ကဲ ဖိုးလုံးရေ …. ညီမလေးလို လိမ်မာမှပေါ့ မြေးရဲ့….အေး အဲလိုနဲ့ တစ်နေ့မှာတော့ ဂဠုန်ကြီးတစ်ကောင်ဟာ ပင်လယ်ထဲက နဂါးကြီးကို ဖမ်းမိပြီး လက်ပံပင်ကြီးဆီကို ထုံးစံအတိုင်းချီလာပါရောတဲ့။ အဲဒီမှာ နဂါးကြီးဟာ ဂဠုန်ကြီးရဲ့ခြေသဲကြားမှာ ရုန်းရင်းကန်ရင်းနဲ့ လမ်းက ညောင်ပင်ကြီးတစ်ပင်က ညောင်ကိုင်းကြီးကို အမြီးနဲ့ အတင်းပတ်ထားသတဲ့ကွယ်။ ဒါပေမယ့် ဂဠုန်ကြီးက အားသန်တော့ နောက်ဆုံးမှာ ညောင်ကိုင်းကြီးပါ ပြတ်ပြီးပါလာပါလေရောတဲ့။ အဲလိုနဲ့ပဲ ဂဠုန်ကြီးဟာ လက်ပံပင်ကြီးပေါ်ကိုရောက်လာပြီး နဂါးကြီးကိုတင်ပြီး စားပါလေရောတဲ့။ ရုက္ခစိုးကြီး ဦးထိပ်ပြောင်ကလဲ ထုံးစံအတိုင်း အေးအေးဆေးဆေးပဲ ထိုင်ပြီးကြည့်နေသတဲ့။ စားလဲပြီးရော ဂဠုန်ကြီးက ပျံသွားပါလေရောတဲ့။ အဲဒီအချိန်မှာ ပဲ ဦးထိပ်ပြောင်ကြီး ဟာ နဂါးကြီးပတ်လာတဲ့ ညောင်ကိုင်းကြားထဲမှာ နှံပြည်စုတ်ငှက်လေး ပါလာတာကို သတိထားမိသွားသတဲ့။ နဂါးကြီးတွေ ဂဠုန်ကြီးတွေ ကိုတောင် မကြောက်တဲ့ ရုက္ခစိုးကြီးဟာ နှံပြည်စုတ်လေးကို မြင်တဲ့ အခါမှာတော့ အင်မတန်မှ တုန်လှူပ်ခြောက်ခြား သွားပြီး ဇောချွေးတွေတောင်ပြန်လာ ပါရောတဲ့ကွယ်”
“ဘာဖြစ်လို့လဲ ဟင် ဖိုးဖိုး”
“အေး ဘာဖြစ်လို့လဲဆိုတော့ ရုက္ခစိုးကြီးက ဒီလို စဉ်းစားမိလို့တဲ့။ အဲဒီ နှံပြည်စုတ်လေးဟာ ညောင်သီးကို စားထားတော့  ခဏနေရင် မစင်စွန့်တဲ့အခါမှာ ညောင်စေ့ ပါလာတော့မယ်တဲ့၊ ညောင်စေ့ဟာ လက်ပံပင်ကြီးပေါ်မှာ ကျတဲ့ အခါ မကြာခင်မှာ ညောင်ပင်လေး ပေါက်လာတော့မယ်တဲ့၊ အဲဒီ ညောင်ပင်လေးဟာ တဖြည်းဖြည်းကြီးလာပြီး နောက်ဆုံးမှာ ညောင်ပင်ကြီး အဖြစ်နဲ့ လက်ပံပင်ကြီးကို ဝါးမျိုပြီး လက်ပံပင်ကြီး ပျက်စီးတော့မှာကို မြင်သတဲ့ကွယ်”
“ဟင် ဖိုးဖိုးကလဲ အဲလိုဖြစ်မယ်လို့ ရုက္ခစိုးကြီးက ဘယ်လိုလုပ်သိသလဲ”
“ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောထဲက တခြားအပင်ကြီးတွေမှာ အဲလိုဖြစ်ဘူးတာကို ရုက္ခစိုးကြီး ဦးထိပ်ပြောင်က တွေ့ဘူးထားလို့ပေါ့ ငါ့မြေးရဲ့။ အဲဒီတော့ ဦးထိပ်ပြောင်ဟာ ငှက်ကလေးကို သနားပေမယ့် သူ့ကို လက်ပံပင်ပေါ်ထားလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးပြီး ခေါင်းခြောက်သွားတာပေါ့။”
“ဟင် ဦးထိပ်ပြောင်ကြီးကလဲ အနားက တခြားညောင်ပင်တွေက ရုက္ခစိုးတွေကို ပေးလိုက်တာမဟုတ်ဘူး”
“ဟား ဟား မိပေါက်က စဉ်းစားတတ်သားပဲ သူတို့လက်ခံရင်တော့ ရုက္ခစိုးကြီးက ပေးလိုက်မှာပေါ့ မြေးရဲ့”
 “အိုရှုတ်ပါတယ်၊ ဦးထိပ်ပြောင်ကြီးကလဲ နှံပြည်စုတ်လေးများ သတ်ပစ်လိုက်ပြီးရော”
“ဟဲ့ ဖိုးလုံးရဲ့ အဲလို စိတ်ကြမ်းတွေ မမွေးရဘူးမြေးရဲ့ ….ရုက္ခစိုးဆိုတာ သူတပါးအသက်ကို မသတ်ဘူး၊ ငါ့မြေးတို့လဲ သတ္တဝါငယ်လေးပဲ ဆိုပြီး မသတ်ရဘူး၊ သူတို့မှာလဲ ဒို့လို နာကျင်ခံစားတတ်တယ်ကွဲ့”
“နှံပြည်စုတ်လေးက ပျံမသွားဘူးလားဟင်ဖိုးဖိုး”
“ပျံမသွားလို့ ဦးထိပ်ပြောင်ကြီး ခေါင်းခြောက်နေတာပေါ့ မြေးရဲ့၊ ကဲကဲ မိပေါက်တို့ ဖိုးလုံးတို့  ဖိုးဖိုးပြောချင်တာက ငါ့မြေးတို့လဲ ဘယ်ကိစ္စမဆို သေးတယ်ကြီးတယ်မခွဲခြားပဲ ရုက္ခစိုးကြီးလို အရှည်ကိုတွေးတတ်ရမယ်၊ သတ္တဝါလေးတွေ အပေါ်မှာလည်း သနားတတ်ရမယ်၊ နောက်ပြီး သစ်ပင်ပေါ်လဲ တက်မဆော့ကြနဲ့ ဟုတ်လား ရုက္ခစိုးကြီး မျက်စေ့နောက်နေအုံးမယ်။ ကဲကဲ သွားကြတော့ ဖိုးဖိုး နားလိုက်အုံးမယ်။”

______
ဖိုးဖိုးကွန်း

မုသား ဖေါ်နည်းများ


သူငယ်ချင်းတို့ရေ ရုပ်ရှင်ထဲမှာ လူဆိုးကို ရဲတွေက မုသားဖေါ်စက် (lie detector) သုံးပြီး အမှူစစ်တာမျိုး တွေ့ဖူးကြမှာပါ။ အဲဒီလို စက်မျိုးမလိုပဲ လူတစ်ယောက်လိမ်နေတာကို သိနိုင်မယ့် နည်းတွေရှိရင် မလိုချင်ကြဘူးလား။ ဒီနည်းတွေကို ရဲတွေ စိတ်ပညာရှင်တွေ စုံထောက်တွေ ရှေ့နေတွေ တင်မက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မန်နေဂျာတွေ ပါသုံးတတ်ကြပါတယ်။ ဟဲဟဲ ကြော်ငြာနဲနဲ များသွားပြီ။ တကယ်တော့ ဒီ အချက်တွေတွေ့တိုင်း လိမ်နေပြီလို့ အတိအကျ မဆိုနိုင်ပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ခန့်မှန်းနိုင်မှာပါ။ အဲဒီတော့ သူငယ်ချင်းတို့ အရေးကြီးတဲ့ ကြောင်းအရာတစ်ခုကို တစ်ယောက်ယောက်ကို မေးဖို့လိုလာပြီဆိုရင် မမေးခင် သူ့ရဲ့ ကိုယ်အမူအရာ စကားလုံးသုံးစွဲပုံ တုန့်ပြန်ပုံတွေကို ဂရုတစိုက် အကဲခတ်ဖို့ ပြင်ဆင်ထားပါ။ ပြီးရင်တော့ သူ့ရဲ့ဖြေဆိုပုံနဲ့ အောက်ပါ အချက်တွေကို တိုက်ဆိုင် စစ်ဆေးကြည့် လိုက်ရင် အနီးစပ်ဆုံးခန့်မှန်းနိုင်မှာပါ။

(၁) ခန္ဓာကို အမူအရာ
-       စိတ်ဖိစီးမူ မရှိတဲ့လူတစ်ယောက်ဟာ စကားပြောနေချိန်မှာ မိမိကိုယ်ကိုသက်သောင့်သက်သာ ဆန့်ပြီးနေလေ့ရှိပေမယ့်၊ လိမ်လည်ပြောဆိုမယ့် လူဟာ ကိုယ်ခန္ဓာကို နေရာကျဉ်းကျဉ်းပဲ ယူထားတတ်ပါတယ်။ လိမ်မပြောခင် လက် နဲ့ခြေတွေကို အပြင်ကို ဆန့်လေ့မရှိပဲ ကိုယ်ဘက်ကိုပဲ ကပ်လေ့ ရှိတယ်။
-       လိမ်မယ့်သူဟာ မျက်စေ့ချင်းမဆုံမိအောင်နေလေ့ရှိတယ်။ (ဒါပေမယ့် ဒါဟာ ငယ်ရွယ်သူတွေမှာပဲ မှန်တတ်ပါတယ်။ အတွေ့အကြုံ ရင့်ကျက်သူတွေ ကတော့ မျက်စေ့ချင်း ဆုံအောင် လုပ်ခြင်းအားဖြင့် တဖက်လူရဲ့ ယုံကြည်မှူကို ယူရန်ကြိုးစားတတ်ပြန် ပါတယ်။)
-       သူ့ရဲ့ လက်ဟာ မျက်နှာ၊ ပါးစပ်၊ လည်ပင်းတို့ကို  ထိလိုက်တတ်တယ်။ ဒါမှမဟုတ် နှာခေါင်း၊ နားရွက်နောက်ပိုင်းတို့ကို ကုတ်လေ့ရှိတယ်။ များသောအားဖြင့် လိမ်မယ့်သူဟာ မသိစိတ်ကနေ သူ့ပါးစပ်ကို လက်နဲ့ကွယ်ဖို့ကြိုးစားတတ်တယ်။
-       စကားပြောသူဟာ သူ့မှာ လိမ်လည်ဖုံးကွယ်စရာမရှိတဲ့အခါမှာ နားထောင်သူဖက်ကို ကိုယ်ကိုကိုင်းညွှတ်ဖို့ ဝန်မလေးပေမယ့် လိမ်လည်မယ့် အခါမှာတော့ နောက်ကို ယိုင်ထား လိုတယ်။ (ဒါပေမယ့် ဒါဟာ တဖက်လူကို မနှစ်သက်ခြင်း၊ အကြောင်းအရာကို စိတ်ဝင်စားမှူနဲခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။)
-       စကားပြောရင် လက်ဟန်ခြေဟန်နဲ့ပြောလေ့ရှိသူတွေဟာ လိမ်ပြောနေတဲ့အခါမှာ လက်လှူပ်ရှားမှူ နဲသွားတတ်ပြီး တစ်ခါတစ်လေ လုံးဝရပ်သွားတတ်ပါတယ်။
-       စိတ်လှူပ်ရှားနေသူ မှာ တံတွေးဂလင်းတွေ အလုပ်မလုပ်ဘဲ လည်ချောင်းနဲ့ အာခြောက်လာပြီး တံတွေး မျိုခြင်း၊ ချောင်းဟပ်ခြင်းတို့ မကြာခဏလုပ်လေ့ရှိပါတယ်။ ဒါဆိုရင်တော့ ကြောက်နေတာ သို့မဟုတ် လိမ်ပြောနေတာ ဖြစ်နိုင်ပါတယ်။



(၂) ခံစားချက်ကိုဖေါ်ပြခြင်း
-       ပြောလိုက်တဲ့ စကားလုံးနဲ့ ဖေါ်ပြတဲ့ ခံစားချက်အမူအရာဟာ အချိန်မကိုက်တတ်ဖူး
ဥပမာ။ ကိုယ်မကြိုက်တဲ့ ပစ္စည်းတခုကို လက်ဆောင်ရရှိတဲ့အခါ ယဉ်ကျေးမှူအရ “ဟာ ကောင်းလိုက်တာ”လို့ ပြောပြီးမှ ပြုံးလိုက်တတ်တယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းဆိုရင်တော့ တစ်ခါထဲပြုံးရင်းပြောလေ့ရှိပါတယ်။
-       ခံစားချက်ကို ဖေါ်ပြတဲ့ အမူအရာဟာ စကားလုံးထက် နောက်ကျယုံမက သာမန်ထက်ကြာကြာ ပိုဖေါ်ပြပြီး မှ ရုတ်တရက် ရပ်လိုက်တတ်တယ်။
-       တစ်ခါတစ်ရံ စကားလုံးနဲ့ အမူအရာနဲ့ မကိုက်တတ်ဘူး
ဥပမာ။ “ငါမင်းကိုချစ်ပါတယ်” လို့ပြောပြီး မျက်ခုံးရှုံ့လိုက်တာမျိုး
-       ပျော်ရွှင်ခြင်း ဝမ်းနဲခြင်း အံ့သြခြင်းတို့ကို ဖေါ်ပြတဲ့ အခါ မျိုးမှာ လိမ်လည်တဲ့သူဟာ ပါးစပ်တဝိုက် မှာသာ လှူပ်ရှားလေ့ရှိတယ်။ တကယ့် ခံစားချက်နဲ့ ပြုံးရီတဲ့အခါမှာတော့ ပါးစပ်တွန့်ကွေးရုံတင်မက မျက်နှာရဲ့ တစ်ခြားကြွက်သားများပါ လှူပ်ရှားမှူ့ကြောင့် မျက်စေ့ပေါက်မှေးသွားခြင်း မေးရိုးနဲ့ပါး လှူပ်ရှားခြင်း နှဖူးအောက်ဖက်ကိုတွန့်ရှုံ့သွားခြင်းတို့ ဖြစ်စေပါတယ်။

(၃) တုံ့ပြန်မှူ
-       စွပ်စွဲခံရတဲ့အခါ အပြစ်ရှိတဲ့ သူဟာ စကားလုံး အမူအရာ အားဖြင့် ခုခံပြောဆိုဖို့ အားသန်ပြီး၊ အပြစ်မဲ့သူဟာ ဒေါသနဲ့ ပြန်လည် တိုက်ခိုက်ဖို့ အားသန်တယ်။ (ဒါပေမယ့် အပြစ်မဲ့သူဟာ စွပ်စွဲခံရလို့ ရှက်ရွံ့သွား ကြောက်သွားတဲ့အခါမှာလည်း အတင်းငြင်းဆန် တတ်တာကို သတိထားရပါမယ်။)
-       လိမ်လည်တဲ့သူဟာ မေးခွန်းထုတ်တဲ့ သူနဲ့ မျက်နှာခြင်းဆိုင်နေလိုစိတ်မရှိပဲ ဦးခေါင်း သို့မဟုတ် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလှည့်ထားတတ်တယ်။
-       အမှူ့မဲ့ အမှတ်မဲ့နဲ့ မေးသူနဲ့ သူ့ရဲ့ကြားမှာ ပစ္စည်းတစ်ခုခု (စာအုပ်၊ လက်ဖက်ရည်ပန်းကန် စသည်) ကို ချထားတတ်တယ်။
-       Yes/no မေးခွန်းတွေကို လိမ်ဖြေတဲ့အခါ မဖြေခင် ခေါင်းညိတ်၊ ခေါင်းခါပြဖို့ တွန့်ဆုတ်နေတတ်ပြီး တစ်ခါတစ်ရံ အဖြေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတတ်တယ်။

