Showing posts with label ရွှင်ပြုံး. Show all posts
Showing posts with label ရွှင်ပြုံး. Show all posts

Tuesday, 23 October 2012

ပညာချိ တို့၏ အဆိုအမိန့်များ (၂)


-       အလုပ်ချိန်/စာသင်ချိန် အတွင်း မိမိမျက်ခွံ၏ အတွင်းပိုင်းအား မလေ့လာရ။

-       ပြဿနာတစ်ခုကို ခွန်အားသုံး၍ ဖြေရှင်းခြင်းသည် အလွန်ညံ့သောနည်းဖြစ်၏။ ၎င်းကို ကလေးငယ်များနှင့် နိုင်ငံကြီးများသာ သုံးကြသည်။

-       ဆိုင်ကယ်မောင်းနေစဉ် တံတွေးထွေးလိုလျှင် ခေါင်းကို ဘေးဘက်သို့ အရင်လှည့်ပါ။

-       ကျွန်ုပ်တွင် တာဝန်ယူလိုစိတ်မရှိခြင်းသည် ကျွန်ုပ်၏ အပြစ်မဟုတ်။ ကျွန်ုပ်ကို သင်မပေးကြသူများ၏ အပြစ်သာဖြစ်သည်။

-       စစ်တမ်းကောက်ယူချက်များ၏ ရလဒ်များမှ ၄၂.၉% သည် တကယ်မလုပ်ဘဲ စိတ်ကူးတည့်ရာ ရေးထားသော ဂဏန်းများသာ ဖြစ်၏။

-       ပညာရှိသည် တွေးကြည့်၏။ လူမိုက်သည် ပြေးကြည့်၏။ ကျွန်ုပ်ကား ကိုယ့်ကိစ္စဆိုလျှင် ပြေးကြည့်၍ သူများကိစ္စဆိုလျှင် တွေးကြည့်ပေး လေသည်။

-       ရှင်သန်ခြင်းသည် နှစ်သက်စရာကောင်း၏။ သေခြင်းသည် ငြိမ်းချမ်း၏။ ကျွနု်ပ်မကြိုက်သည်မှာ ၎င်းတို့ အကြားအကူးပြောင်းပင်ဖြစ်သည်။

-       “ရိုးရိုးကျင့်၍ မြင့်မြင့်ကြံ” လျှင်အဆုံး၌ ရာထူးတက်၍ မနိုင်ဝန် ထမ်းရတတ်သည်။

-       အောင်မြင်ခြင်း၏ သော့ချက် သုံးခုရှိ၏။ တစ်၊ ဝီရိယရှိပါ။ နှစ်၊ ဆရာစားချန်ပါ။

-       သူတပါးကို မဝေဖန်ခင် နံနက်စောစောထ၍ မိမိမျက်နှာကို မှန်ထဲ၌ သေချာစွာကြည့်ပါ။ သို့မှသာ ကိုယ့်မျက်ချေး ကိုယ်မမြင်ကြောင်း စွပ်စွဲလာလျှင် မြင်ပြီးကြောင်း ဖြေရှင်းနိုင်မည်။

-       သင်အရေးကြုံတိုင်း အနားမှာ ရှိသောသူငယ်ချင်းသည် စပ်စုတတ်သောသူ ဖြစ်သည်။

-       ပြဿနာ တက်နေချိန်၌ ပြုံးနိုင်သောသူသည် တစ်ယောက်ယောက်ကို လွှဲချရန် ကြံစည်ပြီးသူ ဖြစ်၏။
_______
ကွန်းဇော်
စုစည်းတင်ပြသည်။

Sunday, 9 September 2012

ပုံပြင်


 သူငယ်ချင်းတစ်ယောက်ရဲ့ဓညင်းသီး ပိုစ်လေးဖတ်မိပြီး ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်သွားသတိရလို့ ပြောပြချင်လို့။ နားမထောင်ချင်လဲ ပြောပြီဟေ့။
ဟိုးရှေးရှေးတုံးက ရွာတစ်ရွာမှာ သိပ်ချစ်ကြတဲ့လင်မယားနှစ်ယောက်ရှိသတဲ့။ လူမှူရေး စီးပွားရေး တွေမှာလည်း နှစ်ယောက်လုံးတက်ညီလက်ညီရှိကြလို့ သာယာတဲ့အိမ်ထောင်ရေးဖြစ်ကြသတဲ့။ ဒါပေမယ့် ယောင်္ကျားက ဘာသာရေး ရိုသေကိုင်းရှိုင်းပြီး မိန်းမကတော့ ဘာသိဘာသာပဲတဲ့။ အဲလိုနဲ့နေလာလိုက်တာ တနေ့တော့ယောင်္ကျား က မကျန်းမမာဖြစ်ပြီး သေသွားပါရောတဲ့။  အဲဒါနဲ့ မိန်းမက ပူဆွေးဝမ်းနဲကျန်နေခဲ့ပြီး ယောင်္ကျားကတော့ သူ့ရဲ့ ကောင်းမှူကံကြောင့် နတ်ပြည်မှာ နတ်သားသွားဖြစ်နေသတဲ့။ နတ်သားလေးဟာ သူ့ကံကြောင့် နတ်သမီးလေးတွေ တဖက်ကိုငါးရာလောက် ပေါ်လာတာကို စိတ်မဝင်စားပဲ လူ့ပြည်က သူ့မယားဟောင်းလေးကိုပဲ လွမ်းနေပါသတဲ့။ အဲဒါနဲ့ နတ်သမီးတွေလဲတင်းပြီး သိကြားမင်းကြီး သွားတိုင်တော့ သိကြားမင်းကြီးက နတ်သားကိုခေါ်မေးတာပေါ့၊ မင်းဘာဖြစ်နေလဲဆိုပြီး။ အဲဒါနဲ့ နတ်သားလေးက သူ့မယားလေးကိုပဲ သတိရနေကြောင်း ဖြစ်နိုင်ရင် နတ်ပြည်ကို ခဏလောက်ခေါ် တွေ့လိုကြောင်း ခွင့်တောင်းသတဲ့။ သိကြားမင်းကြီးလဲ ဒီကောင်ဖာလူဒါတွေ ရှိရက်နဲ့ ငပိလွမ်းတဲ့ကောင်၊ ငပိနဲ့ ဘယ်နှစ်ရက်နေနိုင်မလဲ ကြည့်သေးတာပေါ့ ဆိုပြီး ခွင့်ပြုလိုက်ပါသတဲ့။
နတ်သားလဲ ဝမ်းသာအားရနဲ့ တခါတည်း လူ့ပြည်ဆင်း၊ သူ့မိန်းမလေးသွားခေါ်လာပြီး နတ်သမီးတွေဘေးချိတ်လို့ လူမိန်းမနဲ့ပဲ ပျော်ပျော်ကြီး ပေါင်းနေပါသတဲ့။ ဒါပေမယ့် မကြာပါဘူး လူ နဲ့ နတ်တို့ သက်တမ်းခြင်း မတူတာကြောင့် လူမိန်းမလေးဟာ အိုမင်းစပြုလာပါတယ်။ ဒါကြောင့် နတ်သားလေးက သူ့မိန်းမကို၊ အင်း ဒီတိုင်းဆိုရင်မဖြစ်ဘူး၊ မင်းလူ့ပြည် ခဏပြန်အုံး၊ ငါရွှေတွေ ပေးလိုက်မယ်၊ မင်းကုသိုလ်ကောင်းမူလုပ် ပြီး ငါနဲ့ပေါင်းရပါစေလို့ ဆုတောင်း လို့ပြောသတဲ့။ အဲဒီမှာ သူ့မိန်းမက နတ်ပြည်မှာ သီးတဲ့ အသီးတမျိုးကို အလွန်ကြိုက်နေသတဲ့။ အဲဒီအသီးဟာ အလွန်မွှေးပြီး စိမ့်တယ်ဆိုပဲ။ ဒါနဲ့သူ့ယောင်္ကျားကို အဲဒီအသီးကို ယူသွားခွင့်ပြုဖို့ တောင်းတာပေါ့။ ယောင်္ကျားနတ်သားကလဲ ဒါကနတ်ပြည်က အသီးဆိုတော့ ယူခွင့်မရှိဘူး လို့ပြောလိုက်သတဲ့။ မိန်းမက ဒါဆိုလဲပြီးတာပဲလေ ဆိုပြီး ငါးသလောက်ပြုံးလေး တစ်ချက်ပြုံးလိုက်သတဲ့။
အဲလိုနဲ့ပဲ တိုတိုနဲ့ လိုရင်းကို ပြောရရင်တော့။ မိန်းမလဲလူ့ပြည်ကို ပြန်ရောက်လာပြီး ကောင်းမှူတွေလုပ်၊ လုပ်တိုင်းလဲ သူ့ယောင်္ကျားနဲ့ပြန်ပေါင်းရပါစေလို့ ဆုတွေတောင်းသတဲ့။ နောက်ဆုံးသေသွား ပါရောတဲ့။ သူ့ယောင်္ကျားဆီ ပြန်ရောက်လား မရောက်လားတော့ မသိတော့ပါဘူး။ ဒါပေမယ့် သူသေသွားတော့ သူ့ခြံထဲမှာ ဘယ်သူမှ တစ်ခါမှ မမြင်ဘူးကြတဲ့ အပင်တစ်ပင်ကျန်ခဲ့တယ်တဲ့။ အဲဒီ အပင်က အသီးက ပြုတ်စားရင် အင်မတန် စိမ့်သတဲ့။ ဒါပေမယ့် နံတော့ အတော် နံတယ်ဆိုပဲ။ နတ်ပြည်က အသီးကို လူ့ပြည်မှာပြန်စိုက်လို့လား ဒါမှမဟုတ် ဘာလို့လားတော့ မသိကြပါဘူးတဲ့။ သူကသေသွားပြီဆိုတော့ မေးလို့လဲမရတော့ဘူးကိုး။ အဲ ပုံပြင်ကတော့ ဒါပါဘဲ။
မင်းဟာက ဘာကြီးလဲလို့ ကျွန်တော့်ကို မမေးကြနဲ့နော်။ ကျွန်တော်လဲကြားဖူးတာလေး ပြန်ပြောပြတာ။

