Showing posts with label ထိတ်လန့်. Show all posts
Showing posts with label ထိတ်လန့်. Show all posts

Monday, 6 August 2012

နောက်ဆုံးစာမျက်နှာ (၃)

          ညနေကျောင်းဆင်းတော့ ကျွန်တော်တို့ အတန်းသူအတန်းသားတချို့ကို အတန်းခေါင်းဆောင်က ဦးဆောင်ပြီး ဆေးရုံကို လူနာမေးသွားကြပါတယ်။ ဆရာမက ICU ထဲမှာပဲမို့ ကျွန်တော်တို့ တွေ့ခွင့်တော့မရပါဘူး။ ဆရာမအဖေကပဲ လူနာလာမေးတဲ့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ဆရာမတစ်ယောက်ထဲ မောင်းလာရင်းနဲ့ ရုတ်တရက်လမ်းဘေးကို ထိုးဆင်းသွားပြီး သစ်ပင်ကိုဝင်ဆောင့်မိတာတဲ့။ ဆေးရုံကိုလိုက်ပို့ပေးတဲ့ သူကတော့ ပြန်သွားပါပြီ။ သူနောက်ကမောင်းလာရင်း အဖြစ်ပျက်ကို တွေ့လိုက်တာနဲ့ ဆင်းကြည့်တော့ ဆရာမက ကားပေါ်မှာ သတိလစ်နေပြီ။ အဲဒါနဲ့ သူ့ကားနဲ့ပဲ ဆေးရုံပို့ပေးရင်း ဆရာမ ဟန်းဖုန်းကို ကြည့်ပြီး အိမ်ကိုခေါ်ပေးခဲ့တာတဲ့။ ကျွန်တော်တို့လည်း ခဏပဲနေပြီး ပြန်လာခဲ့လိုက်ပါတယ်။

“ဆရာမသနားပါတယ်နော်”
“အေးလေကွာ ခုထိသတိမရသေးဘူး၊ လင်းအောင် မင်း တကယ်ဆက် လုပ်ချင်သေးလို့လား၊ ငါ့စိတ်ထဲမှာ ငါ ငါတို့ အပြစ်….”
“တော်စမ်းပါကွာ၊ မဆိုင်တာကို မင်းကလဲ၊ အခုဟာက ဗေဒင်မေးလိုက်လို့ တို့က ကြိုသိမိ တဲ့သဘောမျိုး ဖြစ်သွားတာဟာကို”
“အေးလေ အဲလိုပဲဖြစ်မှာပါ၊ ငါစိုးရိမ်တာက သူကဆရာမကိုသွားပြီး…..”
“ဟေ့ရောင် တော်တော်၊ မဆိုင်တာကို မင်းခေါင်းထဲကထုတ်ထားလိုက်၊ ငါပြောမယ် ငါလည်းစိတ်မကောင်းဖြစ်ရတာပဲ၊ ဒီနေ့ငါတို့ နားလိုက်ကြမယ်ကွာ၊ မနက်ဖြန်ညကျရင် ငါ့အဖေဝယ်ထားတဲ့မြို့သစ်ဘက်က တိုက်ခန်းမှာ ငါတို့သွားအိပ်ကြမယ်၊ အဲတော့မှထပ်စမ်းကြမယ်၊ ဘယ်လိုလဲ”


          လင်းအောင် မျက်လုံးတွေထဲက စိတ်အားထက်သန်မှူတွေကို ကျွန်တော် အတိုင်းသား မြင်နေရတယ်။ ကျွန်တော့်စိတ်ထဲမှာလဲ ဝေခွဲမရဖြစ်နေတယ်။ ဒါဟာ တိုက်ဆိုင်မှူပဲလား၊ ဒါမှမဟုတ်ရင်….။ အိုကေလေ သေချာအောင် ထပ်စမ်းကြတာပေါ့။ နောက်တစ်ခါ မေးခွန်းတွေ မေးရင်တော့ သတိထားရမယ်။

