သူငယ်ချင်းတို့ရေ ရုပ်ရှင်ထဲမှာ လူဆိုးကို ရဲတွေက မုသားဖေါ်စက် (lie detector) သုံးပြီး အမှူစစ်တာမျိုး တွေ့ဖူးကြမှာပါ။ အဲဒီလို စက်မျိုးမလိုပဲ လူတစ်ယောက်လိမ်နေတာကို သိနိုင်မယ့် နည်းတွေရှိရင် မလိုချင်ကြဘူးလား။ ဒီနည်းတွေကို ရဲတွေ စိတ်ပညာရှင်တွေ စုံထောက်တွေ ရှေ့နေတွေ တင်မက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မန်နေဂျာတွေ ပါသုံးတတ်ကြပါတယ်။ ဟဲဟဲ ကြော်ငြာနဲနဲ များသွားပြီ။ တကယ်တော့ ဒီ အချက်တွေတွေ့တိုင်း လိမ်နေပြီလို့ အတိအကျ မဆိုနိုင်ပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ခန့်မှန်းနိုင်မှာပါ။ အဲဒီတော့ သူငယ်ချင်းတို့ အရေးကြီးတဲ့ ကြောင်းအရာတစ်ခုကို တစ်ယောက်ယောက်ကို မေးဖို့လိုလာပြီဆိုရင် မမေးခင် သူ့ရဲ့ ကိုယ်အမူအရာ စကားလုံးသုံးစွဲပုံ တုန့်ပြန်ပုံတွေကို ဂရုတစိုက် အကဲခတ်ဖို့ ပြင်ဆင်ထားပါ။ ပြီးရင်တော့ သူ့ရဲ့ဖြေဆိုပုံနဲ့ အောက်ပါ အချက်တွေကို တိုက်ဆိုင် စစ်ဆေးကြည့် လိုက်ရင် အနီးစပ်ဆုံးခန့်မှန်းနိုင်မှာပါ။
(၁) ခန္ဓာကို အမူအရာ
- စိတ်ဖိစီးမူ မရှိတဲ့လူတစ်ယောက်ဟာ စကားပြောနေချိန်မှာ မိမိကိုယ်ကိုသက်သောင့်သက်သာ ဆန့်ပြီးနေလေ့ရှိပေမယ့်၊ လိမ်လည်ပြောဆိုမယ့် လူဟာ ကိုယ်ခန္ဓာကို နေရာကျဉ်းကျဉ်းပဲ ယူထားတတ်ပါတယ်။ လိမ်မပြောခင် လက် နဲ့ခြေတွေကို အပြင်ကို ဆန့်လေ့မရှိပဲ ကိုယ်ဘက်ကိုပဲ ကပ်လေ့ ရှိတယ်။
- လိမ်မယ့်သူဟာ မျက်စေ့ချင်းမဆုံမိအောင်နေလေ့ရှိတယ်။ (ဒါပေမယ့် ဒါဟာ ငယ်ရွယ်သူတွေမှာပဲ မှန်တတ်ပါတယ်။ အတွေ့အကြုံ ရင့်ကျက်သူတွေ ကတော့ မျက်စေ့ချင်း ဆုံအောင် လုပ်ခြင်းအားဖြင့် တဖက်လူရဲ့ ယုံကြည်မှူကို ယူရန်ကြိုးစားတတ်ပြန် ပါတယ်။)
- သူ့ရဲ့ လက်ဟာ မျက်နှာ၊ ပါးစပ်၊ လည်ပင်းတို့ကို ထိလိုက်တတ်တယ်။ ဒါမှမဟုတ် နှာခေါင်း၊ နားရွက်နောက်ပိုင်းတို့ကို ကုတ်လေ့ရှိတယ်။ များသောအားဖြင့် လိမ်မယ့်သူဟာ မသိစိတ်ကနေ သူ့ပါးစပ်ကို လက်နဲ့ကွယ်ဖို့ကြိုးစားတတ်တယ်။