(၄) စကားလုံးသုံးစွဲပုံ
-       လိမ်လည်ချင်သူဟာ မေးခွန်းကို တိုက်ရိုက်မဖြေပဲ မလုံမလဲပြုံးပြီး ဝေ့ဝိုက်ဖြေလေ့ရှိတယ်။
ဥပမာ။ “အံစွဲထဲက ပိုက်ဆံ ရှင်ယူသုံးလိုက်သလား” လို့မေးရင် “မင်း အံစွဲထဲထားတာရော ဟုတ်လို့လားကွာ” လို့ ဖြေတာမျိုး
-       ဟာသလုပ်ပစ်ခြင်း ထေ့လုံးငေါ့လုံးများ သုံးခြင်းတို့နဲ့လဲ မေးသူကို အာရုံလွှဲတတ်တယ်။
-       မေးသူကို စွဲဆောင်နိုင်ရန် လိမ်လည်သူဟာ မလိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ထည့်ပြီး စကားကို ရှည်ရှည်ဝေးဝေး ပြောလေ့ရှိတယ်။ စကားဝိုင်း အသံတိတ် ရပ်တန့်သွားပြီး မေးသူ စဉ်းစား ဆင်ခြင်ခွင့် ရသွားမှာ မလိုလားဘူး။
-       လိမ်လည်သူဟာ သာမန်ထက် အသံတိုးပြီး ဗလုံးဗထွေးနဲ့လဲ ပြောလေ့ရှိတယ်။
-       တစ်ခါတစ်လေ မလိုအပ်ပဲ မေးသူရဲ့မေးခွန်း အတိုင်း အတိအကျ ပြန်ကောက်လေ့ရှိတယ်။
ဥပမာ။ “ဟေ့ကောင် မင်း ညနေက လက်ဘက်ရည်ဆိုင်သွားတာလား ကျူရှင်သွားတာလား” လို့မေးရင် ကျူရှင်သွားတဲ့သူက “ကျူရှင်သွားတာ” လို့ဖြေပြီး လက်ဘက်ရည်ဆိုင် သွားတဲ့သူက “ကျွန်တော် လက်ဘက်ရည်ဆိုင်မသွားဘူး ကျူရှင်သွားတာ” လို့လိမ်တတ်ပါတယ်။

Googling လုပ်ပြီး မှတ်စုထုတ်ထားတာတွေပါ။ အရေးကြီးတာပြောပါအုံးမယ်။ ဒီအချက် တစ်ခုနှစ်ခုလောက်နဲ့ တိုက်ဆိုင်ယုံနဲ့ သူတပါးကို လူလိမ်လို့ သွား စွပ်စွဲရင်တော့ အဆင်အခြင် နည်းရာ ကျပါလိမ့်မယ် ခင်ဗျာ။ တကယ်တော့ ဒါတွေဟာ လိမ်လည်သူတွေပြုလေ့ရှိတဲ့ အပြုအမူတွေကို လေ့လာ စာရင်းပြုစုထားတာ ဖြစ်တာကြောင့် ဒီအချက်တွေ တော်တော်များများနဲ့ကိုက်ညီရင် လိမ်နေတာ ဖြစ်ဖို့ အခွင့်အလမ်းများတယ်ဆိုတာ လောက်ပဲ ခန့်မှန်းနိုင်မှာပါ။ ဒါဆိုရင် ကိုယ်ဘက်က သတိထားနိုင်တာပေါ့။ အဲဒီလောက်ပဲ အသုံးချသင့်ပါတယ်။

(၅) မျက်လုံး ရွေ့လျားပုံ
ကိုယ်နဲ့စကားပြောနေသူတစ်ယောက်ရဲ့မျက်လုံးရွေ့လျားပုံဟာလည်း သူ့စိတ်အခြေအနေကို ဖေါ်ပြနေပါတယ်။ ဥပမာ ကိုယ်မေးလိုက်တဲ့မေးခွန်းကို ဖြေတဲ့အခါ သူရဲ့မျက်လုံးဟာ ဘယ်ဘက် အပေါ်ကိုရွေ့လား ဘေးကိုရွေ့လား အောက်ဘက်ကိုရွေ့လား နောက်ပြီး ညာဘက် အပေါ်ကိုရွေ့လား ဘေးကိုရွေ့လား အောက်ဘက်ကိုရွေ့လား ဆိုတာကိုကြည့်ပြီး သူ့စိတ်ကို မှန်းဆနိုင်ပါတယ်။  

-       ဖြေသူရဲ့ ဘယ်ဘက်အပေါ်(မေးသူရဲ့ညာဘက်အပေါ်)
ပုံရိပ် ကို ပြန်လည် အမှတ်ရခြင်း။ ဥပမာ “မင်းမနေ့က ဘာဝတ်လဲ”လို့မေးရင် သူ့မျက်လုံးဟာ ဘယ်ဘက်အပေါ်ကို ဖြတ်ကနဲ ကြည့်လိုက်ပြီး ပြန် စဉ်းစားယူပါလိမ့်မယ်။

-       ဖြေသူရဲ့ညာဘက်အပေါ် (မေးသူရဲ့ဘယ်ဘက်အပေါ်)
ပုံရိပ်ကိုတည်ဆောက်ယူခြင်း။ ဥပမာ “မင်း ခြင်္သေ့ အပြာရောင်ကို မြင်ကြည့်လိုက်စမ်း” လို့ပြောရင် သူ့မျက်လုံးတွေဟာ ညာဘက်အပေါ်ကို ကြည့်ရင်း စိတ်ထဲမှာ ပုံဖေါ်ပါလိမ့်မယ်။

-       ဖြေသူရဲ့ဘယ်ဘက်ဘေး (မေးသူရဲ့ညာဘက်ဘေး)
အသံကို ပြန်လည်အမှတ်ရခြင်း။ ဥပမာ “မင်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကို စိတ်ထဲမှာ ဆိုကြည့်ပါ” လို့ခိုင်းရင် သူ့ဘယ်ဘက်ကိုကြည့် ပါလိမ့်မယ်။

-       ဖြေသူရဲ့ညာဘက်ဘေး (မေးသူရဲ့ ဘယ်ဘက်ဘေး)
အသံကို ကြားရောင်ယူခြင်း။ ဥပမာ “မင်း ငှက်ဆိုးထိုးသံကို ကြားရောင်ကြည့်လိုက်စမ်း” လို့ပြောရင် သူ့ညာဘက်ကိုကြည့်ရင်း ငှက်ဆိုး ဘယ်လိုထိုးမလဲလို့တွေးပါလိမ့်မယ်။

-       ဖြေသူရဲ့ ဘယ်ဘက်အောက် (မေးသူရဲ့ ညာဘက်အောက်)
လူတွေဟာ ကိုယ့်ဟာကို စကားပြောရင် ဘယ်ဘက်အောက်ကို ကြည့်လေ့ရှိပါတယ်။

-       ဖြေသူရဲ့ ညာဘက်အောက် (မေးသူရဲ့ ဘယ်ဘက်အောက်)
အထိအတွေ့ အနံ့ အရသာတို့ကို ပြန်လည် တွေးတောခြင်း။ ဥပမာ “မင်းသဲပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျောက်ဖူးလား” လို့မေးရင် ညာဘက်အောက်ကို ကြည့်ရင်း ခြေဖဝါးနဲ့သဲရဲ့ အထိအတွေ့လေးကို ပြန် အမှတ်ရပါလိမ့်မယ်။

ကဲဒါတွေသိတော့ ဘယ်လို အလိမ်ဖေါ်နိုင်မှာလဲ လို့မေးရင် ဥပမာ သကြားလုံးခိုးစားနေတဲ့ ကလေးတစ်ယောက်ကို “မင်း မေမေက စားလို့ရတယ်လို့ ပြောလို့လား” လို့မေးရင် ကလေးက သူ့အမေရဲ့ ခွင့်ပြုသံကို စိတ်ထဲမှာ ပုံဖေါ်ကြားရောင်ပြီး “ဟုတ်ကဲ့ ပြောတယ်” လို့ဖြေပါလိမ့်မယ်။ ဥပမာ “ငါမနေ့ညက နိုက်ကလပ်သွားခဲ့တာကွ” လို့မဟုတ်ဘဲကြွားပြောတဲ့သူငယ်ချင်းကို “မင်း ဝင်ကခဲ့သေးလား” လို့မေးရင် မီးရောင်စုံတွေနဲ့ ကပွဲ ခန်းမကြီးကိုစိတ်ကူးကြည့်ပြီး “အေး” လို့ပြောပါလိမ့်မယ်။ ဒါဆိုသူတို့ ဘယ်နေရာကိုကြည့်ရင်း မရှိတဲ့ အာရုံတွေကို ဖန်တီးမလဲ ဆိုတာ သူငယ်ချင်းတို့ခန့်မှန်းနိုင်ပါပြီ။ အကြမ်းဖြင်းအားဖြင့်တော့ ညာသန်တွေဟာ သူ့ရဲ့ညာဘက်ကို ဖြတ်ကနဲ စိုက်ကြည့်ရင်း ပြောလိုက်တဲ့အခါမှာ တကယ့် အတွေ့အကြုံကို ပြန်စဉ်းစားနေတာထက် စိတ်ကူးဖန်တီးနေတာ ဖြစ်ဖို့များပါတယ်တဲ့။ ဘယ်လောက်မှန်သလဲ ဆိုတာတော့ သူငယ်ချင်းတို့ စမ်းကြည့်ကြပေါ့။ တော်ကြာ ဖန်တီးနေတာမဟုတ်ဘဲ ကောင်မလေး လှလှမြင်လို့ လှမ်းငမ်းလိုက်တာလဲ ဖြစ်နေအုံးမယ် ဟားဟား။ ဘယ်သန်တွေအတွက် ဆိုရင်တော့ အပေါ်ကဖေါ်ပြထားတဲ့ဘက်တွေကို ပြောင်းပြန်ယူရပါမယ်။

(၆) အလိမ်ဖေါ်နည်းများ
နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ အလိမ်ဖေါ်နည်း သုံးနည်းပါ။ ပထမ နှစ်နည်းက တကယ် အသုံးတဲ့ပါတယ်။ ရာခိုင်နုန်းတော်တော်များများ မှန်တာကိုတွေ့ရ ပါလိမ့်မယ်။ တတိယ နည်းကတော့ အမူစစ်တဲ့စုံထောက်တွေ သုံးလေ့ရှိပြီး သာမန်အခြေအနေမှာ သိပ်သုံးလို့ အဆင်မပြေပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို တစ်ယောက်ယောက်က လိမ်ပြောနေပြီလို့ သံသယဝင်နေပြီဆိုရင်တော့ အောက်ပါနည်းသုံးနည်းကို သုံးကြည့်ပါ။

(၆.၁) ခေါင်းစဉ်ပြောင်းနည်း
သင့်ကို သူလိမ်နေပြီ လိ့ုထင်နေရင် လက်ရှိပြောနေတဲ့ အကြောင်းအရာကနေ ရုတ်တရက် တခြား အကြောင်းအရာတစ်ခုကို ပြောင်းပြောလိုက်ပါ။ အဲဒီ အချိန်မှာ သူ့ရဲ့ မျက်နှာအရိပ်အကဲကို ဂရုစိုက်ကြည့်ပြီး ပထမဆုံး ပေါ်တဲ့ အမူအရာကို စမ်းစစ်ကြည့်ပါ။ တကယ်လို့သူ လိမ်နေခဲ့တာဆိုရင် ပိုပြီးစိတ်ပေါ့ပါးသွားတဲ့ဟန်နဲ့ ခေါင်းစဉ်အသစ်နောက်ကို အလွယ်တကူ လိုက်လာပါလိမ့်မယ်။ အမှန်အတိုင်း ပြောနေခဲ့သူဆိုရင်တော့ စိတ်ရှုတ်ထွေးသွားတဲ့ အမူအရာနဲ့ အတူ မူလအကြောင်းအရာကို ပြန်သွားဖို့ ကြိုးစားပါလိမ့်မယ်။

(၆.၂) ရောလိမ်နည်း
          သင့်ကို သူက သံသယဝင်စရာ ဇတ်လမ်းတစ်ပုဒ် လာရွတ်ပြနေပြီ ဆိုရင်၊ သူ့ဇာတ်လမ်း ထဲက အတိုင်း သူတကယ်မပါဝင်ပဲနဲ့ မသိနိုင်မဲ့ အသေးစိတ် အချက်အလက်တစ်ခုကို လုပ်ကြံပြီး ခင်းပေးလိုက်။ အဲဒီလမ်းအတိုင်း သူဆက်လျှောက်ရင် မိပြီ။ ဥပမာ သင့် ကောင်မလေးက မနေ့က သူ့သူငယ်ချင်းမလေး ဝတ်မှူံ နေမကောင်းလို့ သတင်းသွားမေးနေလို့ ချိန်းထားတဲ့ဆီ မလာဖြစ်တာပါလို့ ဆိုလာရင်၊ သင်ကလဲ “ဟာ ဟုတ်လား မနေ့ကမနက်က ဝတ်မှူံတို့ဘေးအိမ်မှာ မီးလန့်တာ ကြားလိုက်သေးတယ်။ တော်သေးတာပေါ့ တခြားအိမ်တွေမကူးလို့။ ဝတ်မှူံတော့ တော်တော်လန့်သွားမှာပဲ။ သနားပါတယ်” လို့ ခင်းပေးလိုက်။ ကောင်မလေးကလဲ “အင်း ဟုတ်တယ် သူ့ခမျာ လန့်ပြီး အဖျားတောင် ပိုတက်သွားတယ်” ဆိုလို့ကတော့ ဝမ်းနည်းပါတယ် သူငယ်ချင်းရေ ဘီယာနဲ့သာ ဖြေပါတော့။ အဲ ကောင်မလေးက မျက်ခုံးလေး ရှုံပြီး “ဟင်ဘယ်မှာ မီးလောင်တာလဲ မကြားမိပါဘူး” ဆိုရင်တော့ ဟဲဟဲ အမှန် အကန်လေးပေါ့။

(၆.၃) နောက်ပြန်ပြောခိုင်းနည်း
          ဒါကတော့ ကျွန်တော် စောစောက ပြောခဲ့သလို ရဲတွေ အလီဘိုင်စစ်တဲ့နည်းပေါ့။ သင်သံသယ ရှိတဲ့သူကို သူရဲ့ဇာတ်လမ်းကို ဆုံးအောင်ပြောပါစေ။ အဲဒီအချိန်မှာ သင်က အဖြစ်အပျက်တွေရဲ့ အစီအစဉ်ကို သေသေချာချာလိုက်မှတ်ထားပါ။ နောက်ဆုံး ပြီသွားတဲ့အခါမှာ အဲဒီဇာတ်လမ်းကို နောက်တစ်ခေါက်ပြန်ပြောခိုင်းပါ။ ဒါပေမယ့် နောက်ဆုံးကနေ နောက်ပြန် အစဉ်အတိုင်းပြန်ပြောပါစေ။ သူက မကြည်ဖြူတဲ့ပုံနဲ့ ငြင်းချင်ငြင်းပါလိမ့်မယ်။ သင်က ရအောင်စွဲဆောင်ပြီး ချက်ချင်းပြန်ပြောခိုင်းပါ။ အဲဒီအခါမှာ သင်က အကြောင်းအရာရဲ့ရှေ့နောက်မညီမူ အချိန်အစီအစဉ်မကျမူတို့ကို ဂရုစိုက်ဖမ်းရပါမယ်။ လိမ်ပြောတဲ့သူဟာ အင်မတန်မှ မှတ်ဉာဏ်ကောင်းသူသာ မဟုတ်ခဲ့ရင်တော့ သူ့ဇာတ်လမ်းကို ရှေ့နောက်ညီအောင် အစီအစဉ်တကျပြန်ပြောနိုင်မှာမဟုတ်ပါဘူး။ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နောက်ပြန် အစီအစဉ်ကျအောင်ပြန်ပြောဖို့ ဆိုတာ တော်တော်ခက်ပါတယ်။