“ဟေ့ရောင် စာအုပ်ကို ဘယ်သူမှမပြနဲ့နော်၊ မင်းကတိကိုလဲ မမေ့နဲ့”
“အေးပါ၊ မင်းလဲ မနက်ဖြန်ညပြန်မအိပ်ဘူးဆိုတာ မင်းအိမ်ကိုပြောခဲ့အုံး”

          ကျွန်တော် လင်းအောင်ကိုနှုတ်ဆက်ပြီး အိမ်ဘက်ကိုဆက်လျှောက်လာရင်း အခုကိစ္စကိုပြန်တွေးနေမိတယ်။ စိတ်ထဲမှာလည်း အပြစ်ရှိသလိုလိုခံစားချက်နဲ့ ဆက်ပြီး စူးစမ်းလိုစိတ်တွေ လွန်ဆွဲနေတယ်။ ဟူး…. ဒီနေ့ညအိပ်ပျော်ပါ့မလား။ ကျွန်တော်ခေါင်းကို ခါရမ်းပြီး စိတ်ထဲမှာပေါ်လာတဲ့ သီချင်းတစ်ပိုင်းတစ်စကို ငြီးရင်း ကျွန်တော်တို့အိမ်ရှိတဲ့လမ်းဘက်ကို ချိုးဝင်လိုက်တယ်။

ရုတ်တရက် ကျွန်တော့်အာရုံထဲမှာ တစ်ခုခု ခံစားမိလိုက်တယ်။ ကိုယ့်ကို တစ်ယောက်ယောက်က စိုက်ကြည့်နေတဲ့အခါမှာ ဖြစ်တတ်တဲ့ ကျောမလုံတဲ့ ခံစားချက်မျိုး။ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ လမ်းထဲမှာလဲ လူရှင်းနေတယ်။ ဘယ်သူမှမရှိဘူး။ တဖြည်းဖြည်းနဲ့ အိမ်နားရောက်လာပြီ။ ဘေးအိမ်က အဘိုးကြီး အဘွားကြီးလင်မယားနှစ်ယောက်ထဲ နေတဲ့အိမ်ဘက်ကို လှမ်းကြည့်လိုက်တော့ သစ်ခွပန်းစင်တွေကြားမှာ အလုပ်ရှူပ်နေတဲ့ အဘိုးကြီးကို လှမ်းတွေ့လိုက်တယ်။

“အဘ….ပန်းတွေပွင့်နေပြီနော်၊ တယ်လှပါလား”
“အေးကွ မောင်ဇော်၊ မင်းအမေကိုလဲပြောလိုက်၊ ဘုရားတင်ဖို့လိုချင် လာယူလို့”
“ဟုတ်ကဲ့ ကျေးဇူးပဲ အဘ”

          တစ်ယောက်ယောက်နဲ့ စကားပြောလိုက်ရလို့ ကျွန်တော်စိတ်ထဲနဲနဲပေါ့သွားတယ်။ ခြံတံခါးကို တွန်းဖွင့်ပြီး အထဲကိုဝင်လိုက်ရင်း လမ်းပေါ်ကို အကဲခတ်လိုက်တယ်။ ဆလွန်းကားတစ်စီးဖြတ်မောင်း သွားပြီး အရာရာဟာ ဘာမှမထူးခြားသလို ပုံမှန်အတိုင်းပါပဲ။

နောက်တစ်နေ့ညနေ ကျောင်းဆင်းတော့ ကျွန်တော်နဲ့ လင်းအောင် မြို့သစ်ဘက်ကို ဘတ်စ်ကားစီးလာခဲ့ကြတယ်။ ကားပေါ်ကဆင်းပြီး ကမ်းနားလမ်းတိုင်း စကားတပြောပြောနဲ့ လင်းအောင်တို့ တိုက်ခန်းဘက်ကို လျှောက်လာခဲ့ကြတယ်။ တိုက်အောက်ရောက်တော့ လင်းအောင်က

“ထွန်းဇော်တွေ့လား ဟိုးအပေါ်ဆုံးထပ်က ဝရန်တာ၊ အဲဒါ ငါ့အဖေဝယ်လိုက်တဲ့အခန်းပဲ၊ ဒီတစ်ခါတော့ သူ ကြာကြာဥထားပြီး ဈေကောင်းရမှပြန်ထုတ်မယ်လို့ပြောတယ်ကွ”
“မင်းအဖေတော့ ဒီတစ်ခန်းလဲ မြတ်အုံးမှာပေါ့ကွာ”
“အေးငါလည်း မုန့်ဖိုးများများ တောင်းမယ်လို့ စဉ်းစားထားတယ် ဟားဟား”
         