______
ကွန်းဇော်

ပညာချိ တို့၏ အဆိုအမိန့်များ


-       “မူးလျှင်မမောင်းရ” ထို့ကြောင့် မမောင်းလျှင်မူးပါ။

-       “ယနေ့ အလုပ်ကို ယနေ့လုပ်လျှင် မနက်ဖြန်အလုပ်ကို မနက်ဖြန်လုပ်ရမည်” ထို့ကြောင့် ယနေ့ အလုပ်ကို မနက်ဖြန်လုပ်၍  မနက်ဖြန်အလုပ်ကို သဘက်ခါလုပ်ခြင်းဖြင့် သင်ယနေ့တစ်ရက် နားပါ။

-       သတိ ….. ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ စစ်တမ်းများအရ ရေသောက်သူတိုင်း အနှေးနှင့်အမြန် သေကြသည်။

-       သင့်ကို မည်သူမှ ဂရုမစိုက်ကြဟု ထင်မြင်လာလျှင် တစ်ယောက်ယောက်ဆီက ပိုက်ဆံချေးပြီး ရှောင်နေလိုက်ပါ။

-       အပြစ်တစ်ခုခု လုပ်မိလျှင် ဘယ်သူမှ အပြစ်မတင်ခင် ကိုယ့်ကို ကိုအမြန်ဆုံးအပြစ်တင်လိုက်ပါ။ “ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခြင်း” သည် သူများထောင်းတာထက် သက်သာသည်။

-       မိမိကိုယ်ကို ကျန်းမာအောင် နေထိုင်ခြင်းသည် တဖြည်းဖြည်း မျှင်းသေအောင်ပြုခြင်း မည်၏။

-       သင်သည် အမှန်ကိုသာ ပြောခဲ့လျှင် ၎င်းကို မှတ်ထားရန်မလိုတော့ချေ။

-       သင့်ပိုက်ဆံကို နှစ်ဆတိုးလိုလျှင် လွယ်သော နည်းတစ်နည်းသာလျှင် ရှိ၏။ “အလယ်မှခေါက်လိုက်ပါ”

-       ရုံးနောက်ကျမည်မှန်းသေချာလျှင် နံနက်စာကို အေးအေးဆေးဆေးသာ ဆက်စားပါလေ။

-       သူဌေးပြောသော ဟာသသည် အမြဲ ရယ်ရသည်။

-       အောက်ပါ အခြေအနေတွင် သတိရှိပါ။ “ဆိတ်တစ်ကောင်၏ ရှေ့တွင်၊ မြင်းတစ်ကောင်၏ နောက်တွင်၊ အရူးတစ်ယောက်၏ အနား (ဘယ်ဘက်မဆို)တွင်”

-       ဆဲခြင်းသည် ထွက်ပြေးခြင်းနှင့် လက်သီးခြင်းယှဉ်ထိုးခြင်း တို့အကြား အလယ်အလတ်ကြသော ပြဿနာ ဖြေရှင်းနည်းဖြစ်၏။


_______
ကွန်းဇော်
စုစည်းတင်ပြသည်။

နှံပြည်စုတ်ကို ကြောက်တဲ့ ရုက္ခစိုးကြီး


ဆရာတော်ကြီး တစ်ပါးက တရားဓမ္မနဲ့ ဆက်နွယ်ပြီး ဟောသွားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။ ကျွန်တော်က တော့ ကိုယ်ခံစားမိသလို ပြန်လည်ရေးဖွဲ့ပြီး သူငယ်ချင်းများဖတ်ဖို့ ရှဲလိုက်ပါတယ်။ သုတ ရသ တစ်ခုခုရကြပါစေ ခင်ဗျာ။

“ဖိုးလုံးတို့ မိပေါက်တို့ လာကြဟေ့ ဖိုးဖိုး ပုံပြောပြမယ်”
“ဟေး ဖိုးဖိုးပုံပြောမယ်တဲ့ကွ၊ လာ မိပေါက် မြန်မြန်”
“ဖိုးဖိုး ဘာပုံပြောမှာလဲဟင်”
“အေးကွဲ့ ပုံပြင်လေးကတော့ နှံပြည်စုတ်ကို ကြောက်တဲ့ ရုက္ခစိုးကြီးတဲ့”
“ဟားဟား ရုက္ခစိုးကြီး ကလဲ နှံပြည်စုတ်ကို ကြောက်ရတယ်လို့”
“အေး ကြောက်ရတဲ့ အကြောင်းရှိတယ်ကွဲ့ ကဲကဲနားထောင်ကြ ဟိုးဟိုး ရှေးရှေးတုန်းက အင်မတန်မှ ကြီးမားပြီး အရိပ်အဝါသကောင်းလှတဲ့ လက်ပံပင်ကြီးတပင်မှာ ရုက္ခစိုးကြီး ဦးထိပ်ပြောင်ဆိုတာ ရှိသတဲ့”
“ထိပ်ကြီးပြောင်နေလို့လား ဟင်ဖိုးဖိုး”
“အေးပေါ့ မိပေါက်ရဲ့”
“ဖိုးဖိုးလိုပေါ့ ဟိ”
“ကဲ ဖိုးလုံး ငြိမ်ငြိမ်နားထောင်ကြစမ်း အဲဒီ လက်ပံပင်ကြီးဟာ ကြီးမားခိုင်ခံ့လှတာကြောင့် ဂဠုန်ငှက်ကြီးတွေဟာ အဲဒီအပင်မှာ လာနားလေ့ရှိကြသတဲ့။ ဒါပေမယ့် ရုက္ခစိုးကြီးဦထိပ်ပြောင်ကတော့ မကြောက်ပါဘူးတဲ့။ အဲဒီ ဂဠုန်ငှက်ကြီးတွေဟာ တစ်ခါတစ်လေမှာ ပင်လယ်ထဲက နဂါးကြီးတွေကိုတောင်ချီလာပြီးတော့ လက်ပံပင်ကြီးပေါ်မှာ တင်ပြီစားလေ့ရှိသတဲ့။ စားပြီးတာနဲ့ အရိုးတွေကို ပစ်ချပြီး ပြန်သွားပါရောတဲ့။ ဒါကို ရုက္ခစိုးကြီးကလဲ အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေလေ့ရှိသတဲ့”