          နောက်ဆုံး အနေနဲ့ပြောလိုတာကတော့ ဒီအကြောင်းအရာတွေဟာ ဗဟုသုတအဖြစ် လေ့လာထားဖို့နဲ့ အကြောင်းတိုက်ဆိုင်လာမှသာလျှင် ကိုယ့်ရဲ့ဆင်ခြင်ဉာဏ်အတွေ့အကြုံတို့နဲ့ ယှဉ်ပြီး သုံးဖို့ပါ။ ပတ်ဝန်းကျက်က လူတွေကို အချိန်တိုင်း ဒီအချက်တွေနဲ့ လိုက်စစ်နေရင် လူမူရေးမှာ ထိခိုက်နိုင်သလို ကိုယ့်စိတ်ကိုလည်း သံသယတွေနဲ့ ငြင်းဆဲရာရောက်ပါတယ်။ တန်ဆေးလွန်ဘေး ပေါ့ခင်ဗျာ။
______
ကွန်းဇော်

ငရဲ၏ အပူချိန်


အလုပ်မရှိကြောင်ရေချိုးဆိုသလိုပဲ ဒီနေ့ နဲနဲ အားနေတာနဲ့ ပေါက်ကရတွေးမိတာလေးရေးထားတာပါ။ သူငယ်ချင်းတို့လည်း အပြင်းပြေလေး ဖတ်ကြည့်ကြပါခင်ဗျာ။
မေးခွန်း။               ငရဲ၏ အပူချိန်သည် တိုးလာသလား လျှော့သွားသလား။ ယုတ္တိဗေဒနည်းအားဖြင့်သက်သေပြပါ။
အဖြေ။
ပေးထားချက် (၁)        ဘာသာတိုင်းတွင်ငရဲ ရှိသည်။
ပေးထားချက် (၂)        ဘာသာတခုကို ယုံကြည်သောသူသည် အခြားဘာသာအနေဖြင့်ကြည့်လျှင် မိစ္ဆာ ဒိဋ္ဌိဖြစ်၏။
ပေးထားချက်(၂-က)     ဘာသာမဲ့သည်လည်း အခြားဘာသာများမှကြည့်လျှင် မိစ္ဆာ ဒိဋ္ဌိဖြစ်၏။
ပေးထားချက် (၃)        မိစ္ဆာဒိဋ္ဌိသည် ငရဲကျမည်။
ထို့ကြောင့် ပေးထားချက် (၁) (၂) နှင့် (၃) တို့ အရ
ကောက်ချက် (၁)     လူတိုင်း ငရဲကျမည်

ပေးထားချက် (၄)        ကမ္ဘာ့ လူဦးရေသည် အမြဲတိုးလာနေသည်။
ထို့ကြောင့် ပေးထားချက် (၄) နှင့် ကောက်ချက် (၁) တို့ အရ
ကောက်ချက် (၂)     ငရဲ ၏ ဒြပ်ထုသည် အမြဲတိုးလာနေသည်။

ပေးထားချက် (၅)        ငရဲ ၏ အရွယ်အစားသည် ပြောင်းလဲနေသည်ဟု ဘယ်ဘာသာကမျှ မဆို။ ထို့ကြောင့်
                             ငရဲ၏ အရွယ်အစားသည် ကိန်းသေဖြစ်၏။
ထို့ကြောင့် ပေးထားချက် (၅)နှင့် ကောက်ချက် (၂) တို့ အရ
ကောက်ချက် (၃)     ငရဲတွင်းဖိအားသည် အမြဲတိုးလာနေသည်။

ပေးထားချက် (၆)        ဘွိုလ်းနှင့် ချားလ်စ် တို့၏ နိယာမ များအရ ထုထည် ကိန်းသေရှိသော အခြေအနေတွင် ဖိအားသည် အပူချိန်နှင့် တိုက်ရိုက် အချိုးကျ၏။
ထို့ကြောင့် ပေးထားချက် (၆) နှင့် ကောက်ချက် (၃)တို့အရ
သက်သေပြချက်။      ငရဲ၏ အပူချိန်သည် တိုးလာနေပါသည်။

_______
ကွန်းဇော်

Thursday 9 August 2012

ဖတ်ဖူး ကြားဖူး ဟာသများ (၃)


မုဆိုးပညာ
တခါက မုဆိုး ကြီး တစ်ယောက်ဟာ သူ့သားလေးကို တောလည်ခေါ်ရင်း မုဆိုးပညာသင်ပေးနေသတဲ့။ တစ်နေရာရောက်တော့ မုဆိုးပေါက်စလေးဟာ ဆိတ်ချီးလုံးလေးတွေတွေ့သတဲ့။
“အဖေ အဲဒါဘာလဲ”
“ဒါလား အဲဒါ မအဆေးလို့ခေါ်တယ် သူ့ကိုစားလိုက်ရင် မအတော့ဘူး”
မုဆိုးလေးက ကောက်စားကြည့်ပြီး
“ထွီး ဒါချီးတွေမဟုတ်လား အဖေ”
“ဟော တွေ့လား မင်းမအတော့ဘူး”

စကားပရိယာယ်
တပ်ကြပ်ကြီး ဘမောင်ဟာ စစ်တိုက်ရာမှာ တော်သလောက် စကား အပြောအဆိုမှာတော့ အတော် ညံ့သတဲ့။ တစ်နေ့ ရဲဘော်အောင်ဘု ကို ရုံးခန်းထဲခေါ်ပြီး ပြောသတဲ့။
“အောင်ဘု မင်း အဘွားဆုံးပြီ”
အောင်ဘု ခင်မျာ အရုပ်ကြိုးပြတ်ဖြစ်သွား သတဲ့။ အဲဒါနဲ့ တပ်ရင်းမှူးက တပ်ကြပ်ကြီးဘမောင်ကိုခေါ်ပြီး
“ကိုဘမောင် ခင်ဗျားစကားကို အဲလိုဒဲ့ကြီး မပြောရဘူး ဒီကိစ္စမျိုးက ပရိယာယ်နဲ့ ညင်ညင်သာသာ ပြောရတယ်၊ ဒါမှ ကြားရတဲ့သူ နဲနဲ သက်သာမှာပေါ့၊ ရော့ဒီစာအုပ်တွေဖတ်ကြည့်ပြီး သင်ယူ” ဆိုပြီး စာအုပ်တချို့ ပေးလိုက်သတဲ့။ အဲလိုနဲ့ တစ်လလောက် အကြာမှာ ရဲဘော်မောင်လှ အဘိုးဆုံးပြန်သတဲ့။ တပ်ကြပ်ကြီး ဘမောင်လဲ တပ်သားတွေအကုန်ထွက် တန်းစီခိုင်းတဲ့ပြီး
“ကဲ အဘိုးရှိသေးတဲ့ ကောင်တွေ အရှေ့ထွက်ရပ်…..နေ နေ မောင်လှ မင်း မပါဘူး”

ပညာရှင်
တခါကလူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း စိတ္တဇဆေးရုံတစ်ခုနား အရောက်မှာ အရေးကြီးအစည်းအဝေး တစ်ခုရှိတာကို သတိရမိသတဲ့။ လက်ကနာရီကိုကြည့်လိုက်တော့ နာရီကလဲရပ်နေသတဲ့။ အဲဒါနဲ့ ခြံထဲမှာရပ်နေတဲ့ လူတစ်ယောက်ကို အချိန်လှမ်းမေးလိုက်သတဲ့။
အဲဒီလူက အနားက ဒုတ်တစ်ချောင်းကို အမြန်ကောက် မြေကြီးပေါ်မှာ စိုက်ပြီး အိပ်ထဲက ရေချိန်ကြိရိယာကိုထုတ်တိုင်း၊ နောက် သံလိုက်အိမ်မြှောင်ကိုထုတ်ပြီး ဒုတ်ချောင်းပတ်လည်မှာ အရပ်မျက်နှာကိုမှတ်၊ သံပေတံတစ်ချောင်းနဲ့ စက်ဝိုင်းခြမ်းတစ်ခုကိုထုတ်ပြီး ဒုတ်ရဲ့အရှည်၊ အရိပ်ရဲ့အရှည် နဲ့ ဒီဂရီကို အမြန်တိုင်းလိုက်ပြီး မြေကြီးပေါ်မှာ အမြန်ခြစ်ပြီးတွက်လိုက်သတဲ့။ နောက် ချက်ချင်းပဲ ခုလိုအဖြေပေးလိုက်သတဲ့
“ဒီနေ့ဟာ မတ်လ ၁၀ရက်နေ့ဆိုရင်တော့ အခု မွန်းလွဲ ၃နာရီ ၂၉မိနစ်ရှိပါပြီ”
          ရုတ်တရက် အချိန်မေးလိုက်တဲ့လူဟာ အံ့အားသင့်သွားပြီး
“ဟား ခင်ဗျားလိုတော်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ဒီထဲရောက်နေပါလိမ့်ဗျာ၊ ဒါနဲ့နေပါအုံး မိုးအုံ့နေလို့ နေမထွက်ရင် ခင်ဗျား အချိန်ဘယ်လိုတွက်မလဲ”
“အဲဒါဆိုရင်တော့ ကျွန်တော် ဟောဒီလို လက်ကနာရီကိုပဲကြည့်လိုက်တယ်”

သင်္ချာ
ဆရာကြီး။       သားကို ဆရာကယုန်လေး ၂ ကောင်ပေးမယ် နောက်ထပ် ၂ကောင်ပေးမယ် နောက်ထပ် ၂ကောင်ထပ်ပေးမယ်ဆိုသားမှာ ယုန်လေး ဘယ်နှစ်ကောင်ရှိမလဲ။
ဂျော်နီလေး။     ၇ ကောင်ပါ ဆရာကြီး။
ဆရာကြီး။       မဟုတ်ဘူးလေသားရဲ့။ သေချာနားထောင်နော် ဥပမာ သားကို ဆရာကဟောဒီခဲတံ ၂ ချောင်းပေးမယ် နောက်ထပ် ၂ချောင်းပေးမယ် နောက်ထပ် ၂ချောင်း ထပ်ပေးမယ်ဆိုသားမှာ ခဲတံ ဘယ်နှစ်ချောင်း ရှိမလဲ။
ဂျော်နီလေး။     ၆ ချောင်းပါ ဆရာကြီး။
ဆရာကြီး။       အေးဟုတ်ပြီ။ ဒါဆို သားကို ဆရာကယုန်လေး ၂ ကောင်ပေးမယ် နောက်ထပ် ၂ကောင်ပေးမယ် နောက်ထပ် ၂ကောင်ထပ်ပေးမယ်ဆိုရင်ရော သားမှာ ယုန်လေး ဘယ်နှစ်ကောင်ရှိမလဲ။
ဂျော်နီလေး။     ၇ ကောင်ပါဆရာကြီး။
ဆရာကြီး။       အင်… ဒီသောက်သုံးမကြတဲ့ နောက်တစ်ကောင်က ဘယ်က ရောက်ရောက်လာတာလဲ။
ဂျော်နီလေး။     မနေ့က ဖေဖေ ဝယ်လာ ပေးတာ။

ယဉ်ကျေးမှူ
ဂျော်နီလေး။     ဆရာမ သားသားအီးသွားပါချင်လို့။
ဆရာမ။          ဂျော်နီ အဲလိုပြောတာမယဉ်ကျေးဘူး ကွ့ဲ။ သန့်စင်ခန်း သွားချင်တယ်လို့ပြောရတယ်။ ပြန်ပြော ကြည့်စမ်း။
ဂျော်နီလေး။     ဟုတ်ကဲ့။ ဆရာမ သားသား သန့်စင်ခန်းသွားပြီး အီးသွားပါချင်လို့။
ဆရာမ။          ကြွကြွ ကောင်စုတ်လေး။

______
ကွန်းဇော်

Monday 6 August 2012

နောက်ဆုံးစာမျက်နှာ (၃)

          ညနေကျောင်းဆင်းတော့ ကျွန်တော်တို့ အတန်းသူအတန်းသားတချို့ကို အတန်းခေါင်းဆောင်က ဦးဆောင်ပြီး ဆေးရုံကို လူနာမေးသွားကြပါတယ်။ ဆရာမက ICU ထဲမှာပဲမို့ ကျွန်တော်တို့ တွေ့ခွင့်တော့မရပါဘူး။ ဆရာမအဖေကပဲ လူနာလာမေးတဲ့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ဆရာမတစ်ယောက်ထဲ မောင်းလာရင်းနဲ့ ရုတ်တရက်လမ်းဘေးကို ထိုးဆင်းသွားပြီး သစ်ပင်ကိုဝင်ဆောင့်မိတာတဲ့။ ဆေးရုံကိုလိုက်ပို့ပေးတဲ့ သူကတော့ ပြန်သွားပါပြီ။ သူနောက်ကမောင်းလာရင်း အဖြစ်ပျက်ကို တွေ့လိုက်တာနဲ့ ဆင်းကြည့်တော့ ဆရာမက ကားပေါ်မှာ သတိလစ်နေပြီ။ အဲဒါနဲ့ သူ့ကားနဲ့ပဲ ဆေးရုံပို့ပေးရင်း ဆရာမ ဟန်းဖုန်းကို ကြည့်ပြီး အိမ်ကိုခေါ်ပေးခဲ့တာတဲ့။ ကျွန်တော်တို့လည်း ခဏပဲနေပြီး ပြန်လာခဲ့လိုက်ပါတယ်။

“ဆရာမသနားပါတယ်နော်”
“အေးလေကွာ ခုထိသတိမရသေးဘူး၊ လင်းအောင် မင်း တကယ်ဆက် လုပ်ချင်သေးလို့လား၊ ငါ့စိတ်ထဲမှာ ငါ ငါတို့ အပြစ်….”
“တော်စမ်းပါကွာ၊ မဆိုင်တာကို မင်းကလဲ၊ အခုဟာက ဗေဒင်မေးလိုက်လို့ တို့က ကြိုသိမိ တဲ့သဘောမျိုး ဖြစ်သွားတာဟာကို”
“အေးလေ အဲလိုပဲဖြစ်မှာပါ၊ ငါစိုးရိမ်တာက သူကဆရာမကိုသွားပြီး…..”
“ဟေ့ရောင် တော်တော်၊ မဆိုင်တာကို မင်းခေါင်းထဲကထုတ်ထားလိုက်၊ ငါပြောမယ် ငါလည်းစိတ်မကောင်းဖြစ်ရတာပဲ၊ ဒီနေ့ငါတို့ နားလိုက်ကြမယ်ကွာ၊ မနက်ဖြန်ညကျရင် ငါ့အဖေဝယ်ထားတဲ့မြို့သစ်ဘက်က တိုက်ခန်းမှာ ငါတို့သွားအိပ်ကြမယ်၊ အဲတော့မှထပ်စမ်းကြမယ်၊ ဘယ်လိုလဲ”


          လင်းအောင် မျက်လုံးတွေထဲက စိတ်အားထက်သန်မှူတွေကို ကျွန်တော် အတိုင်းသား မြင်နေရတယ်။ ကျွန်တော့်စိတ်ထဲမှာလဲ ဝေခွဲမရဖြစ်နေတယ်။ ဒါဟာ တိုက်ဆိုင်မှူပဲလား၊ ဒါမှမဟုတ်ရင်….။ အိုကေလေ သေချာအောင် ထပ်စမ်းကြတာပေါ့။ နောက်တစ်ခါ မေးခွန်းတွေ မေးရင်တော့ သတိထားရမယ်။

“ဟေ့ရောင် စာအုပ်ကို ဘယ်သူမှမပြနဲ့နော်၊ မင်းကတိကိုလဲ မမေ့နဲ့”
“အေးပါ၊ မင်းလဲ မနက်ဖြန်ညပြန်မအိပ်ဘူးဆိုတာ မင်းအိမ်ကိုပြောခဲ့အုံး”