တိုက်တွေကဆောက်ထားတာ မကြာသေးဘူးဆိုတော့ အခန်းစေ့လူမနေကြသေးပါဘူး။ သူတို့အခန်းက အပေါ်ဆုံးထပ်မှာ မြစ်ဘက်ကိုမျက်နှာလှည့်ထားတာဆိုတော့ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် နေလိုသူတွေအကြိုက်ပါပဲ။ ကျွန်တော်တို့စမ်းသပ်မူအတွက်လည်း ကွက်တိပေါ့။ ကျွန်တော်တို့ ဝရန်တာမှာထိုင်ပြီး ဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်ကိုဖြည်စားရင်း  ညနေ ဆည်းဆာရဲ့အလှကို ခံစားနေကြတယ်။ လင်းအောင်က

“ဟေ့ရောင်မင်းကို ပြောပြရအုံးမယ် အိမ်က အဘိုးလေးကိုယ်တိုင်ပစ်ထားတာ လို့ပြောတဲ့ သမင်ခေါင်းရုပ်ကြီး သိတယ်မှလား ဧည့်ခန်းထဲမှာချိတ်ထားတာလေ”
“အင်း သိတယ်လေ ဘာလဲ သူဝယ်လာတာပါလို့ ဝန်ခံလိုက်ပြီလား ဟီးဟီး”
“ဟီးဟီး မင်းကို နရင်းထအုပ်လိမ့်မယ်၊ နေစမ်းဘာအုံး ငါအကောင်းပြောမလို့၊ မနေ့ညက ငါတရေးနိုးလို့ ရေခဲသေတ္တာ ထဖွင့်တော့ အဲဒီသမင်ခေါင်းကြီးရဲ့မျက်လုံးတွေက ငါ့ကို လိုက်ကြည့်နေသလိုပဲဟေ့ရောင်၊ ဒါကြီးချိတ်ထားတာ ကြာလှရှိနေပြီ ခုမှ အသက်ဝင်လာတဲ့အတိုင်းပဲ၊ မီးရောင်မှိန်မှိန်ထဲမှာ သူ့မျက်လုံးတွေက လှူပ်စိလှူပ်စိနဲ့၊ ငါစိတ်ထင်တာလဲဖြစ်နိုင်ပါတယ်၊ တော်သေးတာပေါ့ အဲတုန်းက ခေါင်းကြီးပါလှည့်လာရင်တော့ ငါအသေထအော်မိမှာပဲ”

လင်းအောင်က ပြောရင်းမနေ့ညက ဟာကိုသူ့ဟာသူပြန်စဉ်းစားပြီး ကြက်သီးတွေထလာသလို တွန့်နေတယ်။ ကျွန်တော်ရုတ်တရက် စာအုပ်ဆိုင်က ဘီလူးကိုသွားသတိရမိတယ်။ ဒီခံစားချက်မျိုးကို ကျွန်တော်သိတယ်။ ကျွန်တော်ကိုယ်တိုင်လဲ စိတ်ထင်တာပဲဖြစ်မှာပါလို့ ကို့ကိုယ်ကို ဖြေသိမ့်ခဲ့ပေမယ့် ကျွန်တော့် အတွင်းစိတ်တစ်နေရာကနေ မဟုတ်မှန်းသိနေခဲ့တယ်။ ဒီကိစ္စဟာ ဟိုစာအုပ်နဲ့များ ဆက်စပ်နေမလား။ စာအုပ်ကိုယ်တိုင်ကပဲ သံလိုက်လိုဓာတ်တမျိုးနဲ့ သူ့အနီးအနားကို သရဲတွေကို ညို့ခေါ်ရင်း ဒီအရုပ်တွေမှာ ပူးကပ်သွားတာလား။ ဒါမှမဟုတ် နဂိုထဲက အဲဒီအရုပ်တွေ ထဲမှာရှိနေတဲ့ ဝိညာဉ်တွေကို လှူပ်နှိူးပေးလိုက်တာလား။ ကျွန်တော် ရောက်တတ်ရာရာတွေ လျှောက်စဉ်းစား နေမိတယ်။ ဘာပဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့ ဒီစာအုပ်နဲ့ပတ်သက်တဲ့ ဆန်းကြယ်မူတွေဟာ များသည်ထက်များလာသလိုပဲ။