“ကြောက်စရာကြီးနော် ဖိုးဖိုး”
“အေးပေါ့ မိပေါက်ရဲ့ သစ်ပင်ပေါ်တက်မဆော့နဲ့တော့နော် မြေးလေး”
“ဟုတ်”
“သားကတော့ မကြောက်ပါဘူး၊ ရုက္ခစိုးကြီးလိုပဲ အေးဆေးပဲ”
“ကဲ ဖိုးလုံးရေ …. ညီမလေးလို လိမ်မာမှပေါ့ မြေးရဲ့….အေး အဲလိုနဲ့ တစ်နေ့မှာတော့ ဂဠုန်ကြီးတစ်ကောင်ဟာ ပင်လယ်ထဲက နဂါးကြီးကို ဖမ်းမိပြီး လက်ပံပင်ကြီးဆီကို ထုံးစံအတိုင်းချီလာပါရောတဲ့။ အဲဒီမှာ နဂါးကြီးဟာ ဂဠုန်ကြီးရဲ့ခြေသဲကြားမှာ ရုန်းရင်းကန်ရင်းနဲ့ လမ်းက ညောင်ပင်ကြီးတစ်ပင်က ညောင်ကိုင်းကြီးကို အမြီးနဲ့ အတင်းပတ်ထားသတဲ့ကွယ်။ ဒါပေမယ့် ဂဠုန်ကြီးက အားသန်တော့ နောက်ဆုံးမှာ ညောင်ကိုင်းကြီးပါ ပြတ်ပြီးပါလာပါလေရောတဲ့။ အဲလိုနဲ့ပဲ ဂဠုန်ကြီးဟာ လက်ပံပင်ကြီးပေါ်ကိုရောက်လာပြီး နဂါးကြီးကိုတင်ပြီး စားပါလေရောတဲ့။ ရုက္ခစိုးကြီး ဦးထိပ်ပြောင်ကလဲ ထုံးစံအတိုင်း အေးအေးဆေးဆေးပဲ ထိုင်ပြီးကြည့်နေသတဲ့။ စားလဲပြီးရော ဂဠုန်ကြီးက ပျံသွားပါလေရောတဲ့။ အဲဒီအချိန်မှာ ပဲ ဦးထိပ်ပြောင်ကြီး ဟာ နဂါးကြီးပတ်လာတဲ့ ညောင်ကိုင်းကြားထဲမှာ နှံပြည်စုတ်ငှက်လေး ပါလာတာကို သတိထားမိသွားသတဲ့။ နဂါးကြီးတွေ ဂဠုန်ကြီးတွေ ကိုတောင် မကြောက်တဲ့ ရုက္ခစိုးကြီးဟာ နှံပြည်စုတ်လေးကို မြင်တဲ့ အခါမှာတော့ အင်မတန်မှ တုန်လှူပ်ခြောက်ခြား သွားပြီး ဇောချွေးတွေတောင်ပြန်လာ ပါရောတဲ့ကွယ်”
“ဘာဖြစ်လို့လဲ ဟင် ဖိုးဖိုး”
“အေး ဘာဖြစ်လို့လဲဆိုတော့ ရုက္ခစိုးကြီးက ဒီလို စဉ်းစားမိလို့တဲ့။ အဲဒီ နှံပြည်စုတ်လေးဟာ ညောင်သီးကို စားထားတော့  ခဏနေရင် မစင်စွန့်တဲ့အခါမှာ ညောင်စေ့ ပါလာတော့မယ်တဲ့၊ ညောင်စေ့ဟာ လက်ပံပင်ကြီးပေါ်မှာ ကျတဲ့ အခါ မကြာခင်မှာ ညောင်ပင်လေး ပေါက်လာတော့မယ်တဲ့၊ အဲဒီ ညောင်ပင်လေးဟာ တဖြည်းဖြည်းကြီးလာပြီး နောက်ဆုံးမှာ ညောင်ပင်ကြီး အဖြစ်နဲ့ လက်ပံပင်ကြီးကို ဝါးမျိုပြီး လက်ပံပင်ကြီး ပျက်စီးတော့မှာကို မြင်သတဲ့ကွယ်”
“ဟင် ဖိုးဖိုးကလဲ အဲလိုဖြစ်မယ်လို့ ရုက္ခစိုးကြီးက ဘယ်လိုလုပ်သိသလဲ”
“ဘာဖြစ်လို့လဲဆိုတော့ အဲဒီတောထဲက တခြားအပင်ကြီးတွေမှာ အဲလိုဖြစ်ဘူးတာကို ရုက္ခစိုးကြီး ဦးထိပ်ပြောင်က တွေ့ဘူးထားလို့ပေါ့ ငါ့မြေးရဲ့။ အဲဒီတော့ ဦးထိပ်ပြောင်ဟာ ငှက်ကလေးကို သနားပေမယ့် သူ့ကို လက်ပံပင်ပေါ်ထားလိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးပြီး ခေါင်းခြောက်သွားတာပေါ့။”
“ဟင် ဦးထိပ်ပြောင်ကြီးကလဲ အနားက တခြားညောင်ပင်တွေက ရုက္ခစိုးတွေကို ပေးလိုက်တာမဟုတ်ဘူး”
“ဟား ဟား မိပေါက်က စဉ်းစားတတ်သားပဲ သူတို့လက်ခံရင်တော့ ရုက္ခစိုးကြီးက ပေးလိုက်မှာပေါ့ မြေးရဲ့”
 “အိုရှုတ်ပါတယ်၊ ဦးထိပ်ပြောင်ကြီးကလဲ နှံပြည်စုတ်လေးများ သတ်ပစ်လိုက်ပြီးရော”
“ဟဲ့ ဖိုးလုံးရဲ့ အဲလို စိတ်ကြမ်းတွေ မမွေးရဘူးမြေးရဲ့ ….ရုက္ခစိုးဆိုတာ သူတပါးအသက်ကို မသတ်ဘူး၊ ငါ့မြေးတို့လဲ သတ္တဝါငယ်လေးပဲ ဆိုပြီး မသတ်ရဘူး၊ သူတို့မှာလဲ ဒို့လို နာကျင်ခံစားတတ်တယ်ကွဲ့”
“နှံပြည်စုတ်လေးက ပျံမသွားဘူးလားဟင်ဖိုးဖိုး”
“ပျံမသွားလို့ ဦးထိပ်ပြောင်ကြီး ခေါင်းခြောက်နေတာပေါ့ မြေးရဲ့၊ ကဲကဲ မိပေါက်တို့ ဖိုးလုံးတို့  ဖိုးဖိုးပြောချင်တာက ငါ့မြေးတို့လဲ ဘယ်ကိစ္စမဆို သေးတယ်ကြီးတယ်မခွဲခြားပဲ ရုက္ခစိုးကြီးလို အရှည်ကိုတွေးတတ်ရမယ်၊ သတ္တဝါလေးတွေ အပေါ်မှာလည်း သနားတတ်ရမယ်၊ နောက်ပြီး သစ်ပင်ပေါ်လဲ တက်မဆော့ကြနဲ့ ဟုတ်လား ရုက္ခစိုးကြီး မျက်စေ့နောက်နေအုံးမယ်။ ကဲကဲ သွားကြတော့ ဖိုးဖိုး နားလိုက်အုံးမယ်။”

______
ဖိုးဖိုးကွန်း

ငရဲ၏ အပူချိန်


အလုပ်မရှိကြောင်ရေချိုးဆိုသလိုပဲ ဒီနေ့ နဲနဲ အားနေတာနဲ့ ပေါက်ကရတွေးမိတာလေးရေးထားတာပါ။ သူငယ်ချင်းတို့လည်း အပြင်းပြေလေး ဖတ်ကြည့်ကြပါခင်ဗျာ။
မေးခွန်း။               ငရဲ၏ အပူချိန်သည် တိုးလာသလား လျှော့သွားသလား။ ယုတ္တိဗေဒနည်းအားဖြင့်သက်သေပြပါ။
အဖြေ။
ပေးထားချက် (၁)        ဘာသာတိုင်းတွင်ငရဲ ရှိသည်။
ပေးထားချက် (၂)        ဘာသာတခုကို ယုံကြည်သောသူသည် အခြားဘာသာအနေဖြင့်ကြည့်လျှင် မိစ္ဆာ ဒိဋ္ဌိဖြစ်၏။
ပေးထားချက်(၂-က)     ဘာသာမဲ့သည်လည်း အခြားဘာသာများမှကြည့်လျှင် မိစ္ဆာ ဒိဋ္ဌိဖြစ်၏။
ပေးထားချက် (၃)        မိစ္ဆာဒိဋ္ဌိသည် ငရဲကျမည်။
ထို့ကြောင့် ပေးထားချက် (၁) (၂) နှင့် (၃) တို့ အရ
ကောက်ချက် (၁)     လူတိုင်း ငရဲကျမည်