          ကျွန်တော် လင်းအောင်ကိုနှုတ်ဆက်ပြီး အိမ်ဘက်ကိုဆက်လျှောက်လာရင်း အခုကိစ္စကိုပြန်တွေးနေမိတယ်။ စိတ်ထဲမှာလည်း အပြစ်ရှိသလိုလိုခံစားချက်နဲ့ ဆက်ပြီး စူးစမ်းလိုစိတ်တွေ လွန်ဆွဲနေတယ်။ ဟူး…. ဒီနေ့ညအိပ်ပျော်ပါ့မလား။ ကျွန်တော်ခေါင်းကို ခါရမ်းပြီး စိတ်ထဲမှာပေါ်လာတဲ့ သီချင်းတစ်ပိုင်းတစ်စကို ငြီးရင်း ကျွန်တော်တို့အိမ်ရှိတဲ့လမ်းဘက်ကို ချိုးဝင်လိုက်တယ်။

ရုတ်တရက် ကျွန်တော့်အာရုံထဲမှာ တစ်ခုခု ခံစားမိလိုက်တယ်။ ကိုယ့်ကို တစ်ယောက်ယောက်က စိုက်ကြည့်နေတဲ့အခါမှာ ဖြစ်တတ်တဲ့ ကျောမလုံတဲ့ ခံစားချက်မျိုး။ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ လမ်းထဲမှာလဲ လူရှင်းနေတယ်။ ဘယ်သူမှမရှိဘူး။ တဖြည်းဖြည်းနဲ့ အိမ်နားရောက်လာပြီ။ ဘေးအိမ်က အဘိုးကြီး အဘွားကြီးလင်မယားနှစ်ယောက်ထဲ နေတဲ့အိမ်ဘက်ကို လှမ်းကြည့်လိုက်တော့ သစ်ခွပန်းစင်တွေကြားမှာ အလုပ်ရှူပ်နေတဲ့ အဘိုးကြီးကို လှမ်းတွေ့လိုက်တယ်။

“အဘ….ပန်းတွေပွင့်နေပြီနော်၊ တယ်လှပါလား”
“အေးကွ မောင်ဇော်၊ မင်းအမေကိုလဲပြောလိုက်၊ ဘုရားတင်ဖို့လိုချင် လာယူလို့”
“ဟုတ်ကဲ့ ကျေးဇူးပဲ အဘ”

          တစ်ယောက်ယောက်နဲ့ စကားပြောလိုက်ရလို့ ကျွန်တော်စိတ်ထဲနဲနဲပေါ့သွားတယ်။ ခြံတံခါးကို တွန်းဖွင့်ပြီး အထဲကိုဝင်လိုက်ရင်း လမ်းပေါ်ကို အကဲခတ်လိုက်တယ်။ ဆလွန်းကားတစ်စီးဖြတ်မောင်း သွားပြီး အရာရာဟာ ဘာမှမထူးခြားသလို ပုံမှန်အတိုင်းပါပဲ။

နောက်တစ်နေ့ညနေ ကျောင်းဆင်းတော့ ကျွန်တော်နဲ့ လင်းအောင် မြို့သစ်ဘက်ကို ဘတ်စ်ကားစီးလာခဲ့ကြတယ်။ ကားပေါ်ကဆင်းပြီး ကမ်းနားလမ်းတိုင်း စကားတပြောပြောနဲ့ လင်းအောင်တို့ တိုက်ခန်းဘက်ကို လျှောက်လာခဲ့ကြတယ်။ တိုက်အောက်ရောက်တော့ လင်းအောင်က

“ထွန်းဇော်တွေ့လား ဟိုးအပေါ်ဆုံးထပ်က ဝရန်တာ၊ အဲဒါ ငါ့အဖေဝယ်လိုက်တဲ့အခန်းပဲ၊ ဒီတစ်ခါတော့ သူ ကြာကြာဥထားပြီး ဈေကောင်းရမှပြန်ထုတ်မယ်လို့ပြောတယ်ကွ”
“မင်းအဖေတော့ ဒီတစ်ခန်းလဲ မြတ်အုံးမှာပေါ့ကွာ”
“အေးငါလည်း မုန့်ဖိုးများများ တောင်းမယ်လို့ စဉ်းစားထားတယ် ဟားဟား”
         
တိုက်တွေကဆောက်ထားတာ မကြာသေးဘူးဆိုတော့ အခန်းစေ့လူမနေကြသေးပါဘူး။ သူတို့အခန်းက အပေါ်ဆုံးထပ်မှာ မြစ်ဘက်ကိုမျက်နှာလှည့်ထားတာဆိုတော့ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေလိုသူတွေအကြိုက်ပါပဲ။ ကျွန်တော်တို့စမ်းသပ်မူအတွက်လည်း ကွက်တိပေါ့။ ကျွန်တော်တို့ ဝရန်တာမှာထိုင်ပြီး ဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်ကိုဖြည်စားရင်း  ညနေ ဆည်းဆာရဲ့အလှကို ခံစားနေကြတယ်။ လင်းအောင်က

“ဟေ့ရောင်မင်းကို ပြောပြရအုံးမယ် အိမ်က အဘိုးလေးကိုယ်တိုင်ပစ်ထားတာ လို့ပြောတဲ့ သမင်ခေါင်းရုပ်ကြီး သိတယ်မှလား ဧည့်ခန်းထဲမှာချိတ်ထားတာလေ”
“အင်း သိတယ်လေ ဘာလဲ သူဝယ်လာတာပါလို့ ဝန်ခံလိုက်ပြီလား ဟီးဟီး”
“ဟီးဟီး မင်းကို နရင်းထအုပ်လိမ့်မယ်၊ နေစမ်းဘာအုံး ငါအကောင်းပြောမလို့၊ မနေ့ညက ငါတရေးနိုးလို့ ရေခဲသေတ္တာ ထဖွင့်တော့ အဲဒီသမင်ခေါင်းကြီးရဲ့မျက်လုံးတွေက ငါ့ကို လိုက်ကြည့်နေသလိုပဲဟေ့ရောင်၊ ဒါကြီးချိတ်ထားတာ ကြာလှရှိနေပြီ ခုမှ အသက်ဝင်လာတဲ့အတိုင်းပဲ၊ မီးရောင်မှိန်မှိန်ထဲမှာ သူ့မျက်လုံးတွေက လှူပ်စိလှူပ်စိနဲ့၊ ငါစိတ်ထင်တာလဲဖြစ်နိုင်ပါတယ်၊ တော်သေးတာပေါ့ အဲတုန်းက ခေါင်းကြီးပါလှည့်လာရင်တော့ ငါအသေထအော်မိမှာပဲ”

လင်းအောင်က ပြောရင်းမနေ့ညက ဟာကိုသူ့ဟာသူပြန်စဉ်းစားပြီး ကြက်သီးတွေထလာသလို တွန့်နေတယ်။ ကျွန်တော်ရုတ်တရက် စာအုပ်ဆိုင်က ဘီလူးကိုသွားသတိရမိတယ်။ ဒီခံစားချက်မျိုးကို ကျွန်တော်သိတယ်။ ကျွန်တော်ကိုယ်တိုင်လဲ စိတ်ထင်တာပဲဖြစ်မှာပါလို့ ကို့ကိုယ်ကို ဖြေသိမ့်ခဲ့ပေမယ့် ကျွန်တော့် အတွင်းစိတ်တစ်နေရာကနေ မဟုတ်မှန်းသိနေခဲ့တယ်။ ဒီကိစ္စဟာ ဟိုစာအုပ်နဲ့များ ဆက်စပ်နေမလား။ စာအုပ်ကိုယ်တိုင်ကပဲ သံလိုက်လိုဓာတ်တမျိုးနဲ့ သူ့အနီးအနားကို သရဲတွေကို ညို့ခေါ်ရင်း ဒီအရုပ်တွေမှာ ပူးကပ်သွားတာလား။ ဒါမှမဟုတ် နဂိုထဲက အဲဒီအရုပ်တွေ ထဲမှာရှိနေတဲ့ ဝိညာဉ်တွေကို လှူပ်နှိူးပေးလိုက်တာလား။ ကျွန်တော် ရောက်တတ်ရာရာတွေ လျှောက်စဉ်းစား နေမိတယ်။ ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ ဒီစာအုပ်နဲ့ပတ်သက်တဲ့ ဆန်းကြယ်မူတွေဟာ များသည်ထက်များလာသလိုပဲ။

“ဟေ့ရောင် ဘာတွေတွေးနေတာလဲ၊ မင်းနောက်နေ့အိမ်လာရင် ငါတို့သမင်ခေါင်းကြီးကို ကြည့်ကြည့်စမ်းကွာ၊ ဘာထူးလဲလို့”
“အေးပါ နေစမ်းပါအုံး မင်းကိုမေးရအုံးမယ်၊ မင်းဒီစာအုပ်ထဲကဟာတွေကို ဘာကြောင့် လုပ်ကြည့်ချင်နေတာလဲ”
“စိတ်ဝင်စားလို့ပေါ့ဟ၊ မင်းကရော”
“မဟုတ်ဘူးလေကွာ မင်းရဲ့ရည်ရွယ်ချက်ကိုမေးတာ၊ ငါဆိုရင် ဒီလို ငါတို့ မမြင်ရတဲ့လောကတစ်ခု တကယ် ရှိနေလားဆိုတာ သိချင်ယုံပဲ၊ ဒါသေချာသိရင် ငါရပ်လိုက်တော့မလားလို့ စိတ်ကူးတယ်”

လင်းအောင် က ဘာမှပြန်မပြောသေးပဲ ကျွန်တော့်မျက်နှာကို အကဲခတ်နေတယ်။ ခဏနေမှ

“အေး…မင်းမေးတော့လည်း ပြောရတာပေါ့ကွာ ငါဒီစာအုပ်ကနည်းတွေကို အကုန်လုပ်ကြည့်ချင်တယ်၊ အဲဒါငါ့ရည်ရွယ်ချက်ပဲ၊ ဘာကြောင့်လည်းဆိုတော့ ဒီစာအုပ်ကပထမဆုံး နည်းမှာကို ယုံရခက်လောက်အောင် စွမ်းနေတော့ အင်း..ယုံရခက်နေတယ်ပေါ့ကွာ၊ ဒီစာအုပ်ကို မင်းရေးထားတာတော့ မဟုတ်ပါဘူးနော်”
“အင် လဒကလည်း၊ ငါ့လက်ရေးမင်းမမြင်ဖူး ဘူးလား”
“ဟားဟား အေးပါကွာ ယုံရခက်လောက်အောင်စွမ်းနေလို့ပါဆို၊ တစ်ခါခေါ်တာ တစ်ခါတည်း တန်းလာတယ်ဆိုတော့၊ ဈေးထဲက မီးခြစ်ကျောက်ဖြည့်တဲ့လူကြီး အော်သလို၊ ဝမ်းခြစ်ဝမ်းတောက် အမေရိကန်ကျောက် ဆိုတဲ့အတိုင်းပဲ ဟီဟိ”
“ဒါဆို နောက်ဆုံးစာမျက်နှာကိုရော မင်း ကြည့်မှာလား”
“ဒါကတော့ ပြောဖို့စောသေးတယ်ကွာ၊ မင်းကို ငါကတိပေးထားသလို နောက်ဆုံးစာမျက်နှာကို လှန်မကြည့်သေးပါဘူး၊ ဒီစာအုပ်မှာ သင်္ကေတ၊ အိမ်မက် နဲ့ အသံ ဆိုပြီးနည်းသုံးနည်း ပါတယ်လို့ဆိုတယ် မဟုတ်လား၊ အဲဒီမှာ အသံဆိုတာ နောက်ဆုံးစာမျက်နှာမှာလား ဒါမှမဟုတ် သတ်သတ်စီလားဆိုတာ မသိသေးဘူးလေ၊ ငါတို့ တစ်ခုချင်းစီစမ်းသွားကြမယ်၊ အခြေအနေ အရပေါ့၊ ဘယ့်နဲ့လဲ”
ကျွန်တော် သက်ပြင်းတစ်ချက်မှူတ်ထုတ်လိုက်ရင်း
“အေးလေ မင်းသိပ်စမ်းချင်နေလဲ သဘောပဲ”
“ကဲဒါဆိုလဲ ထတော့ကွာ ငါတို့ရဲ့စမ်းသပ်မူကြီးကို ဆက်လုပ်ကြရအောင်”

ညနေဆည်းဆာရဲ့ ကြက်ဥနှစ်သဏ္ဌာန် နေလုံးကြီးဟာ မြစ်ရေမှာ ရောင်ပြန်ဟပ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ရွှေဝါရောင်တွေ ပက်ဖျန်းထားပါတယ်။ ခုလို အထပ်မြင့်မြင့် ဝရန်တာကနေ ဘေးပတ်ဝန်းကျင်ကို အဝေးကြီးလှမ်းမြင်ရတာမျိုးကို ကျွန်တော် သဘောကျတယ်။ ကျွန်တော်ထိုင်နေရာကနေ ခေါင်းကို လှန်ပြီးမော့်ကြည့်လိုက်တော့ လိမ္မော်ရောင်ကနေ အပြာရောင်ဆီသို့ တဆက်တစပ်တည်း ပြေပြစ်စွာကူးပြောင်းသွားတဲ့ ကောင်းကင်ကျယ်ကြီးကို ရှင်းသန့်စွာနဲ့ မြင်နေရပါတယ်။ လေနုအေးအေးကို တစ်ဝရှုရှိုက်ပြီး ကျွန်တော်တို့အိမ်ထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။ ဧည့်ခန်းထဲက စားပွဲပေါ်မှာပဲ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီး ခုံတစ်ယောက်တစ်လုံးစီနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။

အရင်တစ်ခါကလိုပဲ အကြွေစေ့ပေါ်ကို လက်ညိုးနဲ့ထောက်ပြီး စိတ်ထဲကနေ စတင်ဖိတ်ခေါ် နေလိုက်ကြတယ်။ ဧည့်ခန်းနံရံပေါ်က နာရီက တချက်ချက်မြည်သံ ဟာမှန်မှန်ထွက်ပေါ်နေတယ်။ အရာရာဟာငြိမ်သက်တိတ်ဆိတ်လို့။ အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာတယ်။ တစ်မိနစ်။ ငါးမိနစ်။ ကျွန်တော်တို့နှစ်ယောက်လုံး ငြိမ်သက်နေတဲ့ အကြွေစေ့ကို စိုက်ကြည့်နေကြတယ်။

ဝရန်တာဘက်က တစ်ချက်ဝှေ့လိုက်တဲ့ လေအေးအေးနဲ့အတူ အခန်းတွင်းမှာ အအေးဓာတ်စတင် ဝင်ရောက်လာတယ်။ သူ….လာပြီ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် နားလည်စွာ ကြည့်မိကြတယ်။ အကြွေစေ့က ငြိမ်နေတုန်းပဲ။ တိတ်ဆိတ်ငြိမ်သက်မှူနဲ့အတူ အေးစိမ့်စိမ့် အငွေ့အသက်ဟာ လေးလံတဲ့စောင်ထူထူ တစ်ထည်လို တစ်ခန်းလုံးကို လွှမ်းခြုံလာတယ်။ ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာတယ်။ ဒီတိုက်မှာ အခန်းတွေတော်တော်များများ လူမနေကြသေးဘူး။ တကယ်လို့များ ဧည့်သည်က တစ်ခုခု ကြမ်းကြမ်းတမ်းတမ်းလုပ်ခဲ့ရင်၊ ဖြစ်ပေါ်လာမယ့် အခြေအနေကို ကျွန်တော်နဲ့လင်းအောင် နှစ်ယောက်ထဲ ထိမ်းနိုင်ပါ့မလား။ ကျွန်တော်စိတ်ထဲမှာ အထီးကျန်အားငယ်သလို ခံစားမိတယ်။ ချက်ချင်းပဲ စာအုပ်ထဲက စာသားတချို့ကို သတိရမိပြန်တယ်။ “ဧည့်သည်က သင့်စိတ်ကို သိနိုင်၏” ကျွန်တော်ခေါင်းထဲက အတွေးတွေကို အမြန်ဖျောက်ပစ်လိုက်တယ်။ လက်ဖျားက အကြွေစေ့ ရဲ့ မသိမသာတုန်ခါလာမှူကို ခံစားမိလာတယ်။ သူ ကျွန်တော်တို့ကို ဆက်သွယ်တော့မယ်။ ကြောက်ရွံ့စိတ်နေရာမှာ စူးစမ်းလိုစိတ်က အစားထိုးဝင်လာပြန်တယ်။ အဲဒီအချိန်မှာ လင်းအောင်က ရုတ်တရက်မေးလိုက်တယ်။