- စကားပြောသူဟာ သူ့မှာ လိမ်လည်ဖုံးကွယ်စရာမရှိတဲ့အခါမှာ နားထောင်သူဖက်ကို ကိုယ်ကိုကိုင်းညွှတ်ဖို့ ဝန်မလေးပေမယ့် လိမ်လည်မယ့် အခါမှာတော့ နောက်ကို ယိုင်ထား လိုတယ်။ (ဒါပေမယ့် ဒါဟာ တဖက်လူကို မနှစ်သက်ခြင်း၊ အကြောင်းအရာကို စိတ်ဝင်စားမှူနဲခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။)
- စကားပြောရင် လက်ဟန်ခြေဟန်နဲ့ပြောလေ့ရှိသူတွေဟာ လိမ်ပြောနေတဲ့အခါမှာ လက်လှူပ်ရှားမှူ နဲသွားတတ်ပြီး တစ်ခါတစ်လေ လုံးဝရပ်သွားတတ်ပါတယ်။
- စိတ်လှူပ်ရှားနေသူ မှာ တံတွေးဂလင်းတွေ အလုပ်မလုပ်ဘဲ လည်ချောင်းနဲ့ အာခြောက်လာပြီး တံတွေး မျိုခြင်း၊ ချောင်းဟပ်ခြင်းတို့ မကြာခဏလုပ်လေ့ရှိပါတယ်။ ဒါဆိုရင်တော့ ကြောက်နေတာ သို့မဟုတ် လိမ်ပြောနေတာ ဖြစ်နိုင်ပါတယ်။
(၂) ခံစားချက်ကိုဖေါ်ပြခြင်း
- ပြောလိုက်တဲ့ စကားလုံးနဲ့ ဖေါ်ပြတဲ့ ခံစားချက်အမူအရာဟာ အချိန်မကိုက်တတ်ဖူး
ဥပမာ။ ကိုယ်မကြိုက်တဲ့ ပစ္စည်းတခုကို လက်ဆောင်ရရှိတဲ့အခါ ယဉ်ကျေးမှူအရ “ဟာ ကောင်းလိုက်တာ”လို့ ပြောပြီးမှ ပြုံးလိုက်တတ်တယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းဆိုရင်တော့ တစ်ခါထဲပြုံးရင်းပြောလေ့ရှိပါတယ်။
- ခံစားချက်ကို ဖေါ်ပြတဲ့ အမူအရာဟာ စကားလုံးထက် နောက်ကျယုံမက သာမန်ထက်ကြာကြာ ပိုဖေါ်ပြပြီး မှ ရုတ်တရက် ရပ်လိုက်တတ်တယ်။
- တစ်ခါတစ်ရံ စကားလုံးနဲ့ အမူအရာနဲ့ မကိုက်တတ်ဘူး
ဥပမာ။ “ငါမင်းကိုချစ်ပါတယ်” လို့ပြောပြီး မျက်ခုံးရှုံ့လိုက်တာမျိုး
- ပျော်ရွှင်ခြင်း ဝမ်းနဲခြင်း အံ့သြခြင်းတို့ကို ဖေါ်ပြတဲ့ အခါ မျိုးမှာ လိမ်လည်တဲ့သူဟာ ပါးစပ်တဝိုက် မှာသာ လှူပ်ရှားလေ့ရှိတယ်။ တကယ့် ခံစားချက်နဲ့ ပြုံးရီတဲ့အခါမှာတော့ ပါးစပ်တွန့်ကွေးရုံတင်မက မျက်နှာရဲ့ တစ်ခြားကြွက်သားများပါ လှူပ်ရှားမှူ့ကြောင့် မျက်စေ့ပေါက်မှေးသွားခြင်း မေးရိုးနဲ့ပါး လှူပ်ရှားခြင်း နှဖူးအောက်ဖက်ကိုတွန့်ရှုံ့သွားခြင်းတို့ ဖြစ်စေပါတယ်။