ပေးထားချက် (၄)        ကမ္ဘာ့ လူဦးရေသည် အမြဲတိုးလာနေသည်။
ထို့ကြောင့် ပေးထားချက် (၄) နှင့် ကောက်ချက် (၁) တို့ အရ
ကောက်ချက် (၂)     ငရဲ ၏ ဒြပ်ထုသည် အမြဲတိုးလာနေသည်။

ပေးထားချက် (၅)        ငရဲ ၏ အရွယ်အစားသည် ပြောင်းလဲနေသည်ဟု ဘယ်ဘာသာကမျှ မဆို။ ထို့ကြောင့်
                             ငရဲ၏ အရွယ်အစားသည် ကိန်းသေဖြစ်၏။
ထို့ကြောင့် ပေးထားချက် (၅)နှင့် ကောက်ချက် (၂) တို့ အရ
ကောက်ချက် (၃)     ငရဲတွင်းဖိအားသည် အမြဲတိုးလာနေသည်။

ပေးထားချက် (၆)        ဘွိုလ်းနှင့် ချားလ်စ် တို့၏ နိယာမ များအရ ထုထည် ကိန်းသေရှိသော အခြေအနေတွင် ဖိအားသည် အပူချိန်နှင့် တိုက်ရိုက် အချိုးကျ၏။
ထို့ကြောင့် ပေးထားချက် (၆) နှင့် ကောက်ချက် (၃)တို့အရ
သက်သေပြချက်။      ငရဲ၏ အပူချိန်သည် တိုးလာနေပါသည်။

_______
ကွန်းဇော်

Thursday, 9 August 2012

ဖတ်ဖူး ကြားဖူး ဟာသများ (၃)


မုဆိုးပညာ
တခါက မုဆိုး ကြီး တစ်ယောက်ဟာ သူ့သားလေးကို တောလည်ခေါ်ရင်း မုဆိုးပညာသင်ပေးနေသတဲ့။ တစ်နေရာရောက်တော့ မုဆိုးပေါက်စလေးဟာ ဆိတ်ချီးလုံးလေးတွေတွေ့သတဲ့။
“အဖေ အဲဒါဘာလဲ”
“ဒါလား အဲဒါ မအဆေးလို့ခေါ်တယ် သူ့ကိုစားလိုက်ရင် မအတော့ဘူး”
မုဆိုးလေးက ကောက်စားကြည့်ပြီး
“ထွီး ဒါချီးတွေမဟုတ်လား အဖေ”
“ဟော တွေ့လား မင်းမအတော့ဘူး”

စကားပရိယာယ်
တပ်ကြပ်ကြီး ဘမောင်ဟာ စစ်တိုက်ရာမှာ တော်သလောက် စကား အပြောအဆိုမှာတော့ အတော် ညံ့သတဲ့။ တစ်နေ့ ရဲဘော်အောင်ဘု ကို ရုံးခန်းထဲခေါ်ပြီး ပြောသတဲ့။
“အောင်ဘု မင်း အဘွားဆုံးပြီ”
အောင်ဘု ခင်မျာ အရုပ်ကြိုးပြတ်ဖြစ်သွား သတဲ့။ အဲဒါနဲ့ တပ်ရင်းမှူးက တပ်ကြပ်ကြီးဘမောင်ကိုခေါ်ပြီး
“ကိုဘမောင် ခင်ဗျားစကားကို အဲလိုဒဲ့ကြီး မပြောရဘူး ဒီကိစ္စမျိုးက ပရိယာယ်နဲ့ ညင်ညင်သာသာ ပြောရတယ်၊ ဒါမှ ကြားရတဲ့သူ နဲနဲ သက်သာမှာပေါ့၊ ရော့ဒီစာအုပ်တွေဖတ်ကြည့်ပြီး သင်ယူ” ဆိုပြီး စာအုပ်တချို့ ပေးလိုက်သတဲ့။ အဲလိုနဲ့ တစ်လလောက် အကြာမှာ ရဲဘော်မောင်လှ အဘိုးဆုံးပြန်သတဲ့။ တပ်ကြပ်ကြီး ဘမောင်လဲ တပ်သားတွေအကုန်ထွက် တန်းစီခိုင်းတဲ့ပြီး
“ကဲ အဘိုးရှိသေးတဲ့ ကောင်တွေ အရှေ့ထွက်ရပ်…..နေ နေ မောင်လှ မင်း မပါဘူး”

ပညာရှင်
တခါကလူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း စိတ္တဇဆေးရုံတစ်ခုနား အရောက်မှာ အရေးကြီးအစည်းအဝေး တစ်ခုရှိတာကို သတိရမိသတဲ့။ လက်ကနာရီကိုကြည့်လိုက်တော့ နာရီကလဲရပ်နေသတဲ့။ အဲဒါနဲ့ ခြံထဲမှာရပ်နေတဲ့ လူတစ်ယောက်ကို အချိန်လှမ်းမေးလိုက်သတဲ့။
အဲဒီလူက အနားက ဒုတ်တစ်ချောင်းကို အမြန်ကောက် မြေကြီးပေါ်မှာ စိုက်ပြီး အိပ်ထဲက ရေချိန်ကြိရိယာကိုထုတ်တိုင်း၊ နောက် သံလိုက်အိမ်မြှောင်ကိုထုတ်ပြီး ဒုတ်ချောင်းပတ်လည်မှာ အရပ်မျက်နှာကိုမှတ်၊ သံပေတံတစ်ချောင်းနဲ့ စက်ဝိုင်းခြမ်းတစ်ခုကိုထုတ်ပြီး ဒုတ်ရဲ့အရှည်၊ အရိပ်ရဲ့အရှည် နဲ့ ဒီဂရီကို အမြန်တိုင်းလိုက်ပြီး မြေကြီးပေါ်မှာ အမြန်ခြစ်ပြီးတွက်လိုက်သတဲ့။ နောက် ချက်ချင်းပဲ ခုလိုအဖြေပေးလိုက်သတဲ့
“ဒီနေ့ဟာ မတ်လ ၁၀ရက်နေ့ဆိုရင်တော့ အခု မွန်းလွဲ ၃နာရီ ၂၉မိနစ်ရှိပါပြီ”
          ရုတ်တရက် အချိန်မေးလိုက်တဲ့လူဟာ အံ့အားသင့်သွားပြီး
“ဟား ခင်ဗျားလိုတော်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လိုလုပ်ဒီထဲရောက်နေပါလိမ့်ဗျာ၊ ဒါနဲ့နေပါအုံး မိုးအုံ့နေလို့ နေမထွက်ရင် ခင်ဗျား အချိန်ဘယ်လိုတွက်မလဲ”
“အဲဒါဆိုရင်တော့ ကျွန်တော် ဟောဒီလို လက်ကနာရီကိုပဲကြည့်လိုက်တယ်”

သင်္ချာ
ဆရာကြီး။       သားကို ဆရာကယုန်လေး ၂ ကောင်ပေးမယ် နောက်ထပ် ၂ကောင်ပေးမယ် နောက်ထပ် ၂ကောင်ထပ်ပေးမယ်ဆိုသားမှာ ယုန်လေး ဘယ်နှစ်ကောင်ရှိမလဲ။
ဂျော်နီလေး။     ၇ ကောင်ပါ ဆရာကြီး။
ဆရာကြီး။       မဟုတ်ဘူးလေသားရဲ့။ သေချာနားထောင်နော် ဥပမာ သားကို ဆရာကဟောဒီခဲတံ ၂ ချောင်းပေးမယ် နောက်ထပ် ၂ချောင်းပေးမယ် နောက်ထပ် ၂ချောင်း ထပ်ပေးမယ်ဆိုသားမှာ ခဲတံ ဘယ်နှစ်ချောင်း ရှိမလဲ။
ဂျော်နီလေး။     ၆ ချောင်းပါ ဆရာကြီး။
ဆရာကြီး။       အေးဟုတ်ပြီ။ ဒါဆို သားကို ဆရာကယုန်လေး ၂ ကောင်ပေးမယ် နောက်ထပ် ၂ကောင်ပေးမယ် နောက်ထပ် ၂ကောင်ထပ်ပေးမယ်ဆိုရင်ရော သားမှာ ယုန်လေး ဘယ်နှစ်ကောင်ရှိမလဲ။
ဂျော်နီလေး။     ၇ ကောင်ပါဆရာကြီး။
ဆရာကြီး။       အင်… ဒီသောက်သုံးမကြတဲ့ နောက်တစ်ကောင်က ဘယ်က ရောက်ရောက်လာတာလဲ။
ဂျော်နီလေး။     မနေ့က ဖေဖေ ဝယ်လာ ပေးတာ။