“ဧည့်သည် သင့်နံမည်ရှိရင် ပြောပြပါ”

          အကြွေစေ့က ALAN ဆိုတဲ့ စာလုံးတွေပေါ်ကို ဖြည်းညင်းစွာ ရွေ့သွားလိုက်တယ်။ ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက် အံသြစွာ ကြည့်မိကြတယ်။ ဒါဟာ စာအုပ်ရေးသူရဲ့ မိတ်ဆွေနံမည်ပဲ။ လင်းအောင်က

“သင် စာအုပ်ရေးတဲ့ စံမှီကိုသိသလား” လို့ ထပ်မေးလိုက်ပြန်တယ်။ အကြွေစေ့ကလည်း YES ဆိုတဲ့စာလုံးပေါ်ကို ထပ်ရွေ့သွားပြန်တယ်။ ဟုတ်တယ်ဒါဟာ စာရေးသူရဲ့မိတ်ဆွေပဲ။  စာအုပ်ထဲကစာသားတွေ ကျွန်တော့် အတွေးထဲမှာ အစီအရီပေါ်လာပြန်တယ်။
“လေ့လာစမ်းသပ်မူ၏ အကျိုးသက်ရောက်မူကား ကျွန်ုပ်တို့၏ဘဝကို ပြင်းစွာရိုက်ခတ်လေ၏။ ၎င်းဒဏ်ကို မခံနိုင်သော ကျွန်ုပ်၏ ချစ်မိတ်ဆွေ အလန်ကား သွားနှင့်လေပြီ။”  

          အကျိုးသက်ရောက်မှူက ဘယ်လိုရိုက်ခတ်တာလဲ။ ဘယ်ကိုသွားနှင့်တာလည်း။ အရင်က သူသေသွားတာလို့ ကျွန်တော်ရိုးရိုးပဲထင်ခဲ့တာ။ အခုလောလောဆယ်မှာ ALAN က ကျွန်တော်တို့လောကမှာမဟုတ်တော့ဘဲ တစ်ခြားလောကကနေ ကျွန်တော်တို့ကို ပြန်ဆက်သွယ်နေတာ ဆိုတော့ သူသေသွားပြီးမှရောက်သွားတာလား ဒါမှမဟုတ်တနည်းနည်းနဲ့ အဲဒီလောကကို ရောက်သွားတာလား။ ကျွန်တော်အတွေးတွေကို ခဏရပ်ပြီး မေးခွန်းတစ်ခု မေးလိုက်တယ်

“သင်ကျွန်တော်တို့ လောကကို အမြဲ တွေ့ရလား”
အကြွေစေ့က “NO” လို့ပြတယ်။
“သင်အခု ကျွန်တော်တို့ကို တွေ့ရလား”
“YES”

ရုတ်တရက် လင်းအောင်က တဟားဟားနဲ့ ရီလိုက်တယ်။ ကျွန်တော်လန့်သွားပြီး သူ့ကို မော့်ကြည့်ရင်း

“ဟေ့ရောင် ဘာ…ဘာဖြစ်တာလဲ”
လင်းအောင်က မျက်နှာကိုဖြတ်ကနဲ ပြန်တည်လိုက်ပြီး ကျွန်တော့်ကို စိုက်ကြည့်ရင်း
“ထွန်းဇော် မင်းတမင်သက်သက်လုပ်နေတာ မဟုတ်လား”
“ဘာကိုလဲဟ”
“အကြွေစေ့ကို မင်းတွန်းနေတာမဟုတ်လား၊ ငါဒါမျိုးစိတ်ဝင်စားမှန်းသိလို့ မင်းစာအုပ်တွေ ဘာတွေ စတန့်ထွင်ပြီး…”
“ဟေ့ရောင် တော်တော် ဒီမှာ တိုးလို့တန်းလန်းကြီးနဲ့မင်းဘာထပေါက်တာလဲ ဟ”
“မသိဘူး ငါ့စိတ်ထဲမှာ မဖြစ်နိုင်ဘူးလို့ထင်လာလို့၊ ဒီမှာ ဧည့်သည် သင်တကယ်ရှိရင် တနည်းနည်းနဲ့သက်သေပြပါ၊ အကြွေစေ့နဲ့တော့ YES လို့မပြနဲ့နော်၊ တခြားစိတ်ဝင်စားစရာ နည်းလေးလုပ်ပါအုံး”
“လင်းအောင် မင်းဘာတွေလျှောက်ပြောနေတာလဲကွာ၊ ပြသနာပဲ”
“ထွန်းဇော် မင်း သူတို့လောက တကယ်ရှိလားမရှိလား သိချင်တယ်မဟုတ်လား၊ ဒါမင်းထွင်တာမဟုတ်ဘူးဆိုရင် စောင့်ကြည့်နေလိုက် မင်းသိချင်တာလဲသိရမယ် ဟုတ်လား”
         
          လင်းအောင် ပွဲကြမ်းပြီ။ သူပြောသလိုပဲ ယုံရခက်အောင် စွမ်းနေတော့ သူမယုံနိုင်ဘဲ ဖြစ်နေတယ် ထင်တယ်။ ဒါကြောင့် သူ တစ်ချိန်လုံး ထပ်စမ်းသပ်ချင်နေတာကိုး။ သူကတော့ ကျွန်တော် နောက်တယ် ထင်ပြီး ပွဲကြမ်းရဲတာပေါ့။ ခက်တာက ကျွန်တော်နောက်တာ မဟုတ်မှန်း ကျွန်တော်သိနေတယ်။ ဧည့်သည် စိတ်ဆိုးပြီး တခုခုလုပ်လိုက်ရင် ကျွန်တော်တို့တော့ ဒုက္ခပဲ။ အကြွေစေ့က မလှူပ်တော့ပဲ ငြိမ်နေတယ်။ ကျွန်တော်ဇောချွေးတွေ ပြန်လာတယ်။ လက်ကိုလဲ အကြွေစေ့ပေါ်ကနေ မဖယ်ရဲဘူး။ လင်းအောင်ကိုကြည့်လိုက်တော့ သူလဲဝေခွဲမရဖြစ်နေပုံပဲ။ ပြောချင်ရာတွေပြောပြီး အခုမှလန့်နေပြီထင်တယ်။ ခဏနေတော့ မျက်နှာသေလေးနဲ့ ကျွန်တော့်ကို မျက်ခုံးပင့်ပြ ပြီး ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ပုံလုပ်ပြတယ်။ ပတ်ဝန်းကျင်ငြိမ်သက်နေပုံက တစ်ခုခု ဖြစ်တော့မယ်ဆိုတာ သိသာနေသလိုပဲ။ ခဏနေတော့ အကြွေစေ့က လူပ်လာပြီး OUT လို့ရေးပြတယ်။ ကျွန်တော်သူ့ကိုမေးလိုက်တယ်

“ဘာလဲကွ OUT ဆိုတော့”
“အပြင်ဘက်ပေါ့ အပြင်ထွက်ခိုင်းတာလားမသိဘူး”
“ဒါဆိုအကြွေစေ့ဘယ်လိုလုပ်မလဲ”
“ထားခဲ့ကွာ”
“လက်ဖယ်လို့ ရပါ့မလား ကွ”
“မသိဘူးလေ၊ မင်းစာအုပ်မှာတော့ လက်မဖယ်ရလို့ မရေးထားပါဘူး၊ လာကွာ ဝရန်တာ ထွက်ကြည့်ကြမယ်”

ကျွန်တော်နဲ့ လင်းအောင် တွေဝေနေကြတယ်။ ခဏနေတော့ လင်းအောင်က လက်ညိုးကို ဖြည်းဖြည်းဖယ်လိုက်တယ်။ ကျွန်တော်လည်း လက်ညိုးကိုရုတ်လိုက်ပြီး ပြိုင်တူထရပ်လိုက်ကြတယ်။ စာရွက်ပေါ်မှာ အကြွေစေ့က ငြိမ်ငြိမ်သက်သက်ဘဲ ကျန်နေခဲ့တယ်။ အပြင်မှာ ကျွန်တော်တို့ကို ဘာကြီးများစောင့်နေမလဲ။

ကျွန်တော်တို့နှစ်ယောက် ဝရန်တာကို ထွက်လာခဲ့လိုက်ကြတယ်။ အပြင်မှာ နေလုံးကြီးကို မမြင်ရတော့ဘူး။ အနောက်ဘက် ကောင်းကင်မှာ ဆည်းဆာရောင်တောက်တောက်ကို မြင်နေရသေးတယ်။ ခဏနေရင် မှောင်တော့မယ်။ လေပြေညင်းဟာ တဖြည်းဖြည်းအားကောင်းလာပြီး ကျွန်တော်တို့ ဝတ်ထားတဲ့ တီရှပ်နဲ့ ဘောင်းဘီတိုကို တဖြတ်ဖြတ်မြည်အောင်တိုးနေတယ်။ လင်းအောင်က ဘာထူးလဲလို့အမေးကို ကျွန်တော်ပုခုံးပဲပြန်တွန့်ပြလိုက်တယ်။ ကျွန်တော့် မျက်နှာပေါ်ကို မိုးစက်လေးတွေ စဉ်လာတယ်။ လင်းအောင်က ပြောတယ်

“မိုးရွာပြီထင်တယ် နော်၊ သူက မိုးရွာမှာကို ကြိုသိတဲ့သဘောလားမသိဘူး”

လေကတဖြည်းဖြည်း ကြမ်းလာပြီး နားထဲမှာပါ လေတိုးသံ တရွှီးရွီးမြည်လာသလိုပဲ။ လေသံကလွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ ငြိမ်ငြိမ် သက်သက်ပါပဲ။ သစ်ပင်တွေ ထိပ်ဖျားကိုကျော်ပြီး ဟိုးအဝေးက မြစ်ပြင်ဆီငေး ကြည့်ရင်း ဘာတွေဆက်ဖြစ်လာမှာလဲ လို့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ သဘာဝမကျတာ တခုကို ကျွန်တော်ရုတ်တရက် သတိထားမိလိုက်တယ်။

“လင်းအောင် ဟို…ဟိုဘက် အခန်းဝရန်တာကို ကြည့်လိုက်စမ်း”
“ဟင်ဘာကိုလဲ”
“ချိတ်ထားတဲ့သစ်ပင်တွေ”

လင်းအောင်လှမ်းကြည့်လိုက်ပြီး ချက်ချင်းမျက်နှာ ပျက်သွားပြီး ကျွန်တော့်ကို ပြန်ကြည့်ရင်း

“ဘာလို့မလူပ်တာလဲ ဒီဘက်အခန်း ဝရန်တာမှာရောပဲ”

          ကျွန်တော်တို့ ဝရန်တာမှာ လေပြင်းတွေတိုက်ပြီး မိုးစက်တွေ ကြနေတဲ့ အချိန်မှာ ဟိုဘက်ဒီဘက် ကပ်ရပ် အခန်းက ဝရန်တာတွေက အလှစိုက် သစ်ပင်လေးတွေဟာ ငြိမ်ငြိမ်သက်သက်ပဲ ရှိနေကြပါတယ်။ ကျွန်တော် ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ အခါမှာတော့ ပိုပြီးတုန်လူပ်ခြောက်ခြားသွားပါတယ်။ နက်ပြာရောင်သန်းနေတဲ့ ကောင်းကင်ကြီးဟာ ကြည်လင်ပြီး တိမ်တိုက်ဆိုလို့ ကြက်မတဝပ်စာတောင်မရှိပါဘူး။ လင်းအောင်ကလည်း ကျွန်တော့်လို့မော့်ကြည့်ရင်း သတိပြုမိသွားပြီး

“ဟ ဒါဘယ်က ရေစက်တွေလည်း”

ကျွန်တော်တို့ အိမ်ခန်းထဲကို အမြန်ပြန်ဆုတ်ဝင်လိုက်ကြတယ်။ ကျွန်တော် ကိုယ်ပေါ်က ရေစက် တွေကို သပ်ချရင်း လက်ကို နမ်းကြည့်လိုက်တယ်။ ဘာနံ့မှမရဘူး။ အရောင်လဲမရှိဘဲ ရိုးရိုးရေလိုပဲ။ လင်းအောင်ဘက်ကို လှည့်ကြည့်လိုက်တော့ မျက်လုံးကြီး ပြူးပြီး ပါးစပ်အဟောင်းသားနဲ့ စားပွဲခုံ ကိုလှမ်းကြည့်နေတာကို တွေ့လိုက်ပြန်တယ်။ ဘာဖြစ်ပြန်ပြီလဲဟ။

“ထွန်းဇော် အကြွေစေ့ကို မင်းထောင်ထားခဲ့တာလား”
“မဟုတ်ဘူး  ငါ…ငါ မင်းနဲ့အတူ ထလာတာပဲလေ”

          စာရွက်ပေါ်မှာ အကြွေစေ့လေးဟာ ငြိမ်သက်စွာနဲ့ ထောင်နေပါတယ်။ ကျွန်တော်တို့နှစ်ယောက် ရှေ့လဲဆက်မတိုးဝံ့နောက်လဲ မဆုတ်ဝံ့ပဲ ကြောင်ကြည့်နေမိတယ်။ အခန်းထဲမှာ ကျွန်တော်တို့ အပြင် တတိယမြောက်တစ်ယောက်ရှိနေတယ် ဆိုတာ သေချာနေပြီ။ သူဟာလင်းအောင်တောင်းဆိုတဲ့ ထင်ရှားတဲ့ သက်သေကိုပေးနေပြီ။ သူ ဘယ်အထိသွားမှာလည်း။ ကျွန်တော်တို့ ကြောက်နေပြီဆိုတာကို သူမသိစေချင်ပေမယ့် ဘယ်လိုမှဖုံးကွယ်လို့မရပါဘူး။

ရုတ်တရက် အကြွေစေ့ကို တစ်ယောက်ယောက်က တောက်ထုတ်လိုက်သလို လွင့်ထွက်လာပြီး ကျွန်တော့်ဘေးက ပြူတင်းပေါက်မှန်ကို ဒေါက်ကနဲနေအောင် လာမှန်တယ်။ ကျွန်တော်တို့လဲ ကြောက်ကြောက်နဲ့ အား ကနဲအော်ရင်းနောက်ကို ခုန်ဆုတ်လိုက်တယ်။ အပြင်ဘက်မှာ လေတွေက တရွှီးရွှီး နဲ့အော်မြည်ရင်း ကျွန်တော်တို့ကို တိုးဝှေ့တိုက်ခတ်နေပြန်တယ်။ လင်းအောင်က “ရေတွေစင်ပြန်ပြီလို့” ရေရွတ်လိုက်ရင်း မျက်နှာကို ရှုံ့မဲ့ပြီး ကျွန်တော့်ကို လှည့်ကြည့်တယ်။ ကျွန်တော်တို့ ဧည့်ခန်းဘက်ကို ပြန်တိုးဝင်မိကြပြန်တယ်။