(၃) တုံ့ပြန်မှူ
- စွပ်စွဲခံရတဲ့အခါ အပြစ်ရှိတဲ့ သူဟာ စကားလုံး အမူအရာ အားဖြင့် ခုခံပြောဆိုဖို့ အားသန်ပြီး၊ အပြစ်မဲ့သူဟာ ဒေါသနဲ့ ပြန်လည် တိုက်ခိုက်ဖို့ အားသန်တယ်။ (ဒါပေမယ့် အပြစ်မဲ့သူဟာ စွပ်စွဲခံရလို့ ရှက်ရွံ့သွား ကြောက်သွားတဲ့အခါမှာလည်း အတင်းငြင်းဆန် တတ်တာကို သတိထားရပါမယ်။)
- လိမ်လည်တဲ့သူဟာ မေးခွန်းထုတ်တဲ့ သူနဲ့ မျက်နှာခြင်းဆိုင်နေလိုစိတ်မရှိပဲ ဦးခေါင်း သို့မဟုတ် ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလှည့်ထားတတ်တယ်။
- အမှူ့မဲ့ အမှတ်မဲ့နဲ့ မေးသူနဲ့ သူ့ရဲ့ကြားမှာ ပစ္စည်းတစ်ခုခု (စာအုပ်၊ လက်ဖက်ရည်ပန်းကန် စသည်) ကို ချထားတတ်တယ်။
- Yes/no မေးခွန်းတွေကို လိမ်ဖြေတဲ့အခါ မဖြေခင် ခေါင်းညိတ်၊ ခေါင်းခါပြဖို့ တွန့်ဆုတ်နေတတ်ပြီး တစ်ခါတစ်ရံ အဖြေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတတ်တယ်။
(၄) စကားလုံးသုံးစွဲပုံ
- လိမ်လည်ချင်သူဟာ မေးခွန်းကို တိုက်ရိုက်မဖြေပဲ မလုံမလဲပြုံးပြီး ဝေ့ဝိုက်ဖြေလေ့ရှိတယ်။
ဥပမာ။ “အံစွဲထဲက ပိုက်ဆံ ရှင်ယူသုံးလိုက်သလား” လို့မေးရင် “မင်း အံစွဲထဲထားတာရော ဟုတ်လို့လားကွာ” လို့ ဖြေတာမျိုး
- ဟာသလုပ်ပစ်ခြင်း ထေ့လုံးငေါ့လုံးများ သုံးခြင်းတို့နဲ့လဲ မေးသူကို အာရုံလွှဲတတ်တယ်။
- မေးသူကို စွဲဆောင်နိုင်ရန် လိမ်လည်သူဟာ မလိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို ထည့်ပြီး စကားကို ရှည်ရှည်ဝေးဝေး ပြောလေ့ရှိတယ်။ စကားဝိုင်း အသံတိတ် ရပ်တန့်သွားပြီး မေးသူ စဉ်းစား ဆင်ခြင်ခွင့် ရသွားမှာ မလိုလားဘူး။
- လိမ်လည်သူဟာ သာမန်ထက် အသံတိုးပြီး ဗလုံးဗထွေးနဲ့လဲ ပြောလေ့ရှိတယ်။
- တစ်ခါတစ်လေ မလိုအပ်ပဲ မေးသူရဲ့မေးခွန်း အတိုင်း အတိအကျ ပြန်ကောက်လေ့ရှိတယ်။