ယဉ်ကျေးမှူ
ဂျော်နီလေး။     ဆရာမ သားသားအီးသွားပါချင်လို့။
ဆရာမ။          ဂျော်နီ အဲလိုပြောတာမယဉ်ကျေးဘူး ကွ့ဲ။ သန့်စင်ခန်း သွားချင်တယ်လို့ပြောရတယ်။ ပြန်ပြော ကြည့်စမ်း။
ဂျော်နီလေး။     ဟုတ်ကဲ့။ ဆရာမ သားသား သန့်စင်ခန်းသွားပြီး အီးသွားပါချင်လို့။
ဆရာမ။          ကြွကြွ ကောင်စုတ်လေး။

______
ကွန်းဇော်

Sunday, 18 March 2012

ဖတ်ဖူး ကြားဖူး ဟာသများ (၂)


၁)       အိုင်ယာလန်နိုင်ငံ ဘီးလ်ဖတ်စ် မြို့မှာ ညမထွက်ရအမိန့် ထုတ်ခဲ့ချိန်က ည ၁၀ နာရီကျော်လို့ အပြင်မှာတွေ့ရင် တွေ့ရာနေရာမှာ ပစ်သတ်ပိုင်ခွင့် ရှိခဲ့သတဲ့။ တခါတော့ မြို့သားတစ်ဦးဟာ ၉နာရီ၄၅မိနစ်မှာပဲ လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။ သတ်လိုက်တဲ့စစ်သားကို ဘာလို့ ၁၀နာရီမထိုးခင် ပစ်ရသလဲလို့ စစ်ဆေးတဲ့အခါမှာတော့ အခုလိုပြန်ပြောပါသတဲ့။ “သူနေတဲ့အိမ် ကျွန်တော်သိတာပေါ့ ၁၀နာရီမထိုးခင် ဘယ်နည်းနဲ့မှ ပြန်မရောက်နိုင်ပါဘူး”

၂)       တစ်ခါက လူဆိုးကြီးတစ်ဦး ကိုသေဒဏ်ချအပြီးမှာ ငရဲကို ရောက်သွားပါသတဲ့။ ငရဲမှူးကြီးက လူဆိုးကြီးကို ပြောသတဲ့။ “ငါတို့ငရဲမှာ အခု ငရဲသားအခွင့်အရေးတောင်းဆိုသူတွေကြောင့် ကိုယ်ခံမယ့်ငရဲကို ကိုယ်တိုင်ရွေးခွင့်ပေးထားတယ်။ ကဲ လိုက်ကြည့်ရအောင်”
ပထမငရဲခန်းမှာတော့ ငရဲသားတွေဟာ သစ်သားကြမ်းပြင်ပေါ်မှာ အုန်းပင်စိုက်နေကြရသတဲ့။ (အုန်းပင်စိုက် = ကြမ်းပေါ်မှာ ဦးခေါင်းထောက်၍ ဇောက်ထိုးနေရခြင်း)
လူဆိုးကြီး။       အိုးဒါတော်တော်နာမှာပဲ။ ကျွန်တော်မကြိုက်ဘူး နောက်တစ်ခန်းကြည့်မယ်။
ဒုတိယငရဲခန်းမှာလဲ ငရဲသားတွေဟာ အုန်းပင်စိုက်နေရသတဲ့။ ဒီတခါတော့ ကျောက်ပြားခင်းကြမ်းပြင်ပါတဲ့။
လူဆိုးကြီး။       အိုးဒါ ပိုဆိုးသေးတယ်။ မကြိုက်သေးဘူးဗျာ။
တတိယ ငရဲခန်းမှာတော့ ငရဲသားတွေဟာ အုန်းပင်မစိုက်ရဘဲ ဒူးလောက်နက်တဲ့ မစင်တွေထဲမှာ ကော်ဖီသောက်နေရသတဲ့။ လူဆိုးကြီးစဉ်းစားတယ်။ အင်း နံတော့နံတယ် ဒါပေမယ့် ကော်ဖီလေး သောက်နေရလဲမဆိုးပါဘူး။ ကောင်းပြီ ဒီမှာပဲ ငရဲခံမယ်။
အဲလိုနဲ့ အနှစ်တစ်သန်းစာ ငရဲခံဖို့ လက်မှတ်ထိုးပြီး အခန်းထဲကို ဝင်လိုက်တဲ့အခါမှာပဲ တာဝန်ကျ ငရဲကြပ်ရဲ့ အမိန့်သံထွက်လာပါတယ်။
“ကဲ ကော်ဖီသောက်ချိန်စေ့ပြီ အုန်းပင်ပြန်စိုက်ကြ”

၃)       အောင်မြင်တဲ့သူဌေးကြီး နဲ့လွှတ်တော်အမတ်ကြီးလဲဖြစ်သူ ဦးဘ က အနှစ်၄၀မြောက် မင်္ဂလာနှစ်ပတ်လည်ညမှာ သူ့ဇနီး ဒေါ်မြကို မေးသတဲ့။
“ မြရေ ကိုတို့ အိမ်ထောင်သက် နှစ်၄၀တွင်းမှာ မင်းတာဝန် ကျေပွန်ခဲ့ပါတယ်ကွာ။ ကျေးဇူးလဲတင်ပါတယ်။ ကိုတစ်ခုမေးချင်တယ် မင်းတခြားသူနဲ့များ ကျူးလွန်ဖူးသလားဆိုတာ အမှန်အတိုင်းပြောပြပါလား။ ကိုလုံးဝအပြစ်မယူပါဘူး။ သိချင်ယုံပါ။”
“ အင်းလေ ကိုမေးတော့လည်းပြောရတာပေါ့။ ၃ ခါထဲပါ။ ”
“အင်း…. ပထမ တစ်ခါက ဘယ်သူနဲ့လဲ”
“ကို အသက်၃၅နှစ်မှာ ကို့ကုမ္ပဏီလေး အရှံးပေါ်ပြီး ရောင်းရမလိုဖြစ်တော့ ဘဏ်သူဌေးကြီးတစ်ယောက်ရောက်လာပြီး အတိုးနှုန်းအနဲဆုံးနဲ့ လိုသလောက်ငွေတွေ ချေးပေးခဲ့တာ မှတ်မိသေးလား”
“အော်ဒါလား မြကို့ကြောင့် အနစ်နာခံခဲ့ရတာပဲ၊ ကို အပြစ်မတင်တဲ့အပြင် ကျေးဇူးတောင်တင်ပါတယ်ကွာ၊ နောက်တစ်ခါကရော”
“ကို အသက် ၄၅နှစ်မှာ နှစ်လုံးရောဂါဖြစ်တော့၊ ခွဲစိတ်ရင်လဲ အောင်မြင်မှာမဟုတ်ဘူးဆိုပြီး ဘယ်ဆရာဝန်မှ နံမည်ပျက်ခံပြီး မခွဲချင်ကြဘူးလေ၊ နောက်ဆုံး ဆရာဝန်ကြီး တစ်ယောက်စိတ်ပြောင်းပြီး ခွဲပေးလို့ အသက်ရှင်ခဲ့တာရောမှတ်မိလား”
“အော်ဒါလည်း မြအနစ်နာခံခဲ့တာပဲလား ကျေးဇူးတင်လိုက်တာမြရယ်၊ နောက်ဆုံး အခေါက်ကရော”
“ကို အသက် ၅၅ နှစ်မှာ ပထမဆုံး အကြိမ်ရွေးကောက်ပွဲဝင်တော့ ကြိုတင်မဲ ၃၅၀ ရခဲ့တာ မှတ်မိသေးလား”
(မှတ်ချက်။       ဖြစ်ရပ်မှန် မဟုတ်ပါ၊ ဟိ)