“ဟေ့ရောင် ဘာတွေတွေးနေတာလဲ၊ မင်းနောက်နေ့အိမ်လာရင် ငါတို့သမင်ခေါင်းကြီးကို ကြည့်ကြည့်စမ်းကွာ၊ ဘာထူးလဲလို့”
“အေးပါ နေစမ်းပါအုံး မင်းကိုမေးရအုံးမယ်၊ မင်းဒီစာအုပ်ထဲကဟာတွေကို ဘာကြောင့် လုပ်ကြည့်ချင်နေတာလဲ”
“စိတ်ဝင်စားလို့ပေါ့ဟ၊ မင်းကရော”
“မဟုတ်ဘူးလေကွာ မင်းရဲ့ရည်ရွယ်ချက်ကိုမေးတာ၊ ငါဆိုရင် ဒီလို ငါတို့ မမြင်ရတဲ့လောကတစ်ခု တကယ် ရှိနေလားဆိုတာ သိချင်ယုံပဲ၊ ဒါသေချာသိရင် ငါရပ်လိုက်တော့မလားလို့ စိတ်ကူးတယ်”

လင်းအောင် က ဘာမှပြန်မပြောသေးပဲ ကျွန်တော့်မျက်နှာကို အကဲခတ်နေတယ်။ ခဏနေမှ

“အေး…မင်းမေးတော့လည်း ပြောရတာပေါ့ကွာ ငါဒီစာအုပ်ကနည်းတွေကို အကုန်လုပ်ကြည့်ချင်တယ်၊ အဲဒါငါ့ရည်ရွယ်ချက်ပဲ၊ ဘာကြောင့်လည်းဆိုတော့ ဒီစာအုပ်ကပထမဆုံး နည်းမှာကို ယုံရခက်လောက်အောင် စွမ်းနေတော့ အင်း..ယုံရခက်နေတယ်ပေါ့ကွာ၊ ဒီစာအုပ်ကို မင်းရေးထားတာတော့ မဟုတ်ပါဘူးနော်”
“အင် လဒကလည်း၊ ငါ့လက်ရေးမင်းမမြင်ဖူး ဘူးလား”
“ဟားဟား အေးပါကွာ ယုံရခက်လောက်အောင်စွမ်းနေလို့ပါဆို၊ တစ်ခါခေါ်တာ တစ်ခါတည်း တန်းလာတယ်ဆိုတော့၊ ဈေးထဲက မီးခြစ်ကျောက်ဖြည့်တဲ့လူကြီး အော်သလို၊ ဝမ်းခြစ်ဝမ်းတောက် အမေရိကန်ကျောက် ဆိုတဲ့အတိုင်းပဲ ဟီဟိ”
“ဒါဆို နောက်ဆုံးစာမျက်နှာကိုရော မင်း ကြည့်မှာလား”
“ဒါကတော့ ပြောဖို့စောသေးတယ်ကွာ၊ မင်းကို ငါကတိပေးထားသလို နောက်ဆုံးစာမျက်နှာကို လှန်မကြည့်သေးပါဘူး၊ ဒီစာအုပ်မှာ သင်္ကေတ၊ အိမ်မက် နဲ့ အသံ ဆိုပြီးနည်းသုံးနည်း ပါတယ်လို့ဆိုတယ် မဟုတ်လား၊ အဲဒီမှာ အသံဆိုတာ နောက်ဆုံးစာမျက်နှာမှာလား ဒါမှမဟုတ် သတ်သတ်စီလားဆိုတာ မသိသေးဘူးလေ၊ ငါတို့ တစ်ခုချင်းစီစမ်းသွားကြမယ်၊ အခြေအနေ အရပေါ့၊ ဘယ့်နဲ့လဲ”
ကျွန်တော် သက်ပြင်းတစ်ချက်မှူတ်ထုတ်လိုက်ရင်း
“အေးလေ မင်းသိပ်စမ်းချင်နေလဲ သဘောပဲ”
“ကဲဒါဆိုလဲ ထတော့ကွာ ငါတို့ရဲ့စမ်းသပ်မူကြီးကို ဆက်လုပ်ကြရအောင်”