ဥပမာ။ “ဟေ့ကောင် မင်း ညနေက လက်ဘက်ရည်ဆိုင်သွားတာလား ကျူရှင်သွားတာလား” လို့မေးရင် ကျူရှင်သွားတဲ့သူက “ကျူရှင်သွားတာ” လို့ဖြေပြီး လက်ဘက်ရည်ဆိုင် သွားတဲ့သူက “ကျွန်တော် လက်ဘက်ရည်ဆိုင်မသွားဘူး ကျူရှင်သွားတာ” လို့လိမ်တတ်ပါတယ်။
Googling လုပ်ပြီး မှတ်စုထုတ်ထားတာတွေပါ။ အရေးကြီးတာပြောပါအုံးမယ်။ ဒီအချက် တစ်ခုနှစ်ခုလောက်နဲ့ တိုက်ဆိုင်ယုံနဲ့ သူတပါးကို လူလိမ်လို့ သွား စွပ်စွဲရင်တော့ အဆင်အခြင် နည်းရာ ကျပါလိမ့်မယ် ခင်ဗျာ။ တကယ်တော့ ဒါတွေဟာ လိမ်လည်သူတွေပြုလေ့ရှိတဲ့ အပြုအမူတွေကို လေ့လာ စာရင်းပြုစုထားတာ ဖြစ်တာကြောင့် ဒီအချက်တွေ တော်တော်များများနဲ့ကိုက်ညီရင် လိမ်နေတာ ဖြစ်ဖို့ အခွင့်အလမ်းများတယ်ဆိုတာ လောက်ပဲ ခန့်မှန်းနိုင်မှာပါ။ ဒါဆိုရင် ကိုယ်ဘက်က သတိထားနိုင်တာပေါ့။ အဲဒီလောက်ပဲ အသုံးချသင့်ပါတယ်။
(၅) မျက်လုံး ရွေ့လျားပုံ
ကိုယ်နဲ့စကားပြောနေသူတစ်ယောက်ရဲ့မျက်လုံးရွေ့လျားပုံဟာလည်း သူ့စိတ်အခြေအနေကို ဖေါ်ပြနေပါတယ်။ ဥပမာ ကိုယ်မေးလိုက်တဲ့မေးခွန်းကို ဖြေတဲ့အခါ သူရဲ့မျက်လုံးဟာ ဘယ်ဘက် အပေါ်ကိုရွေ့လား ဘေးကိုရွေ့လား အောက်ဘက်ကိုရွေ့လား နောက်ပြီး ညာဘက် အပေါ်ကိုရွေ့လား ဘေးကိုရွေ့လား အောက်ဘက်ကိုရွေ့လား ဆိုတာကိုကြည့်ပြီး သူ့စိတ်ကို မှန်းဆနိုင်ပါတယ်။
- ဖြေသူရဲ့ ဘယ်ဘက်အပေါ်(မေးသူရဲ့ညာဘက်အပေါ်)
ပုံရိပ် ကို ပြန်လည် အမှတ်ရခြင်း။ ဥပမာ “မင်းမနေ့က ဘာဝတ်လဲ”လို့မေးရင် သူ့မျက်လုံးဟာ ဘယ်ဘက်အပေါ်ကို ဖြတ်ကနဲ ကြည့်လိုက်ပြီး ပြန် စဉ်းစားယူပါလိမ့်မယ်။
- ဖြေသူရဲ့ညာဘက်အပေါ် (မေးသူရဲ့ဘယ်ဘက်အပေါ်)
ပုံရိပ်ကိုတည်ဆောက်ယူခြင်း။ ဥပမာ “မင်း ခြင်္သေ့ အပြာရောင်ကို မြင်ကြည့်လိုက်စမ်း” လို့ပြောရင် သူ့မျက်လုံးတွေဟာ ညာဘက်အပေါ်ကို ကြည့်ရင်း စိတ်ထဲမှာ ပုံဖေါ်ပါလိမ့်မယ်။
- ဖြေသူရဲ့ဘယ်ဘက်ဘေး (မေးသူရဲ့ညာဘက်ဘေး)