၄)       ဆရာမ။          ဟဲ့ဆိုးပေ။ ငါ့စာသင်ချိန်မှာ အိပ်လို့မရဘူးဆိုတာနင်မသိဘူးလား။
          ဆိုးပေ။           ဟုတ်ကဲ့ သိပါတယ်။ ဆရာမ နဲနဲ တိုးတိုးသင်ရင်တော့ ကျွန်တော်အိပ်ပျော်မယ်ထင်တယ်။

၅)       တစ်ခါက အရက်ဘားတစ်ခုမှာ သင်္ဘောသားတစ်ယောက်နဲ့ ပင်လယ်ဒမြ အိုကြီးတစ်ယောက် ဆုံကြသတဲ့။ ပင်လယ်ဒမြကြီးမှာ သစ်သားခြေတု တဖက်၊ သံချိတ်ကောက်လက်တုတစ်ဖက် နဲ့ မျက်စေ့တစ်ဖက်ကိုလည်း သားရေပြားလေးအုပ်ထားသတဲ့။
သဘောၤသား။   အဘ ခြေထောက်တစ်ဖက်က ဘာဖြစ်လို့ပြတ်သွားတာလဲ။
ပင်လယ်ဒမြအိုကြီး။      တခါက ဒို့သဘောၤမုန်တိုင်းမိတော့ ငါသဘောၤရွက်တွေကို တက်ဖြုတ်တာပေါ့ကွာ။ အဲဒီမှာ ရေထဲကို ပြုတ်အကျအောက်က ငါးမန်းနဲ့ တွေ့တာပေါ့။ နောက်ဆုံးတော့ ငါးမန်းလဲသေ ငါလည်းခြေ တစ်ဖက်ဆုံးတာပဲ။
သဘောၤသား။   အော် အဘ လက်တဖက်ကရော။
ပင်လယ်ဒမြအိုကြီး။      တခါက ဒို့သဘောၤနဲ့ အစိုးရသင်္ဘော နဲ့ ထိပ်တိုက်တွေ့တုန်းကပေါ့ကွာ။ ငါလည်း အကြိတ်အနယ် ပြန်ခံချရင်းနဲ့ လက်တစ်ဖက်ပေးလိုက်ရတာပဲ။
သဘောၤသား။   အော် အဘ မျက်စေ့တစ်ဖက်ကရော။
ပင်လယ်ဒမြအိုကြီး။ တခါက စင်ရော်တစ်ကောင် ငါ့မျက်စေ့ပေါ် ချေးပါချတုန်းကပေါ့ကွာ။
သဘောၤသား။   ဟင် စင်ရော် ချေးပါချတာနဲ့ ကန်းရောလား။
ပင်လယ်ဒမြအိုကြီး။      မဟုတ်ဘူး အဲဒီနေ့က ဒီသံကောက်စတပ်တဲ့နေ့။


_______
ကွန်းဇော်

Monday, 12 March 2012

ဖတ်ဖူး ကြားဖူး ဟာသများ (၁)

၁)      တစ်ခါက အဖွားကြီးတစ်ယောက် ဆေးခန်းလာပြသတဲ့။
“ဆရာ ကျွန်မလေ ဘာဖြစ်မှန်းမသိဘူး လေတွေမကြာခဏလည်နေတယ် ဒါပေမယ့်
အသံလဲမမြည် အနံ့လဲမနံဘူး အခုပြောရင်းတောင် လေလည်တာ ၃ခါရှိပြီ။”
“ဟုတ်ပြီ အမေကြီး ရော့ဒီဆေးလေးသောက် နောက်၂ ရက်နေရင်တခါလာပြ”
နောက် ၂ရက်နေတော့ အဖွားကြီး စိတ်တိုပြီး ပြန်ရောက်လာသတဲ့။
“ဆရာဘာဆေးတွေပေးလိုက်တုန်း လေကလည်တုန်းပဲ အသံတော့မမြည်ဘူး ဒါပေမယ့်အခု အရမ်းနံတာပဲ”
“အော်ဟုတ်ပြီ အမေကြီး အခု နှာစေးတာပျောက်ပြီဆိုတော့ နားလေးတာဆက်ကုရအောင်”

၂)      ဗိုလ်ကြီး။ ရဲဘော် မင်းမှာ အကြွေလဲဖို့ ရှိလား။
          ရဲဘော်။  ဟာ သိပ်ရှိတာပေါ့ ဆရာသမား ဘယ်လောက်လဲ ချင်လဲ။
ဗိုလ်ကြီး။  ရဲဘော် ဒါမင်းအထက်အရာရှိကို ပြန်ဖြေတဲ့ပုံစံလား။ ငါနောက်တစ်ခါပြန်မေးမယ်။ ရဲဘော် မင်းမှာ အကြွေလဲဖို့ရှိလား။
ရဲဘော်။  (သတိစွဲရင်း) မရှိပါဘူးဗိုလ်ကြီး။

၃)      “မောင်ရယ် ခင်တို့လက်ထပ်ပြီးရင် မောင့်သောကတွေ ဒုက္ခတွေကို ခင် မျှဝေခံစားပေးမယ်နော်။”
          “လိမ်မာလိုက်တာခင်ရယ် ဒါပေမယ့်မောင့်မှာ သောကတွေဒုက္ခတွေမှ မရှိတာ။”
          “အော် မောင်ကလည်း ခင်တို့မှလက်မထပ်ရသေးတာ။”

၄)      အင်တာဗျူးတခုတွင်
သတင်းထောက်။  သူဌေးကြီး သန်းကြွယ်သူဌေးဖြစ်လာတာ ဘယ်သူ့ကြောင့်လို့ပြောနှိုင်ပါလဲခင်ဗျာ။
သူဌေးကြီး။  ကျွန်တော့်မိန်းမကြောင့်ပါ။
သတင်းထောက်။ အိုဒါဆို သူဌေးကြီးမိန်းမက တော်တော် တော်မှာပဲ။ သူနဲ့လက်မထပ်ခင်က သူဌေးကြီး ဘဝကဘယ်လိုများလဲခင်ဗျာ။
သူဌေးကြီး။  ကုဋေကြွယ်သူဌေးကြီးပါ။

၅)      “ဆရာ ကျွန်တော်က အသားလုံးကြော်ဆို အရမ်းသဘောကြတာဆရာ အဲဒါကျွန်တော့်မိန်းမက ကျွန်တော် ရူးနေပြီတဲ့”
          “အိုဘယ်နဲ့ရူးရမလဲ ကျွန်တော်လည်း အသားလုံးကြော်ဆို အရမ်းကြိုက်တာ”
          “ဟာ ဒါဆိုကျွန်တော်နဲ့ ဝါသနာတူပေါ့၊ ကျွန်တော့်မှာ စုထားတာ အသားလုံးကြော်အမျိုးပေါင်းရာနဲ့ချီရှိတယ် ဆရာရဲ့၊ လိုက်ကြည့်ပါလား”

_______
ကွန်းဇော်

ငယ်ငယ်က ၈၈


ဟိုတနေ့က ဖေါ်ဝပ်မေးထဲမှာ ကြောင်ကလေးက လမ်းလျှောက်သင်နေတဲ့ ကလေးလေးကို ဆုံးမနေတဲ့ပုံလေး တွေ့တော သဘောလဲကျမိသလို တရားရမလိုလိုတောင်ဖြစ်မိပါရဲ့။

ဟဲ့ကောင်လေးတဲ့ လေးဘက်ထောက်နေလဲရရက်သားနဲ့ဘာလို့ ခြေနှစ်ချောင်းနဲ့ ရပ်ဖို့ ကြိုးစားနေရလဲတဲ့။ နင်ခြေနှစ်ချောင်းနဲ့ရပ်နိုင်ရင် နင့်အဖေနဲ့ အမေက ကျောင်းကိုပို့တော့မယ်၊ ပြီးတော့ အလုပ်လုပ်ရမယ်၊ နောက်ပိုင်းခေါင်းစားဖို့ချည်းဘဲတဲ့။ ငါဆိုဘယ်တော့မှမကြိုးစားဘူး ကြည့် ခုထိအေးဆေးဘဲတဲ့။