          ခုနကလိုပဲ ကျွန်တော်တို့နှစ်ယောက် ဧည့်ခန်းပေါက်ဝမှာ ကန့်လန့်ကြီးဖြစ်နေကြပြန်တယ်။ အနောက်ဘက်မှာ ကျွန်တော်တို့ ဝရန်တာတစ်ခုထဲကွက်ပြီး တိုက်နေတဲ့ လေနဲ့ ရေစက်တွေက ကျွန်တော်တို့နောက်ကြောကိုတိုးဝှေ့နေပေမဲ့ အေးစက်စက် အငွေ့ တွေလွှမ်းခြုံနေတဲ့ အခန်းထဲကိုလဲ ဆက်မဝင်ရဲကြဘူး။ ကျွန်တော်တို့မမြင်ရပေမယ့် ရှေ့ကအခန်းထဲမှာ အဲဒီဧည့်သည် ရှိနေမယ်ဆိုတာ သိနေကြတယ်။ ကျွန်တော် ဖြစ်နေတဲ့ အခြေအနေကို အမြန်စဉ်းစားသုံးသပ်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ နောက် လင်းအောင်ဘက်ကိုလှည့်ကြည့်ပြီး ခတ်ဆတ်ဆတ်မေးလိုက်တယ်။
“ကဲ…အခု မင်းယုံပြီလား”
လင်းအောင်က ကျွန်တော့်မျက်နှာကို ထူးထူးဆန်းဆန်းမော်ကြည့်ရင်း
“မင်း..မင်း ထွန်းဇော် နော်”
ကျွန်တော့်သူငယ်ချင်း အရမ်းလန့်နေပြီ။ ကျွန်တော် သူ့ကို ကြိုးစားပြီး ပြုံးပြရင်း
“အေးငါပါ မင်းခုနက မယုံဘူးဆိုလို့ သူကယုံအောင်ပြနေတာလေ၊ မင်းယုံပြီလား”
“ဟင်…အေး အေး ငါယုံပြီ”

ဒီအချိန်မှာ ကျွန်တော်တို့အလုပ်သင့်ဆုံးအရာ တစ်ခုပဲရှိတယ်။ ရှေ့က ကြမ်းပြင်ပေါ်မှာ ကျနေတဲ့အကြွေစေ့ကို ကျွန်တော် အရဲစွန့်ပြီး ကောက်ယူလိုက်တယ်။ အေးစက်စက် အထိတွေ့နဲ့ အကြွေစေ့ကို ကျွန်တော်ဖွဖွကိုင်ရင်း လင်းအောင်ကို စားပွဲခုံဆီကို မျက်ရိပ်ပြလိုက်တယ်။ လင်းအောင် ကျွန်တော့်လက်က အကြွေစေ့ကို စိတ်မချသလိုကြည့်နေရင်း ခေါင်းညိမ့်ပြတယ်။ ရင်တွေ တဒိတ်ဒိတ်ခုန်ပြီး အဒရက်နယ်လင်ကြောင့် ကျွန်တော့် ခန္ဒာကိုယ်ဟာပူရှိန်းရှိန်းနဲ့ ထုံနေတယ်။ ကျွန်တော်တို့ထိုင်ခုံမှာ ပြန်ထိုင်ရင်း အကြွေစေ့ကို စာရွက်ပေါ်ကသင်္ကေတ အလယ်မှာပြန်တင်ပြီး လက်ညိုးနဲ့ ပြန်ထောက်လိုက်ကြတယ်။ နောက် စိတ်ထဲကနေ ဧည့်သည်ကို ကျေးဇူးတင်ကြောင်းနဲ့ ပြန်လို့ရပြီဖြစ်ကြောင်း ပြောနေမိတယ်။ အခုအချိန်မှာ ငါးမိနစ်ဟာ ကျွန်တော်တို့ အတွက် တစ်နာရီလောက်ကြာနေ သလိုပဲ။

ဝရန်တာဘက်ကလေတိုးသံဟာ တဖြည်းဖြည်း လျော့ကျလာပြီး မကြာခင်မှာပဲ  အခန်းထဲမှာလဲ ပုံမှန်အနေအထားကို ပြန်ရောက်လာပါတယ်။ တော်တော်ကြာတော့ လင်းအောင်က သက်ပြင်းတစ်ချက် မှူတ်ထုတ်ရင်း ကုလားထိုင်နောက်မှီပေါ်လှန်ချလိုက်ပြီး
“ဟား…တကယ့် အတွေ့ အကြုံပဲဟေ့”
ကျွန်တော် အကြွေစေ့နဲ့စာရွက်ကို ခေါက်သိမ်းရင်း  
“ငါတို့ ဝရန်တာကို ပြန်ထွက်ကြည့်ရအောင်” လို့ ပြောလိုက်တယ်။
         
အပြင်လောကတစ်ခုလုံး အမှောင်ဖုံးနေပါပြီ။ လမထွက်သေးဘဲ မဲမှောင်နေတဲ့ ကောင်းကင်ကြီးမှာ ကြယ်ပွင့်မှိန်မှိန် လေးတွေ ဟိုတပွင့်ဒီတပွင့် ပွင့်နေပါတယ်။ စောစောက တိုက်ခတ်နေတဲ့လေနဲ့ မိုးစက်တွေဟာ ဘယ်ကမ္ဘာကို လွင့်သွားပြီလဲမသိတော့ပါဘူး။ အရာရာဟာ ဘာမှ ထွေထွေထူးထူးမဖြစ်ခဲ့သလို အေးဆေးငြိမ်သက်လျှက်ပါပဲ။ ကျွန်တော်တို့နှစ်ယောက် လက်ရန်းကိုမှီရပ်ရင်း ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်သက်နေကြပါတယ်။ ခဏနေတော့ ကျွန်တော်လက်ထဲက စာရွက်ခေါက်ကို လင်းအောင်ကိုထောင်ပြရင်း

“ဘယ်လိုလဲ ထပ်စမ်းချင်သေးလား”
လင်းအောင်မျက်နှာကိုရှုံမဲ့ပြရင်း
“အဲဒီစာရွက်ကို သိမ်းထားလိုက်တော့ကွာ”
“စာအုပ်ကိုရော”
“စာအုပ်ကိုလဲ ငါတို့ လောလောဆယ် ဒီတိုက်ခန်းမှာပဲ သိမ်းထားကြမယ်၊ လာမယ့်စနေနေ့ကြရင် မင်းနဲ့ငါဒီကို ပြန်လာကြမယ်ကွာ၊ အခု အခန်းတစ် ကြေပြီဆိုတော့ အခန်းနှစ်ကို ဆက်တက်ကြတာပေါ့”
          “အော် ငါက မင်း ကြောက်ပြီး စိတ်ကုန်သွားပြီမှတ်လို့”
          “လင်းအောင်ပါကွ မကြောက်ပါဘူး နဲနဲပဲလန့်သွားတာပါ ဟဲဟဲ။ စိတ်မကုန်တဲ့အပြင် ပိုပြီးတောင် စိတ်ဝင်စားလာသေးတယ်။ ငါငယ်ငယ်ကတဲက ဒါမျိုးရှာနေတာ။ မင်းရောဘယ်လိုလဲ”

          ကျွန်တော်ပြုံးပြီး လက်ဝါးထောင်ပေးလိုက်တယ်။ လင်းအောင်က ဖတ်ကနဲရိုက်ရင်း

“လာမယ့်စနေနေ့ ဒီနေရာ၊ ဒီအချိန်၊ ဒုတိယနည်း”


ဆက်ပါမည်

_________
ကွန်းဇော်

Thursday 22 March 2012

နောက်ဆုံးစာမျက်နှာ (၂)


          ကျောင်းအင်္ကျီလက်တို လေးပဲဝတ်ထားတာဆိုတော့ ကျွန်တော် တဖြည်းဖြည်း ချမ်းစိမ့်စိမ့် ဖြစ်လာပါတယ်။ လက်နှစ်ဖက်ကိုတင်းတင်းပိုက်ရင်း အနွေးဓာတ်ရအောင် လက်ဖျံတွေကို ပွတ်ပေးနေမိတယ်။ ဒီလူတော်တော်အအေးကြိုက်တာပဲ။ တက္ကစီအဲကွန်းကို အဲလောက်အေးအောင် ဖွင့်မောင်းတာ ကျွန်တော်ဖြင့်တခါမှမကြုံဖူးဘူး။ သူ့ ကြည့်ရတာလဲ တလမ်းလုံး ကားမောင်းရင်း ကျွန်တော့်ကို အကဲခတ်နေသလိုပဲ။ ကျွန်တော်အေးမှာစိုးလို့လားမသိ။ ဒါပေမယ့် ကျွန်တော်လည်း ခဏပဲစီးရမှာ ဆိုတော့ ပြောမနေတော့ပါဘူး။
ကျွန်တော်တို့ရပ်ကွက်နားကို ရောက်လာပါပြီ။ ကားတွင်းနောက်ကြည့်မှန်မှာ ကားမောင်းသမားနဲ့ ကျွန်တော် အကြည့်ချင်းဆုံ သွားတယ်။ ကျွန်တော် ပြုံးပြလိုက်တော့ သူ ပြန်ပြုံးလိုက်ရင်း
“အေးနေပြီလား ငါ့ညီ”
“အင်း နဲနဲတော့အေးတယ် အကိုက အဲကွန်းတော်တော်ကြိုက်တာပဲ”
“ဟင် အေးဒီလိုပါပဲကွာ”
“ရှေ့ကအိမ်ပဲ အကို…. ရပြီ ရပ်လိုက်တော့”
         
          ကျွန်တော်ကားခထုတ်ရှင်းပြီး လွယ်အိပ်ကိုဆွဲရင်း အပြင်ထွက်လိုက်တယ်။ ခြံတခါးကို ဖွင့်ဖို့စမ်းနေတုန်း
“ငါ့ညီ”
“ဟင်ဘာလဲအကို ကားခမပြည့်လို့လား”
“မဟုတ်ပါဘူး….စိတ်တော့မဆိုးနဲ့ကွာ အကိုဒီကားမောင်းစားလာတာ ကြာပါပြီ အဲကွန်းတခါမှ ခုလောက်မအေးဖူးဘူးကွ၊ ခုနက မင်းတက်လာပြီးမှ တဖြည်းဖြည်း အရမ်းအေးလာတာ အကိုလဲ အအေးကိုလျှော့တော့လျှော့ သေးတယ် မရဘူးကွ၊ အဲဒါ အဲကွန်းပျက်တာလား ဘာဖြစ်တာလဲ စဉ်းစားရင်းမောင်းလာတာ၊ ခုမင်းဆင်းလိုက်ပြီးတော့ ချက်ချင်းကို ပုံမှန်ပြန်ဖြစ်သွားသလိုပဲ၊ ထူးတော့ထူးတယ်ကွ၊ ဒါပဲကွာ သွားပြီဟေ့”
         
          ပြောပြောဆိုဆိုမောင်းထွက်သွားပါတယ်။ ကျွန်တော်လည်းဘာပြန်ပြောရမှန်းမသိပဲ ကြောင်ပြီးကျန်နေခဲ့တယ်။ ခဏနေမှ ခြံတံခါးကိုတွန်းဖွင့်ပြီးဝင်လာလိုက်တယ်။ ဧည့်ခန်းထဲမှာ မေမေနဲ့ညီမလေးတို့ မအိပ်သေးဘဲ စောင့်နေကြတယ်။


“သားနောက်ကျလိုက်တာ၊ ကျူရှင်အသစ်ကကောင်းရဲ့လား”
“သိပ်မကြိုက်ဘူး မေမေရယ်၊နောက်နေ့ဆက်မတက်တော့ဘူး၊ အပြန်မှာ ဘတ်စ်ကားမှားစီးသွားလို ဘယ်ရောက်မှန်းမသိဘူး အဲဒါတက္ကစီနဲ့ ပြန်လာတာ”
“အေးအေး ကျောင်းဝတ်စုံလဲပြီးရင် ထမင်းစားပြီးအိပ်တော့ မနက်ဖြန်လဲ ကျောင်းတက်ရအုံးမှာ”

ကျွန်တော်စားသောက်ပြီး အခန်းထဲဝင်လာတော့ ည၁၀ နာရီကျော်ပြီ။ အိုက်စပ်စပ် ပြန်ဖြစ်လာလို့မို့  ပြူတင်းပေါက်ကိုတွန်းဖွင့်ရင်း စာကြည့်စားပွဲမှာဝင်ထိုင်လိုက်တယ်။ အိမ် အပြင်ဖက်ကသစ်ပင်တွေပေါ်ကို လရောင်ဖြာကျနေတာကို တွေ့နေရတယ်။ ဒီလိုညမျိုးတစ်ညမှာ ကျွန်တော် နဲ့ လင်းအောင် ငယ်ငယ်က သရဲခေါ်တမ်း ကစားကြသေးတယ်။ ဒီကောင်ကဒါမျိုးဆိုရင် အတော် စိတ်ဝင်စားတဲ့ကောင်။ သူမို့မကြောက်ရွံ့။ ကျွန်တော် ရေချိုးခန်းတံခါးဝကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ခင်ဗျားတို့ကြားဖူးကြလား။ Bloody Mary ဆိုတာ။ ရေချိုးခန်းထဲမှာ အသတ်ခံရတဲ့ သရဲမဆိုလားပဲ။ အခုလို လပြည့်ည မှာ၊ တချို့ကလည်း လကွယ်ညဆိုရင် ပိုကောင်းတယ်လို့ ဆိုတာပဲ။ ထားပါတော့။ အဲဒီည သန်းခေါင်ယံမှာ ရေချိုးခန်းထဲက မှန်ရှေ့မှာရပ်ပြီး မီးကိုမှိတ်ထား။ လုံးဝအမှောင်ထဲမှာ Bloody Mary လို့ ၃ ခါ တိတိဖြည်းဖြည်းရွတ်၊ ပြီးရင် ခဏစောင့်လိုက်ဦး။ ပြီးရင် မီးကိုပြန်ဖွင့်လိုက်ပြီး မှန်ထဲကိုကြည့်လိုက်။ မှန်ထဲမှာ သွေးတွေနဲ့ Mary ဟာ သင့်ကိုသတ်ဖို့ ကြိုးစားတာကိုတွေ့ရလိမ့်မယ်တဲ့။ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့လိုက်လုပ်ပါတယ်။ ကျွန်တော်က ကြောက်လို့ ဇောချွေးတွေပြန်နေပေမယ့် ဒီကောင်ကတော့ မျက်နှာပိုးမသေဘူးခင်ဗျ။ သရဲခေါ်တာ တဟီဟီတဟာဟာနဲ့ ဘယ်သရဲက လာချင်မှာလဲဗျာ။ မလာတာပဲ ကျေးဇူးတင်ရသေးတယ်။ ကျွန်တော့်မှာတော့ ခုထိ ရေချိုးခန်း ဝင်ရတာတောင် ခပ်လန့်လန့်။ တကယ်တော့ဒီစာအုပ်ကိုလည်း ဒီကောင်စိတ်ဝင်စားမယ် ဆိုတာသိလို့ ကျွန်တော်ဝယ်လာတာပါ။ အခုနောက်ပိုင်း အဲလိုမျိုး မကစားဖြစ်ကြတော့ပေမယ့် ကျွန်တော့်အခင်ဆုံးသူငယ်ချင်းအကြောင်း ကျွန်တော်သိတာပေါ့။

လေအဝှေ့မှာ အိမ်ဘေးက သစ်ပင်တွေရဲ့သစ်ကိုင်းတွေဟာ ချိုးချိုးချွတ်ချွတ် အသံပေးရင်း လှူပ်ခါနေပါတယ်။ ကျွန်တော်ရှေ့ကစားပွဲပေါ်မှာ စာအုပ်ကို ကြိုးဖြည်ချထားပြီး ဆိုင်ရှင်လူပုကြီး ပြောလိုက်တာကို ပြန်သတိရမိတယ်။ “နောက်ဆုံးစာမျက်နှာကို မကြည့်မိအောင်ကြိုးစားပါ။ မဟုတ်ရင်တော့မင်း နောင်တရလိမ့်မယ်။” ဘယ်လိုနောင်တရမှာလည်း။ ကိုယ့်လက်ထဲကစာအုပ်ကို နောက်ဆုံးထိ လှန်မကြည့်ရဘူးဆိုတာတော့ တော်တော်ခက်တဲ့ကိစ္စပဲ။ တော်တော်နောက်တဲ့လူပုကြီး။ ဟားဟားဟား တွေးရင်း ကျွန်တော် ရှေ့ဆုံးက အမှာစာကို ဖွင့်ဖတ်လိုက်တယ်။