အသံကို ပြန်လည်အမှတ်ရခြင်း။ ဥပမာ “မင်းကြိုက်တဲ့သီချင်းတစ်ပုဒ်ကို စိတ်ထဲမှာ ဆိုကြည့်ပါ” လို့ခိုင်းရင် သူ့ဘယ်ဘက်ကိုကြည့် ပါလိမ့်မယ်။
- ဖြေသူရဲ့ညာဘက်ဘေး (မေးသူရဲ့ ဘယ်ဘက်ဘေး)
အသံကို ကြားရောင်ယူခြင်း။ ဥပမာ “မင်း ငှက်ဆိုးထိုးသံကို ကြားရောင်ကြည့်လိုက်စမ်း” လို့ပြောရင် သူ့ညာဘက်ကိုကြည့်ရင်း ငှက်ဆိုး ဘယ်လိုထိုးမလဲလို့တွေးပါလိမ့်မယ်။
- ဖြေသူရဲ့ ဘယ်ဘက်အောက် (မေးသူရဲ့ ညာဘက်အောက်)
လူတွေဟာ ကိုယ့်ဟာကို စကားပြောရင် ဘယ်ဘက်အောက်ကို ကြည့်လေ့ရှိပါတယ်။
- ဖြေသူရဲ့ ညာဘက်အောက် (မေးသူရဲ့ ဘယ်ဘက်အောက်)
အထိအတွေ့ အနံ့ အရသာတို့ကို ပြန်လည် တွေးတောခြင်း။ ဥပမာ “မင်းသဲပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျောက်ဖူးလား” လို့မေးရင် ညာဘက်အောက်ကို ကြည့်ရင်း ခြေဖဝါးနဲ့သဲရဲ့ အထိအတွေ့လေးကို ပြန် အမှတ်ရပါလိမ့်မယ်။
ကဲဒါတွေသိတော့ ဘယ်လို အလိမ်ဖေါ်နိုင်မှာလဲ လို့မေးရင် ဥပမာ သကြားလုံးခိုးစားနေတဲ့ ကလေးတစ်ယောက်ကို “မင်း မေမေက စားလို့ရတယ်လို့ ပြောလို့လား” လို့မေးရင် ကလေးက သူ့အမေရဲ့ ခွင့်ပြုသံကို စိတ်ထဲမှာ ပုံဖေါ်ကြားရောင်ပြီး “ဟုတ်ကဲ့ ပြောတယ်” လို့ဖြေပါလိမ့်မယ်။ ဥပမာ “ငါမနေ့ညက နိုက်ကလပ်သွားခဲ့တာကွ” လို့မဟုတ်ဘဲကြွားပြောတဲ့သူငယ်ချင်းကို “မင်း ဝင်ကခဲ့သေးလား” လို့မေးရင် မီးရောင်စုံတွေနဲ့ ကပွဲ ခန်းမကြီးကိုစိတ်ကူးကြည့်ပြီး “အေး” လို့ပြောပါလိမ့်မယ်။ ဒါဆိုသူတို့ ဘယ်နေရာကိုကြည့်ရင်း မရှိတဲ့ အာရုံတွေကို ဖန်တီးမလဲ ဆိုတာ သူငယ်ချင်းတို့ခန့်မှန်းနိုင်ပါပြီ။ အကြမ်းဖြင်းအားဖြင့်တော့ ညာသန်တွေဟာ သူ့ရဲ့ညာဘက်ကို ဖြတ်ကနဲ စိုက်ကြည့်ရင်း ပြောလိုက်တဲ့အခါမှာ တကယ့် အတွေ့အကြုံကို ပြန်စဉ်းစားနေတာထက် စိတ်ကူးဖန်တီးနေတာ ဖြစ်ဖို့များပါတယ်တဲ့။ ဘယ်လောက်မှန်သလဲ ဆိုတာတော့ သူငယ်ချင်းတို့ စမ်းကြည့်ကြပေါ့။ တော်ကြာ ဖန်တီးနေတာမဟုတ်ဘဲ ကောင်မလေး လှလှမြင်လို့ လှမ်းငမ်းလိုက်တာလဲ ဖြစ်နေအုံးမယ် ဟားဟား။ ဘယ်သန်တွေအတွက် ဆိုရင်တော့ အပေါ်ကဖေါ်ပြထားတဲ့ဘက်တွေကို ပြောင်းပြန်ယူရပါမယ်။