ကျွန်တော်လည်း လမ်းလျှောက်သင်မိတာ မှားများမှားသွားလားမသိ။ ဘာပဲဖြစ်ဖြစ် စမိတော့လည်း သူပြောသလို ဆက်ခေါင်းစားနေရတာပေါ့လေ။ တခါတလေ အလုပ်ထဲမှာငြီးငွေ့လာရင် ငယ်ငယ်က ကျင်လည်ခဲ့တဲ့ဘ၀ အကြောင်းလေးတွေတွေးရင်း ငြီးငွေ့စရာအချိန်တွေကိုကျော်ဖြတ်မိပါတယ်။ ခုတလော မြန်မာ့ နိုင်ငံရေးအခြေနေက ဒိုင်းနမစ်စတိတ် ကိုရောက်နေတော့ ငယ်ငယ်က ရှစ်လေးလုံး အချိန်တုန်းက အကြောင်းလေးတွေ ပြန်သတိရမိတယ်ဗျ။ နိုင်ငံရေးအကြောင်းပြောမှာဟုတ်ဘူးနော်။ အဲဒီအချိန်က ကျွန်တော်က လေးတန်းပဲရှိသေးတာဗျ။ ပျော်ရွှင်စွာ ကစားဖို့နဲ့ တာဝန်အရ စာကျက်ဖို့ပဲ သိတဲ့အချိန်ပေါ့ဗျာ။ ကျွန်တော်နေခဲ့တဲ့မြို့က အညာက မိထ္တီလာမြို့နဲ့သိပ်မဝေးတဲ့ မြို့လေးတစ်မြို့ပေါ့ဗျာ။ နောက်ကြ လူနံမည်ပြောချင်လို့ အခု မြို့နံမည်မပြောတော့ပါဘူး။

အရေးအခင်းကြီးစတော့ ကျောင်းတွေ တိုးလို့တန်းလန်းနဲ့ ပိတ်တာပေါ့။ ကျွန်တော်တို့အုပ်စုကတော့ ပျော်သည် ပျော်သည် တို့ပျော်သည် ပေါ့ဗျာ။ အိမ်နားပတ်လည် ရွယ်တူ သူငယ်ချင်း ၆ ယောက် ၇ယောက် လောက်ရှိတာကိုး။ ကျွန်တော်တို့ခြံထဲမှာ တနေ့တမျိုးမရိုးအောင်ဆော့ကြတာပေါ့။ အပြင်မှာ ဆန္ဒပြတဲ့သူတွေ စီတန်းလာရင် ခြံစည်းရိုးကြားကချောင်းကြည့်။ သူတို့အော်တာတွေ မှတ်ထား။ ပြီးတော့ ခြံထဲမှာ ကိုယ့်ဖာသာ ဆန္ဒပြကြတာပေါ့။

“ဒီမိုကေစီ ရရှိရေး ဒိုးရေး ဒိုးရေး”

ဆန္ဒပြတာကို ပထမဆုံးအကြိမ် တွေ့တုန်းက ဒီမိုကေစီဆိုတာကိုမသိတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် အပီအပြင် ဆွေးနွေးကြပါတယ်။

“ဟေ့ရောင်ဒီမိုကေစီ ဆိုတာဘာလဲကွ”
“ငါလဲ ဘယ်သိမလဲ သူတို့အော်နေကြတာပဲ”
“အေး နော် အများကြီးဝိုင်းတောင်းနေကြတာဆိုတော့ ကောင်းလို့နေမှာပေါ့”
“ဒီမိုကေစီ ဆိုတာ လွတ်လပ်ရေးထင်တယ်”
“ဟင် မင်းကလဲ လွတ်လပ်ရေးက ရပြီးသားကြီးကို”
“အေးလေ ဒို့ဗိုလ်ချုပ်တိုက်ပေးသွားတာ”
“မင်းတို့ကလဲ အဲဒါရရင် ပိုလွတ်လပ်လို့နေမှာပေါ့ကွ”
“အေးနော် ညဘက်မိုးချုပ်ကြီးထိ ဒီထိုးတန်းဆော့နေလိုရရင် မတရားကောင်းမှာ”
“ဟာ ညဘက် သရဲကြောင်းပြောတာပိုကောင်းတယ် ဒီထိုးတာက မိန်းမတွေဆော့တာ”
“အံမာ မင်းလဲမနေ့က ဆော့တာပဲ”
“ဟေ့ရောင်တွေ နေစမ်းဘာအုံးမင်းတို့ကလဲ သေချာကြည့်စမ်း၊ ဆန္ဒပြတာ ငါတို့အမှတ်လေးထဲက သူတွေချည်းပဲ၊ တွေ့လား တစ်မြို့လုံးမှာငါတို့ရပ်ကွက်တစ်ခုပဲ ဒီမိုကေစီ မရသေးတာထင်တယ်”
“အေးနော် ထန်းတောဘက်က လူတွေလဲမတွေ့ဘူး”
“အေး မင်းဝိုင်းဘက်ကလူတွေရောမတွေ့ဘူး”
“ဟုတ်လား ဒါမျိုးဆို ငါက မတရားစိတ်ဆိုးတာ ငါတို့လဲ ဆန္ဒပြရအောင်”
“အေးပြမယ် လာလိုက်သွားရအောင်”
“နေအုံးဟ အိမ်ကသိရင်ငါတို့ကို ရိုက်နေအုံးမယ်”
“အေးလေ ဒို့အိမ်တွေကလဲ ကိုယ့်ရပ်ကွက်တစ်ခုထဲမရသေးတာ လိုက်ပြတာမဟုတ်ဘူး”
“ဟေ့ဟေ့ဟိုမှာကြည့်စမ်း ကျောင်းကသံချောင်းခေါက်တဲ့ ဦးပိန်ကြီး မဟုတ်လား”
“အေး ဟုတ်တယ် ဟားဟား ထန်းတောဘက်လဲ ဒီမိုကေစီ မရသေးပါဘူးကွ”
“ငါတို့မသိတဲ့လူတွေလဲအများကြီးပါတာပဲ၊ တမြို့လုံးမရသေးတာပဲနေမှာပါကွာ”

အဲလိုနဲ့ ကျွန်တော်တို့လဲ ခြံထဲမှာဆန္ဒပြကြပါတယ်။ အော် ခေါင်းစည်းကြိုးအနီရောင်လား လွယ်ပါတယ်။ ကိုယ့်အိမ်ကိုပြန်၊ အမေမသိအောင် အိမ်တွင်းနတ်အုန်းမှာ တပ်ထားတဲ့ပိတ်စအနီလေး ခိုးဖြုတ်ပြီး လိုက်ကာလေး ပြန်ကာထားလိုက်တာပေါ့။ ခွပ်ဒေါင်းအလံ လား လွယ်ပါတယ်။ သောက်ရေစစ်လုပ်တဲ့ ပိတ်စအဖြူပေါ်မှာ မီးသွေးခဲနဲ့ ဆွဲလိုက်တာပေါ့။ ဝါးချမ်းပြားကြားမှာ ညှပ်ပြီးထောင်လိုက်တော့ ကျွန်တော်တို့ အလံကြီးဟာ ဝင့်ဝင့်ကြွားကြွားနဲ့ ပေါ့။ ပြီးရင် ရေပြန်ဆေးပေးမှာပဲဟာ။ ကျွန်တော်တို့ဆန္ဒပြပွဲက သိပ်တော့ မကြာလိုက်ပါဘူး။ ကာကွယ်ရေးနဲ့ စီးပွားကူးသန်းနှစ်ခုတွဲဝန်ကြီး ဖေဖေနဲ့ ပြည်ထဲရေးဝန်ကြီး မေမေ တို့ရဲ့ မျက်ရည်ယိုတုတ် သုံးစွဲနိုမ်နင်းမူကြောင့် အလွယ်တကူပဲ ပြိုကွဲသွားပါတယ်။ အော် မျက်ရည်ယိုတုတ် ကတော့ ဆန်ရင်းနာနာဖွတ်ဆိုသလို ကျောင်းသားလူငယ် ကျွန်တော်ပဲခံရတာပေါ့ခင်ဗျာ။