ညနေဆည်းဆာရဲ့ ကြက်ဥနှစ်သဏ္ဌာန် နေလုံးကြီးဟာ မြစ်ရေမှာ ရောင်ပြန်ဟပ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ရွှေဝါရောင်တွေ ပက်ဖျန်းထားပါတယ်။ ခုလို အထပ်မြင့်မြင့် ဝရန်တာကနေ ဘေးပတ်ဝန်းကျင်ကို အဝေးကြီးလှမ်းမြင်ရတာမျိုးကို ကျွန်တော် သဘောကျတယ်။ ကျွန်တော်ထိုင်နေရာကနေ ခေါင်းကို လှန်ပြီးမော့်ကြည့်လိုက်တော့ လိမ္မော်ရောင်ကနေ အပြာရောင်ဆီသို့ တဆက်တစပ်တည်း ပြေပြစ်စွာကူးပြောင်းသွားတဲ့ ကောင်းကင်ကျယ်ကြီးကို ရှင်းသန့်စွာနဲ့ မြင်နေရပါတယ်။ လေနုအေးအေးကို တစ်ဝရှုရှိုက်ပြီး ကျွန်တော်တို့အိမ်ထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။ ဧည့်ခန်းထဲက စားပွဲပေါ်မှာပဲ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပြီး ခုံတစ်ယောက်တစ်လုံးစီနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။

အရင်တစ်ခါကလိုပဲ အကြွေစေ့ပေါ်ကို လက်ညိုးနဲ့ထောက်ပြီး စိတ်ထဲကနေ စတင်ဖိတ်ခေါ် နေလိုက်ကြတယ်။ ဧည့်ခန်းနံရံပေါ်က နာရီက တချက်ချက်မြည်သံ ဟာမှန်မှန်ထွက်ပေါ်နေတယ်။ အရာရာဟာငြိမ်သက်တိတ်ဆိတ်လို့။ အချိန်တွေတရွေ့ရွေ့ ကုန်ဆုံးလာတယ်။ တစ်မိနစ်။ ငါးမိနစ်။ ကျွန်တော်တို့နှစ်ယောက်လုံး ငြိမ်သက်နေတဲ့ အကြွေစေ့ကို စိုက်ကြည့်နေကြတယ်။

ဝရန်တာဘက်က တစ်ချက်ဝှေ့လိုက်တဲ့ လေအေးအေးနဲ့အတူ အခန်းတွင်းမှာ အအေးဓာတ်စတင် ဝင်ရောက်လာတယ်။ သူ….လာပြီ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် နားလည်စွာ ကြည့်မိကြတယ်။ အကြွေစေ့က ငြိမ်နေတုန်းပဲ။ တိတ်ဆိတ်ငြိမ်သက်မှူနဲ့အတူ အေးစိမ့်စိမ့် အငွေ့အသက်ဟာ လေးလံတဲ့စောင်ထူထူ တစ်ထည်လို တစ်ခန်းလုံးကို လွှမ်းခြုံလာတယ်။ ကျွန်တော့်ခေါင်းထဲမှာ အတွေးတစ်ခုပေါ်လာတယ်။ ဒီတိုက်မှာ အခန်းတွေတော်တော်များများ လူမနေကြသေးဘူး။ တကယ်လို့များ ဧည့်သည်က တစ်ခုခု ကြမ်းကြမ်းတမ်းတမ်းလုပ်ခဲ့ရင်၊ ဖြစ်ပေါ်လာမယ့် အခြေအနေကို ကျွန်တော်နဲ့လင်းအောင် နှစ်ယောက်ထဲ ထိမ်းနိုင်ပါ့မလား။ ကျွန်တော်စိတ်ထဲမှာ အထီးကျန်အားငယ်သလို ခံစားမိတယ်။ ချက်ချင်းပဲ စာအုပ်ထဲက စာသားတချို့ကို သတိရမိပြန်တယ်။ “ဧည့်သည်က သင့်စိတ်ကို သိနိုင်၏” ကျွန်တော်ခေါင်းထဲက အတွေးတွေကို အမြန်ဖျောက်ပစ်လိုက်တယ်။ လက်ဖျားက အကြွေစေ့ ရဲ့ မသိမသာတုန်ခါလာမှူကို ခံစားမိလာတယ်။ သူ ကျွန်တော်တို့ကို ဆက်သွယ်တော့မယ်။ ကြောက်ရွံ့စိတ်နေရာမှာ စူးစမ်းလိုစိတ်က အစားထိုးဝင်လာပြန်တယ်။ အဲဒီအချိန်မှာ လင်းအောင်က ရုတ်တရက်မေးလိုက်တယ်။