(၆) အလိမ်ဖေါ်နည်းများ
နောက်ဆုံးအနေနဲ့ ပြောပြချင်တာကတော့ အလိမ်ဖေါ်နည်း သုံးနည်းပါ။ ပထမ နှစ်နည်းက တကယ် အသုံးတဲ့ပါတယ်။ ရာခိုင်နုန်းတော်တော်များများ မှန်တာကိုတွေ့ရ ပါလိမ့်မယ်။ တတိယ နည်းကတော့ အမူစစ်တဲ့စုံထောက်တွေ သုံးလေ့ရှိပြီး သာမန်အခြေအနေမှာ သိပ်သုံးလို့ အဆင်မပြေပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို တစ်ယောက်ယောက်က လိမ်ပြောနေပြီလို့ သံသယဝင်နေပြီဆိုရင်တော့ အောက်ပါနည်းသုံးနည်းကို သုံးကြည့်ပါ။
(၆.၁) ခေါင်းစဉ်ပြောင်းနည်း
သင့်ကို သူလိမ်နေပြီ လိ့ုထင်နေရင် လက်ရှိပြောနေတဲ့ အကြောင်းအရာကနေ ရုတ်တရက် တခြား အကြောင်းအရာတစ်ခုကို ပြောင်းပြောလိုက်ပါ။ အဲဒီ အချိန်မှာ သူ့ရဲ့ မျက်နှာအရိပ်အကဲကို ဂရုစိုက်ကြည့်ပြီး ပထမဆုံး ပေါ်တဲ့ အမူအရာကို စမ်းစစ်ကြည့်ပါ။ တကယ်လို့သူ လိမ်နေခဲ့တာဆိုရင် ပိုပြီးစိတ်ပေါ့ပါးသွားတဲ့ဟန်နဲ့ ခေါင်းစဉ်အသစ်နောက်ကို အလွယ်တကူ လိုက်လာပါလိမ့်မယ်။ အမှန်အတိုင်း ပြောနေခဲ့သူဆိုရင်တော့ စိတ်ရှုတ်ထွေးသွားတဲ့ အမူအရာနဲ့ အတူ မူလအကြောင်းအရာကို ပြန်သွားဖို့ ကြိုးစားပါလိမ့်မယ်။
(၆.၂) ရောလိမ်နည်း
သင့်ကို သူက သံသယဝင်စရာ ဇတ်လမ်းတစ်ပုဒ် လာရွတ်ပြနေပြီ ဆိုရင်၊ သူ့ဇာတ်လမ်း ထဲက အတိုင်း သူတကယ်မပါဝင်ပဲနဲ့ မသိနိုင်မဲ့ အသေးစိတ် အချက်အလက်တစ်ခုကို လုပ်ကြံပြီး ခင်းပေးလိုက်။ အဲဒီလမ်းအတိုင်း သူဆက်လျှောက်ရင် မိပြီ။ ဥပမာ သင့် ကောင်မလေးက မနေ့က သူ့သူငယ်ချင်းမလေး ဝတ်မှူံ နေမကောင်းလို့ သတင်းသွားမေးနေလို့ ချိန်းထားတဲ့ဆီ မလာဖြစ်တာပါလို့ ဆိုလာရင်၊ သင်ကလဲ “ဟာ ဟုတ်လား မနေ့ကမနက်က ဝတ်မှူံတို့ဘေးအိမ်မှာ မီးလန့်တာ ကြားလိုက်သေးတယ်။ တော်သေးတာပေါ့ တခြားအိမ်တွေမကူးလို့။ ဝတ်မှူံတော့ တော်တော်လန့်သွားမှာပဲ။ သနားပါတယ်” လို့ ခင်းပေးလိုက်။ ကောင်မလေးကလဲ “အင်း ဟုတ်တယ် သူ့ခမျာ လန့်ပြီး အဖျားတောင် ပိုတက်သွားတယ်” ဆိုလို့ကတော့ ဝမ်းနည်းပါတယ် သူငယ်ချင်းရေ ဘီယာနဲ့သာ ဖြေပါတော့။ အဲ ကောင်မလေးက မျက်ခုံးလေး ရှုံပြီး “ဟင်ဘယ်မှာ မီးလောင်တာလဲ မကြားမိပါဘူး” ဆိုရင်တော့ ဟဲဟဲ အမှန် အကန်လေးပေါ့။
(၆.၃) နောက်ပြန်ပြောခိုင်းနည်း
ဒါကတော့ ကျွန်တော် စောစောက ပြောခဲ့သလို ရဲတွေ အလီဘိုင်စစ်တဲ့နည်းပေါ့။ သင်သံသယ ရှိတဲ့သူကို သူရဲ့ဇာတ်လမ်းကို ဆုံးအောင်ပြောပါစေ။ အဲဒီအချိန်မှာ သင်က အဖြစ်အပျက်တွေရဲ့ အစီအစဉ်ကို သေသေချာချာလိုက်မှတ်ထားပါ။ နောက်ဆုံး ပြီသွားတဲ့အခါမှာ အဲဒီဇာတ်လမ်းကို နောက်တစ်ခေါက်ပြန်ပြောခိုင်းပါ။ ဒါပေမယ့် နောက်ဆုံးကနေ နောက်ပြန် အစဉ်အတိုင်းပြန်ပြောပါစေ။ သူက မကြည်ဖြူတဲ့ပုံနဲ့ ငြင်းချင်ငြင်းပါလိမ့်မယ်။ သင်က ရအောင်စွဲဆောင်ပြီး ချက်ချင်းပြန်ပြောခိုင်းပါ။ အဲဒီအခါမှာ သင်က အကြောင်းအရာရဲ့ရှေ့နောက်မညီမူ အချိန်အစီအစဉ်မကျမူတို့ကို ဂရုစိုက်ဖမ်းရပါမယ်။ လိမ်ပြောတဲ့သူဟာ အင်မတန်မှ မှတ်ဉာဏ်ကောင်းသူသာ မဟုတ်ခဲ့ရင်တော့ သူ့ဇာတ်လမ်းကို ရှေ့နောက်ညီအောင် အစီအစဉ်တကျပြန်ပြောနိုင်မှာမဟုတ်ပါဘူး။ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို နောက်ပြန် အစီအစဉ်ကျအောင်ပြန်ပြောဖို့ ဆိုတာ တော်တော်ခက်ပါတယ်။
နောက်ဆုံး အနေနဲ့ပြောလိုတာကတော့ ဒီအကြောင်းအရာတွေဟာ ဗဟုသုတအဖြစ် လေ့လာထားဖို့နဲ့ အကြောင်းတိုက်ဆိုင်လာမှသာလျှင် ကိုယ့်ရဲ့ဆင်ခြင်ဉာဏ်အတွေ့အကြုံတို့နဲ့ ယှဉ်ပြီး သုံးဖို့ပါ။ ပတ်ဝန်းကျက်က လူတွေကို အချိန်တိုင်း ဒီအချက်တွေနဲ့ လိုက်စစ်နေရင် လူမူရေးမှာ ထိခိုက်နိုင်သလို ကိုယ့်စိတ်ကိုလည်း သံသယတွေနဲ့ ငြင်းဆဲရာရောက်ပါတယ်။ တန်ဆေးလွန်ဘေး ပေါ့ခင်ဗျာ။
______
ကွန်းဇော်