စိတ်မခိုင်သူများ ဤမှတ်တမ်းကိုဆက်မဖတ်ရန် ဦးစွာပထမ ကျွနု်ပ်ပြောလိုသည်။ ဤမှတ်တမ်းတွင် သရဲတစ္ဆေနာနာဘာ၀ ဟုဆိုအပ်သော မမြင်အပ်သော သတ္တဝါတို့၏လောကကို ဆက်သွယ်ရာနည်းလမ်းအား ညွှန်ပြထားသည်။ တံခါးကိုဖွင့်လျှင် ဧည့်သည်ဝင်နိုင်သကဲ့သို့ အိမ်ရှင်လည်းထွက်နိုင်သည်။ မတူခြားနားသော လောကသားတို့တွင် မတူခြားနားသော စည်းမျည်းတို့ရှိ၏။ ကျွဲကူးလျှင်ရေပါ၏။ ချင့်ချိန် သုံးပါ။

ကျွန်ုပ်အမည် မောင်စံမှီ ဖြစ်သည်။ အသက်၁၂နှစ်သားတွင် မော်လမြိုင်မြို့ရှိ သာသနာပြုကျောင်းသို့ စတင်ဝင်ရောက်၏။ အသက် ၂၅ နှစ်သားတွင် ကျွန်ုပ်၏ မွေးစားဖခင်ဟု ခေါ်ဆိုထိုက်သော ဓမ္မဆရာတော်၏ ကျေးဇူးတော်နှင့် နေမဝင်အင်ပါယာသခင် ဂျော့ဘုရင်မင်းမြတ် နန်းစိုက်ရာ လန်ဒန်မြို့တော်၌ စိတ္တဗေဒပညာကို ဆက်လက်ဆည်းပူး၏။ သုတရတနာသိုက်ဟု ခေါ်ဆိုအပ်သော လန်ဒန်ပိဋကတ်တိုက်မှ “Portals to the other world” စာအုပ်ကို ကျွန်ုပ်၏ ချစ်မိတ်ဆွေကြီးအလန် နှင့်အတူ လေ့လာစမ်းသပ်ရင်း ဤမှတ်တမ်းအား စီရင်သည်။ လေ့လာစမ်းသပ်မူ၏ အကျိုးသက်ရောက်မူကား ကျွန်ုပ်တို့၏ဘဝကို ပြင်းစွာရိုက်ခတ်လေ၏။ ၎င်းဒဏ်ကို မခံနိုင်သော ကျွန်ုပ်၏ ချစ်မိတ်ဆွေ အလန်ကား သွားနှင့်လေပြီ။ အခြေအနေပေးလျှင် ကျွန်ုပ်တွင်ကျန်ရှိနေသေးသော အချိန်အတွင်း၌ ကျွန်ုပ်တို့၏ လေ့လာစမ်းသပ် တွေ့ရှိချက်များနှင့်တကွ ကျွနု်ပ်၏ဘ၀ ဇာတ်ကြောင်းကိုပါ ဤမှတ်တမ်း၌ ဖြည့်သွင်းပါအံ့။

ဦးစွာပထမ အနေနှင့် ကျွန်ုပ်လေ့လာတွေ့ရှိသမျှ အတွင်းမှ ထိရောက်မှူအရှိဆုံး နည်း၃ခုကို ဤမှတ်တမ်း၌ ဖေါ်ပြပါအံ့။ ၎င်းတို့မှာ သင်္ကေတ၊ အိမ်မက် နှင့် အသံတို့ဖြစ်၏။ ကျွန်ုပ်၏ အယူအဆမှာ လောက၌ ဘယ်ပညာမဆို လေ့လာဆည်းပူးခွင့်ကြုံလျှင်လေ့လာဆည်းပူးအပ်၏။ သို့သော် အသုံးချရန်အတွက်မူ ဉာဏ်နှင့် ယှဉ်အပ်၏။ ဤနည်း၃နည်း၏ အစွမ်းအား ကျွန်ုပ်တို့ကိုယ်တိုင် သေချာစွာစမ်းသပ်ပြီး ဖြစ်၍ရလဒ်အား သံသယဝင်ရန်မလိုပေ။ အထူးအလေးထားမှာကြားလိုသည်မှာ ကျွန်ုပ်တွေ့ရှိသမျှ အစွမ်းအထက်ဆုံးဖြစ်သော နည်းအား ဤမှတ်တမ်း၏ နောက်ဆုံးစာမျက်နှာ ၌ဖေါ်ပြထား၏။ အဆုံးစွန်သော အခြေအနေကို မတုန်လှူပ်သူ၊ လက်ခံရန် အသင့်ဖြစ်ပြီးသူ သာလျှင် နောက်ဆုံးစာမျက်နှာကို ဖတ်ပါလေ။
စံမှီ

ဟား စာရေးဆရာကတော့ အတော်ညွန်းတာပဲ။ သူ့စာအုပ်က နည်းက ဘယ်လောက်တောင် စွမ်းလို့လဲမသိ။ အရေးအသားကြည့်ရတာ ဒုတိယကမ္ဘာစစ်မတိုင်မှီက လူဖြစ်ပုံရတယ်။ ကျွန်တော် ဆက်မဖတ်သေးပဲ ကုလားထိုင်နောက်မှီပေါ် မှီထိုင်လိုက်ပြီး ညနေက အဖြစ်အပျက်ကို ပြန်တွေးနေမိပါတယ်။ ဒီနေ့ညနေဖြစ်ပျက်ခဲ့သမျှဟာ ကျွန်တော့်အတွက်တော့ စိတ်လှူပ်ရှားစရာ တွေချည်းပါပဲ။ နောက်ဆုံးတက္ကစီသမားကတောင် သူ့ကားကို သူရဲတက်စီးတယ်များထင်လားမသိ။ ဒါကြောင့် နောက်ကြည့်မှန်ကနေ ကျွန်တော်ဘယ်အချိန်ဖြတ်ကနဲ ပြောက်သွားမလဲလို့ ခပ်လန့်လန့်နဲ့ အကဲခပ်နေတာဖြစ်မယ်။ ဟားဟား ဟား။ ဒါတွေဟာ တကယ်ရော ဟုတ်ရဲ့လား။ ဟိုကျူရှင် အသစ်က ဆရာရဲ့ ပြင်းပြင်းရိရိ သင်နေတာတွေနားထောင်ရင်း ကျူရှင်ခန်းထဲမှာ ကျွန်တော် အိပ်ပျော်ပြီး အိမ်မက် မက်နေတာများလား။ ဒါမှမဟုတ် မှားစီးသွားတဲ့ ဘတ်စ်ကားပေါ်မှာ ပဲလား။

ညနေခင်းရဲ့လေအေးအေးဟာ ကားပြုတင်းပေါက်ကနေ ကျွန်တော့်မျက်နှာကို ခပ်ကြမ်းကြမ်း တိုးနေပါတယ်။ ကျွန်တော်နိုးလာတော့ပတ်ဝန်းကျင်မှာမှောင်စပျိုးနေပါပြီ။ လမ်းဘေးဝဲယာက မြင်ကွင်းတွေ ဟာလည်း ကျွန်တော့် အတွက်စိမ်းနေပါတယ်။ ဘတ်စ်ကားထဲကို ဝေ့ကြည့်လိုက်တဲ့ အခါမှာတော့ ကားထဲကလူတွေဟာ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာကို တွေ့လိုက်ရတယ်။ ဘယ်သူတွေလဲ။ ဘာလို့ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာလဲ။ သူတို့မျက်လုံးတွေက စူးစူးရဲရဲတွေ။ ကျွန်တော် ဘာလို့ဒီကားထဲကို ရောက်နေတာလဲဆိုတာ စဉ်းစားလို့မရဘူး။ ဒီကားကရော ဘယ်ကိုသွားနေတာလဲ။ ကျွန်တော် ထိုင်ရာကထဖို့ ကြိုးစားလိုက်တယ်။ ကျွန်တော့်ဘေးက ဟက် ကနဲရယ်သံ ကြားလိုက်ရတယ်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ လူပုပုလေးတစ်ယောက် ကျွန်တော့်ကို ရီပြနေတယ်။ သူ့ပါးစပ်ထဲမှာ အစွယ်တွေဖွေးကနဲ။ လက်ထဲမှာလည်း သန်လျှက်လိုပုံစံ ဓားတစ်ချောင်း။ ကျွန်တော့်ကိုဆတ်ကနဲ ဓားနဲ့ရွယ်လိုက်တယ်။
အား….

ကျွန်တော် လန့်နိုးလာပြန်တယ်။ မျက်နှာကို လေတဖြူးဖြူးတိုးနေဆဲပဲ။ တကယ်တော့ အခန်းထဲက စာကြည့်စားပွဲရှေ့မှာထိုင်ရင်း အိပ်ပျော်သွားတာပဲ။ ရှေ့က ပြူတင်းပေါက်ဘောင်ပေါ်ကို လရောင် ထိုးကြနေတယ်။ ခန်းစီးစက လေထဲမှာတလူလူလွင့်ရင်း။ စားပွဲပေါ်က စာအုပ်လေးက လေအဝေ့မှာ စာရွက်တွေတဖြတ်ဖြတ်နဲ့ လန်နေတယ်။ အိပ်ရေးမဝဘဲ လန့်နိုးလာလို့ လူက လေးလံထိုင်းမိူင်းနေတယ်။ အိပ်ချင်စိတ်မပြေ့တပြေ ဝိုးတို့ဝါးတားနဲ့ ကျွန်တော် စာအုပ်ကို ကြောင်ကြည့်နေမိတယ်။ စက်ဝိုင်းပုံစံတစ်ခု၊ နောက်စာတွေ၊ နောက် စာရွက်လွတ်ဝါကျင့်ကျင့်တွေ၊ နောက်စာတွေ ပြန်ပေါ်လာပြန်တယ်။ နောက်ထပ် စာရွက်လွတ်ဝါကျင့်ကျင့်တွေ တဖြတ်ဖြတ်။ ကျွန်တော်ရုတ်ရက်သတိရလိုက်တယ်။ “နောက်ဆုံးစာမျက်နှာ” “အဆုံးစွန်သော အခြေအနေ” ဝါကျင့်ကျင့်စာရွက်တွေ တဖြတ်ဖြတ်လန်ရင်း နောက်ကျောဖုံးဖက်မှာ ခပ်ပါးပါးသာကျန်တော့တာ ကျွန်တော်တွေ့နေရတယ်။ ဒါနောက်ဆုံးစာမျက်နှာလား။ နောက်တစ်ရွက်မှာလား။ တဒင်္ဂ အချိန်လေးမှာ တဖြတ်ဖြတ်လန်နေတဲ့ စာရွက်တွေကို စိုက်ကြည့်နေရင်း ကျွန်တော်ရင်ထဲမှာ ဒိန်းကနဲ ကြောက်စိတ်တွေဝင်လာတယ်။ ကျွန်တော့် ဦးခေါင်းထဲကို တစ်ခုခု ဝင်ဆောင့်မိသလိုပဲ။ ကျွန်တော် ဖတ်ကနဲ စာအုပ်ကို လက်ဖဝါးနဲ့ လှန်းဖိလိုက်တယ်။ ကျွန်တော့်လက်ဖဝါးအောက်မှာ ကတ်ထူဖုံးမာမာတစ်ဝက် ရိုးရိုးစာရွက်တဝက်ကို ခံစားမိလိုက်တယ်။ ဒါ…. နောက်ဆုံးစာမျက်နှာ။

လက်ဖဝါးအောက်မှာ အေးစက်စက် ယားကျိကျိနဲ့လို့ ကျွန်တော် ခံစားမိလာတယ်။ နောက်ဆုံးစာမျက်နှာကို ကျွန်တော်ကြည့်မိသွားပြီလား။ ဒါမှမဟုတ် အခုလက်ဖဝါးအောက်မှာလား။ လက်ကိုဖယ်ပြီးကြည့်လိုက်ရင် ကောင်းမလား။ ကြည့်ပြီးတာနဲ့ ကျွန်တော့်ဘေးမှာ ဝိုင်းရံနေတဲ့ သရဲတွေကို ကျွန်တော် တွေ့ရတော့မှာလား။ သူတို့က ကျွန်တော့်ကို တစ်ခါတည်း ခေါ်သွားကြတော့မှာလား။ ဒါတွေဟာ တကယ်ရော အဓိပ္ပါယ်ရှိရဲ့လား။ ရှေ့က ပြူတင်းပေါက် အပြင်ဖက်မှာ လူပ်ရမ်းနေတဲ့သစ်ကိုင်းတွေက သရဲတစ်ကောင်က လက်ရပ်ခေါ်နေသလိုပဲ။ ကျွန်တော် သက်ပြင်းတစ်ချက်ရှိုက်ရင်း လက်ကို ဖယ်ပြီးငုံ့ကြည့်လိုက်တယ်။ ကျွန်တော်တွေ့လိုက်ရတာ ကတော့။ ဝါကျင့်ကျင့် စာရွက်လွတ် တစ်ရွက်ပါပဲ။ ဟူး….. ကျွန်တော် ကို့ကိုယ်ကို ရီချင်သွားတယ်။

ဒါဟာ ရေခံစာရွက်တစ်ရွက် ဖြစ်မှာပါ။ ဒါဆို နောက်ဆုံး စာမျက်နှာကို လှန်ပြီးသွားပြီပေါ့။ ကျွန်တော်ကြည့်မိသွားသလားဆိုတာ မမှတ်မိသလိုပဲ။ နောက်ပိုင်းမှာ ဝါကျင့်ကျင့်စာရွက်လွတ်တွေပဲ တွေ့လိုက်တာပါ။ ဒါပေမယ့် စာသားတစ်ချို့တော့တွေ့လိုက်သလိုပဲ။ ကျွန်တော်ဖတ်မိလိုက်သေးလား မသိတော့။ အိပ်ချင်မူးတူးနှင့် ကျွန်တော့်မှတ်ဉာဏ်တွေေ၀ဝါးနေပြီ။ ကျွန်တော် ရှေ့ကစာအုပ်ကို ပြန်ပိတ်လိုက်တယ်။ ကြိုးကိုသေချာစည်းပြီး ကျောင်းလွယ်အိပ်ထဲကို ထိုးထည့်လိုက်တယ်။ ပြူတင်းပေါက် တံခါးကိုလည်း သေချာပိတ်ပြီး အိပ်ယာထဲထိုးဝင်လိုက်တယ်။ ဘာမှမသိလိုက်ခင် ကျွန်တော် ပြန်အိပ်ပျော်သွားပါတော့တယ်။

နာရီအလမ်း မြည်သံနဲ့အတူ ကျွန်တော်တစ်ရေးပြန်နိုးတော့ မိုးလင်းနေပါပြီ။ မနေ့ညက ခန္ဓာကိုယ် အရမ်းပင်ပန်းနေတော့ စိတ်က ဘယ်လိုမှ မလန်းဆန်းနိုင်ခဲ့တာပါ။ လုပ်နေကြအတိုင်း ကျောင်းသွားဖို့ အချိန်ကိုက် အမြန်ပြင်ဆင်ပြီး ကျောင်းကိုထွက်လာခဲ့ပါတယ်။ ကျောင်းရောက်မှ ဟိုကောင် လင်းအောင်ကို အပြစ်ပေးတဲ့အနေနဲ့ သူ့စိတ်ကို ဒုက္ခပြန်ပေးရမယ်။

“ဟေ့ရောင် ထွန်းဇော် မနေ့က လေ့လာရေးခရီးစဉ် တော်တော်ပျော်ခဲ့ရဲ့လား ဟားဟား”