တဖက်အိမ်နီးခြင်းနိုင်ငံများမှ သူငယ်ချင်းများကိုတော့ အိမ်တွင်းရေးကို အနှောက်အရှက်ဖြစ်စေမယ့် ပေါက်ကရကစားနည်းများမကစားကြဖို့နဲ့ နောက်ကို မြှောက်ထိုးပင့်ကော်လုပ်ရင် လုံခြုံရေးကောင်စီ ကိုတင်ပြပြီး အကြီးအကဲများပါ ဖိတ်ခေါ်ဆွေးနွေးပစ်မည်ဖြစ်ကြောင်း ဆုံးမ ပြီးပြန်လွှတ်လိုက်ပါတယ်။ နောက်တော့လည်း ခေါင်းစီးတွေ ခွပ်ဒေါင်းအလံတွေမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့လည်း မဆူတော့ပါဘူး။ အပြင်မှာလည်း ပြနေကြတာပဲ မဟုတ်လား။

မကြာခင်ပဲ ဟိုမြို့မှာခေါင်းတွေဖြတ်တယ် ဒီမြို့မှာအဆိပ်ခပ်တယ် စတဲ့သတင်းတွေ ကြားလာရပါတယ်။ ဘယ်အလုပ်မဆို ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တဲ့လူတွေရှိသလို ဆွမ်းဆန်ထဲ ကြွက်ချေးရော ပါလာတဲ့ ကိစ္စတွေလည်း ရှိတာပဲလေ။ အဲလိုနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာလည်း ယောင်္ကျားလေးတွေ တစ်အိမ်တစ်ယောက် ညဘက်ထွက်ပြီး ကိုယ့်ရပ်ရွာလုံခြုံရေး ကင်းစောင့်ကြရတာပေါ့။ ကင်းစောင့်တာကလဲ ညဖက် အိမ်ထောင်ဦးစီးယောင်္ကျား တွေစုထိုင်ပြီး ရေနွေးသောက်၊ အမြီးစားရင်း စကားပြောကြတာပါပဲ။ မှတ်မိသေးတယ်ဗျ။ အမေက အဖေကင်းစောင့်သွားခါနီး လ္ဘက်သုတ်ယူသွားဖို့ပြင်ပေးနေတုန်း။

“မေကြီး ဘာတွေလှီးနေတုန်း”
“ဒညင်းသီးပြုတ်လေ သားရဲ့၊လ္ဘက်သုပ်ထဲထည့်ဖို့”
“အော် ဖေကြီးကင်းစောင့်ရင် ယူသွားဖို့လား”
“အေး”

အမေ ဟိုဖက်လှည့်တုန်း ပါးပါးလှီးထားတဲ့ ဒညင်းသီးဖတ်လေးတွေ အများကြီး လက်ညိုးနဲ့လက်မ ညှပ်ပြီး နှိုက်စားလိုက်တယ်။ ကောင်းလိုက်တာ ဆိမ့်လို့။ နောက်ထပ် ထပ်နှိုက်မယ်အလုပ်။

“ကောင်လေး အများကြီးမစားနဲ့ ဆီးအောင့်မယ်”

အမေ့နောက်စေ့က မျက်စေ့လိုပဲ မြင်ရတယ်တောင်ထင်မိတယ်။ ကျွန်တော်လည်း နောက်တစ်ညှပ်ထပ်နှိုက်ရင်း“ ဖေကြီး ဆီးအောင့်မှာ စိုးလို့ကူစားပေးတာ” လို့ပြောပြီး ဟိုဘက်အိမ်က သူငယ်ချင်းဆီ ထွက်လာလိုက်တာပေါ့။ တကယ်တော့ ကျွန်တော်တို့မြို့မှာ အကြမ်းဖက်တဲ့ကိစ္စတွေ မဖြစ်ခဲ့သလောက်ပါပဲ။ မြို့လေးက သေးသေးလေး ဆိုတော့ ကျွန်တော့်အထင် အမြင်မတူကြရင်တောင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာနာပြီး ဆိုးဆိုဝါးဝါး မလုပ်ကြပါဘူး။
နဲနဲပါးပါးတော့ရှိမှာပေါ့။ လူကြီးတွေပြောသံကြားဖူးတာပဲ။ ကျွန်တော်တို့ မြို့မှာ ကိုချစ်ပြား ဆိုတဲ့သူတစ်ယောက် ရှိသတဲ့။ သူက ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကိုမကြိုက်ဘူးတဲ့။ ပါတီစုံ ဆိုမှတော့လူစုံ ပါးစပ်ပေါက်စုံနဲ့ ပါးစိပါးစပ်တွေများမှာပေါ့တဲ့။ နိုင်ငံအုပ်ချူပ်တာ တစ်ယောက်တစ်ပေါက်နဲ့ဆို ဘယ်ဖြစ်မတုန်း။ ရန်တွေချည်း ထဖြစ်နေမှာပေါ့တဲ့။ ကောင်းတာက တစ်ပါတီထဲ အုပ်ချုပ်၊ ကျန်တဲ့သူတွေအကုန် သူ့စကား နားထောင်။ နားမထောင်ရင်ဗျင်းပစ်။ အဲလိုမှနိုင်မှာပေါ့တဲ့။ အဲလိုပဲ သူက လူစုံရင် တစ်ပါတီတရား ဟောသတဲ့။ ကြာတော့လူတွေက သူ့ကို တစ်ပါတီချစ်ပြား လို့ခေါ်ကြသတဲ့။ တစ်နေ့ကြတော့ ဒီမိုအရေး တက်ကြွတဲ့ကြက်ဖ တစ်စုက သူ့ မြင်ပြင်းကပ်လာပြီး ချောင်တစ်ချောင်ခေါ်၊ မြေပေါ်ချေဆင်းထိုင်ခိုင်း၊ ခြေသလုံး သစ်သား မြင်းလုံးနဲ့လှိမ့်လှိမ့် တဲ့ပြီး တစ်ပါတီချစ်ပြား ဂျပါတီစားကွာ ဆိုပြီး ဧည့်ခံလွှတ်လိုက်သတဲ့။ နောက်တော့ ဘယ်လိုဆက်ဖြစ်လဲ မသိတော့ပါဘူး။
ကောင်းတဲ့ဟာများကြ သိပ်မကြာဘူးဆိုတာ သိပ်မှန်။ ဟုတ်တယ်မလား သငယ်ချင်းကောင်း ယောက်ဖတို့။ ကျောင်းတွေပိတ်တာမှ ဘာကြာသေးတုန်း နိုင်ငံတော်အေးချမ်းပြီ ဆိုပြီးပြန်ဖွင့်တာပဲ။ ဆော့လို့တောင်မှ မဝသေးဘူး။ ကျွန်တော်တို့လဲ ဓါတ်တိုင် အစ်စ် ဓါတ်တိုင်* ဆိုတော့ ကျောင်းပြန်တက်ရတာပေါ့။
ပထမဆုံးနေ့မှာစတွေ့တာပဲ။ သင်္ချာဆရာမနဲ့။ ဆရာမက ကျောင်းမပိတ်ခင်က သင်ထားတဲ့ အခန်းတွေပြန်မသင်တော့ဘူး။ အရင်ကကိုယ့်ဗလာစာအုပ်ထဲမှာ တွက်ထားတဲ့ အပုဒ်တွေ ကိုယ့်ဟာကို ပြန်ကြည့်တော့။ အခု အခန်းအသစ်ကိုစမယ် လဲဆိုရော၊ ကျွန်တော့်သူငယ်ချင်း ဖိုးချမ်းဆိုတဲ့အကောင်က အီးကနဲ ထငိုသဗျ။ ဆရာမက ဟဲ့ဘာဖြစ်သတုံး ဆိုတော့ ဟိုကောင်က ရည်ရည် လည်လည်ရှင်းပြပါတယ်။ နှာရည်တွေရော မျက်ရည်တွေရောလည်ပြီး။ ဒီလိုပါ တဲ့ သူ့ အမေက သူ့ဗလာစာအုပ်အဟောင်းတွေ အီးကုန်းပစ်လိုက်လို့ မရှိတော့ဘူးတဲ့။ သူ့အမေ ဒီကောင်ဒီတစ်သက် ကျောင်းပြန်တက်စရာ မလိုတော့ဘူး များထင်သွားလားမသိ။

*(ဒီယူတီဝိုင်=ဓါတ်တိုင်)

_______
ကွန်းဇော်