          ကျွန်တော်ပြစ်ပြစ်နှစ်နှစ် တစ်ချက်ဆဲလိုက်တယ်။ သကောင့်သားက ကျွန်တော့်အဆဲကို ပြုံးဖြီးဖြီးနဲ့ ကျေနပ်စွာခံယူပါတယ်။ ခင်မင်မူခိုင်မြဲရေးတစ်ခါတစ်လေ အဆဲလေးနဲ့ပံ့ပိုးရတယ်လေ။ နေမကောင်းလို့သတင်းလာမေးရင်တောင် “သူငယ်ချင်းသက်သာလား၊ ဂရုစိုက်နော်၊ ဘာစားမလဲ” စသည်ဖြင့်မေးတဲ့သူတွေထက် “ဟေ့ရောင် မသေသေးဘူးလား၊ စိတ်ချသွားပါကွာ မင်းညီမလေး ငါစောင့်ရှောက်လိုက်ပါ့မယ်၊ အေး မင်းကသူ့ညီမယူ ငါက MP4 လေးပဲယူမယ်၊ အဲဒါက လက်မများဘူး ” စသည်ဖြင့် မေးတဲ့သူတွေက ပိုခင်ကြတာပါ။

“မနေ့က မင်းဘယ်သွားလို့ ငါနဲ့အတူမပြန်တာလဲ”
“ငါတို့ အဖေဝယ်ထားတဲ့ တိုက်ခန်းတစ်ခန်းသွားကြည့်တာပါကွာ”
“အော်…. အေး မင်း သိပ်စိတ်ဝင်စားမဲ့ကိစ္စတစ်ခု ရှိတယ်ကွ၊ ဒါပေမယ့် အခုမပြောပြဘူး၊ ကျောင်းဆင်းမှ ပဲပလာတာသွားစားမယ် မင်းရှင်းပြီးမှပြောမယ်”
“ဟား ဟား ဒါမျိုးတွေ ရိုးပြီကွာ၊ ကလေးအထာတွေ”

ဒါပေမယ့် တစ်နေ့လုံးဒီကောင်မနေနိုင်ပဲ ကျွန်တော့်ကို လိုက်မေးနေပါတယ်။ ကျွန်တော်လည်း တစ်နေ့လုံး ကျေနပ်စွာနဲ့ ညှင်းထားလိုက်တယ်။

“ကဲ မသာ… မြိုလို့ဝရင်လဲပြောတော့”
“ဒီလိုကွ”

ကျွန်တော့် မနေ့ကအတွေ့အကြုံကို ဇတ်ကြောင်းလှန်အပြီးမှာတော့။

“အိုကေ၊ လာ ခုငါ့အိမ်အရင်သွားကြမယ်၊ မင်းအိမ်မှာ စာလိုက်ကျက်မယ်ဆိုတာပြောပြီး အဝတ်အစားတွေသွားယူမယ်ကွာ၊ ပြီးမှ အတူမင်းအိမ်သွားကြတာပေါ့”
“ဟင် ဟေ့ရောင် မနက်ဖြန်ကျူတိုရီရယ် ရှိတယ်လေကွာ”
“အေးဆေးပါကွာ မင်းကလည်း စာလည်းကျက်မှာပေါ့၊ စကားမများနဲ့ မြန်မြန်သောက်၊ ပြီးရင်သွားမယ်”

အဲလိုနဲ့ ညစာစားပြီးတော့ ကျွန်တော့်အခန်းကိုတက်လာခဲ့ကြပါတယ်။ လင်းအောင် အမှာစာကိုဖတ်နေတုန်း ကျွန်တော် စာရွက်ကြီးကြီး တစ်ရွက် နဲ့ ခဲတံရယ် အကြွေစေ့တစ်စေ့ရယ် ပါရှာထားလိုက်တယ်။ ပြီးတော့ ကျွန်တော် သင်္ကေတ ဆိုတဲ့ စာမျက်နှာက စက်ဝိုင်းပုံကို စာရွက်ထဲမှာ ကူးဆွဲလိုက်တယ်။ လင်းအောင်က သင်္ကေတ စာမျက်နှာကိုကြည့်ရင်း

“ဟေ့ရောင် ဒီနည်းက ရှင်လင်းချက်လည်းသိပ်မပါဘူး၊ အိမ်ထဲမှာလုပ်ရင် အနီးဆုံးတံခါးကို ဖွင့်ထားရမယ် ဆိုတာရယ်၊ စိတ်ထဲက လိူက်လိူက်လှဲလှဲ ဖိတ်ခေါ်ဖို့ရယ်၊ အကြွေစေ့ကို မဖိဖို့မတွန်းဖို့၊ ပြီးတော့ တစ်ယောက်ကို လက်ညိုးတစ်ချောင်းနဲ့ ပဲထောက်ဖို့၊ တော်ပြီဆိုရင် ယဉ်ယဉ်ကျေးကျေးပြန်ခိုင်းဖို့ ရယ် အင်း ဒါပဲ”
“အေးလေ အဲဒါ ရှင်းလင်းချက်တွေပေါ့ဟ”
“ဒါက ဘာလဲကွ….. သင်သည်ဧည့်သည်ကို ရိုးသားစွာမေးခွန်းမေးနိုင်သည်၊ ဧည့်သည်က သင့်စိတ်ကို သိနိုင်၏၊ အဖြေ၏အကျိုးဆက်ကိုလည်း သင်ရင်ဆိုင်ရမည်….. ဆိုတာ”
“အော် မင်းကလည်း ပေါက်ကရမမေးနဲ့ လို့ဆိုလိုတာပေါ့ကွာ၊ ဟေ့ရောင် ခဏပဲနော် စာကျက်ရအုံးမှာ”
“အေးကွာ ဒီကျူတိုရီရယ်ကလဲ၊ မစစ်လဲရတာကို”
“မင်းပဲ စောစောက အေးဆေးဆို၊ လုပ် မြန်မြန် စမ်းပြီး စာကျက်ကြမယ်”

          ကျွန်တော် ပြူတင်းပေါက်တံခါးကို သွားဖွင့်လိုက်တယ်။ မီးရောင်ကိုလည်း ခပ်မှိန်မှိန် ထွန်းလိုက်တယ်။ ပြီးတော့စာရွက်ရဲ့အလယ်က သင်္ကေတပုံပေါ်မှာ အကြွေစေ့ကို တင်လိုက်ပြီး ကျွန်တော်နဲ့လင်းအောင် လက်ညှိးနဲ့ထောက်လိုက်ကြတယ်။

          ကျွန်တော်စိတ်ထဲကနေ ဘယ်နေရာကဘယ်သူမှန်းမသိတဲ့ဧည့်သည်ဆိုတာကို ဖိတ်ခေါ်နေတယ်။ လင်းအောင်ကလည်း နူတ်ခမ်းက ရွစိရွစိနဲ့ ဘာတွေ ရွတ်နေမှန်းမသိဘူး။ ငယ်ငယ်ကလိုတော့ မျက်နှာမပြောင်တော့ဘဲ အတည်လုပ်နေတာ။ ခဏနေတော့ အကြွေစေ့က ရွေ့ချင်သလိုပဲ
“ဟေ့ရောင်လင်းအောင် မတွန်းနဲ့လေကွာ”
“ဟီး မင်းဧည့်သည်က လာလဲမလာဘူးကွ”

          ကျွန်တော်တို့ ခဏဆက်ပြီး ငြိမ်ငြိမ်သက်သက် စိတ်ထဲကနေဖိတ်ခေါ်နေလိုက်တယ်။ ဘာမှမထူးခြားဘူး။ ကျွန်တော် နည်းနည်းပြင်းလာတယ်။ ဒီနည်းက ဟုတ်ရောဟုတ်ပါ့မလားကွာ။ စာရေးသူကတော့ အထိရောက်ဆုံးနည်းတွေထဲက တနည်းတဲ့။ အကြွေစေ့ကတော့ တုတ်တုတ်မှမလူတ်ပါဘူး။

“ဟေ့ရောင် ထွန်းဇော်၊ အပေါက်ဖွင့်ထားလို့လားမသိဘူး နဲနဲအေးလာတယ်နော်”
“အင်း”

          ကျွန်တော့် ရင်ခုန်သံတွေ ဒိတ်ကနဲမြန်လာတယ်။ ဟုတ်တယ် သူလာပြီ။ ကျွန်တော်စိတ်ထဲက အလိုလိုသိနေတယ်။ ခဏနေတော့ အကြွေစေ့ စတင်လူပ်လာတယ်။ တဖြည်းဖြည်းနဲ့စာလုံးတွေဆီကို တစ်ခုချင်းရွေ့သွားနေတယ်။ ကျွန်တော်တို့လက်ညိုးနဲထောက်ရင်း အလိုက်သင့် ရွေ့သွားလိုက်တယ်။

“ထွန်းဇော် မင်းလုပ်တာလား”
“မဟုတ်ဘူး”
“Hi တဲ့ကွ ဧည့်သည်က ဘိုလိုမူတ်တယ် ဟ”
“ABCD တွေရေးထားတာ ဘိုလိုမူတ်ရမှာပေါ့ဟ၊ မင်းဘာမေးမှာလဲ”
“ဟေ့ရောင် ထွန်းဇော် တကယ်ကြီးလားဟ၊ ငါလန့်တယ်နော်”
“ကဲ မင်းမမေးရင် ငါမေးမယ်၊ ဧည့်သည် သင် ဒီစာအုပ်ကိုရေးတဲ့သူကိုသိလား”
         
          အကြွေစေ့ဟာ SAMME ဆိုတဲ့ စာလုံးတွေပေါ်ကို တလှည့်စီဖြည်းဖြည်းချင်းရွေ့သွားတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အအေးဓာတ်ဟာလဲ တဖြည်းဖြည်းပိုတိုးလာပါတယ်။ ကျွန်တော် လင်းအောင်ကို မျက်ရိပ်ပြလိုက်တယ်။ ဒီကောင့်ကြည့်ရတာ ကြောက်နေသလိုပဲ။ ထူးထူးခြားခြား  ကျွန်တော်ကတော့ မလုပ်ခင်က စိတ်လူပ်ရှားမိပေမယ့် စလုပ်လိုက်တဲ့ အခါမှာ ကြောက်စိတ်ထက် စိတ်ဝင်စားတာက ပိုနေပါတယ်။ လင်းအောင်က အားတင်းပြီးမေးလိုက်တယ်။

“မနက်ဖြန် ကျူတိုရီရယ်ဖြေမှာလား”

          ကျွန်တော် ဒီကောင့်ကို မျက်စေ့ပြူးပြလိုက်တယ်။ ဘာတွေလျှောက်မေးနေတာလဲဟ။ ဆရာမက ဖြေမှာပါဆို။ အကြွေစေ့က မလူတ်တော့ဘဲ ငြိမ်နေတယ်။ ဒီကောင်တော့ ပေါက်ကရ မေးမိပြီထင်တယ်။ ခဏနေတော့ လူပ်လာပြီး။ NO လို့ ရေးထားတဲ့ အကွက်ပေါ်ကို ရွေ့သွားတယ်။ လင်းအောင်က အသံတုန်တုန်နဲ့ပြောတယ်။

“ဟေ့ရောင် ငါတော်ချင်ပြီကွာ”
“အေးလေ မင်းသဘောပဲ”

          ကျွန်တော်ပြောရင်း စိတ်ထဲကနေ ဧည့်သည်ကို ပြန်လို့ရပြီဖြစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောနေမိတယ်။ သူနားလည်မယ်လို့လဲ အလိုလိုထင်နေမိတယ်။ ခဏနေတော့ အကြွေစေ့က အလယ်က သင်္ကေတပုံပေါ်ကို ရွေ့သွားပြီးငြိမ်သွားပါတယ်။ ကျွန်တော်တို့ တော်တော်ကြာ စောင့်ကြည့်ပေမယ့် မလူတ်တော့ဘူး။

“ပြန်သွားပြီလားမသိဘူး”
“အေး ကြာသွားပြီ မလူတ်တော့ဘူး၊ လက်ဖယ်ကြရအောင်”

          ကျွန်တော်တို့လက်ညိုးကို ပြိုင်တူရုတ်လိုက်ကြတယ်။ အခုမှသတိထားမိတယ်၊ နှစ်ယောက်လုံး ရေချိုးထားသလို ချွေးတွေရွှဲနေတာပဲ။ အအေးဓာတ်လဲ ဘယ်အချိန်က ပျောက်သွားမှန်းတောင် မသိလိုက်ဘူး။ ကျွန်တော်တို့ နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ စာရွက်နဲ့ အကြွေစေ့၊ စာအုပ်တို့ကို သိမ်းပြီး ကျောင်းစာအုပ်ကိုထုတ်ရင်း စာစပြီးကျက်ကြပါတယ်။ နှစ်ယောက်လုံး စာကျက်ရတာလဲ သိပ်စိတ်မပါကြတော့တာနဲ့ ခဏပဲကျက်ပြီးတော့ အိပ်လိုက်ကြပါတယ်။ မနက်လင်းတော့ ကျောင်းသွားဖို့ပြင်ဆင်ကြရင်း လင်းအောင်က
“ထွန်းဇော် စာအုပ်ကို ငါယူထားချင်တယ်ကွာ”
“အေးပါ အစထဲကမင်းပေးမလို့ပါပဲ၊ ဒါပေမယ့် မင်းစိတ်နိုင်ရဲ့လား၊ မနေ့ညက မင်းကြောက်နေသလိုပဲ”
”အောင်မာ မထင်မှတ်ထားလို့ ရုတ်တရက်ဆိုတော့ အံ့သြသွားတာပါကွာ၊ လင်းအောင်တို့က မကြောက်သေးဘူး”
“ဒါဆိုလဲပြီးတာပဲ၊ ဒါပေမယ့် မင်းကတိတခုပေးမှ စာအုပ်ကိုငါပေးမယ်”
“ဘာလဲ၊ မင်းညီမလေးကို….”
“ဟေ့ရောင် တော် ငါဆွဲထိုးလိုက်ဦးမယ်၊ ငါပြောတာက မင်းနောက်ဆုံးစာမျက်နှာကို လှန်မကြည့်ပါဘူး ဆိုတဲ့ကတိကိုပြောတာ”
“အောင်မယ် တွေ့လားမင်းကမှကြောက်တာ”
“ကြောက်လို့မဟုတ်ဘူး၊ ဒီစာအုပ်ရဲ့ထိရောက်ပုံကိုမင်းလဲသိပြီပဲ၊ ငါတို့က ခုမှအစပဲရှိသေးတာ၊ စာရေးသူပြောတဲ့စကားကိုနားထောင်တာ မမှားဘူးလို့ငါထင်တယ်၊ အဆုံးစွန် အခြေအနေဆိုတာ ငါနားမလည်ဘူး၊ ရင်လည်းမဆိုင်ချင်သေးဘူး၊ ဒါကြောင့်ပြောတာ”
“အေးပါကွာ ငါကတိပေးပါတယ်၊ လာ ကျောင်းနောက်ကျအုံးမယ်”

          နှစ်ယောက်သား ကျောင်းမှီအောင် အပြေးအလွှားသွားကြရပါတယ်။ ကျောင်းကို ရောက်ရောက်ချင်း ကြားလိုက်ရတဲ့သတင်းကတော့။ မနေ့ညက အတန်းပိုင်ဆရာမ ကားအက်ဆီဒန့် ဖြစ်လို့တဲ့။ ကျွန်တော်တို့အားလုံး မထင်မှတ်တဲ့သတင်းကြောင့် အံ့သြရင်း စိတ်မကောင်း ဖြစ်ကြရပါတယ်။ အတန်းခေါင်းဆောင်က ဆေးရုံကို သတင်းသွားမေးကြဖို့ ပြင်ဆင်နေပါတယ်။ လင်းအောင်ပါးစပ်က တိုးတိုးရေရွတ်လိုက်တာကို ကျွန်တော်ကြားလိုက်ရတယ်။

“ကျူတိုရီရယ် မဖြေရတော့ဘူး”

          ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။ လင်းအောင်ကပြောတယ်။

“ဒီနေ့ည ထပ်စမ်းမယ်”


ဆက်ပါမည်

_________
ကွန်းဇော်