“ဧည့်သည် သင့်နံမည်ရှိရင် ပြောပြပါ”

          အကြွေစေ့က ALAN ဆိုတဲ့ စာလုံးတွေပေါ်ကို ဖြည်းညင်းစွာ ရွေ့သွားလိုက်တယ်။ ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက် အံသြစွာ ကြည့်မိကြတယ်။ ဒါဟာ စာအုပ်ရေးသူရဲ့ မိတ်ဆွေနံမည်ပဲ။ လင်းအောင်က

“သင် စာအုပ်ရေးတဲ့ စံမှီကိုသိသလား” လို့ ထပ်မေးလိုက်ပြန်တယ်။ အကြွေစေ့ကလည်း YES ဆိုတဲ့စာလုံးပေါ်ကို ထပ်ရွေ့သွားပြန်တယ်။ ဟုတ်တယ်ဒါဟာ စာရေးသူရဲ့မိတ်ဆွေပဲ။  စာအုပ်ထဲကစာသားတွေ ကျွန်တော့် အတွေးထဲမှာ အစီအရီပေါ်လာပြန်တယ်။
“လေ့လာစမ်းသပ်မူ၏ အကျိုးသက်ရောက်မူကား ကျွန်ုပ်တို့၏ဘဝကို ပြင်းစွာရိုက်ခတ်လေ၏။ ၎င်းဒဏ်ကို မခံနိုင်သော ကျွန်ုပ်၏ ချစ်မိတ်ဆွေ အလန်ကား သွားနှင့်လေပြီ။”  

          အကျိုးသက်ရောက်မှူက ဘယ်လိုရိုက်ခတ်တာလဲ။ ဘယ်ကိုသွားနှင့်တာလည်း။ အရင်က သူသေသွားတာလို့ ကျွန်တော်ရိုးရိုးပဲထင်ခဲ့တာ။ အခုလောလောဆယ်မှာ ALAN က ကျွန်တော်တို့လောကမှာမဟုတ်တော့ဘဲ တစ်ခြားလောကကနေ ကျွန်တော်တို့ကို ပြန်ဆက်သွယ်နေတာ ဆိုတော့ သူသေသွားပြီးမှရောက်သွားတာလား ဒါမှမဟုတ်တနည်းနည်းနဲ့ အဲဒီလောကကို ရောက်သွားတာလား။ ကျွန်တော်အတွေးတွေကို ခဏရပ်ပြီး မေးခွန်းတစ်ခု မေးလိုက်တယ်

“သင်ကျွန်တော်တို့ လောကကို အမြဲ တွေ့ရလား”
အကြွေစေ့က “NO” လို့ပြတယ်။
“သင်အခု ကျွန်တော်တို့ကို တွေ့ရလား”
“YES”

ရုတ်တရက် လင်းအောင်က တဟားဟားနဲ့ ရီလိုက်တယ်။ ကျွန်တော်လန့်သွားပြီး သူ့ကို မော့်ကြည့်ရင်း

“ဟေ့ရောင် ဘာ…ဘာဖြစ်တာလဲ”
လင်းအောင်က မျက်နှာကိုဖြတ်ကနဲ ပြန်တည်လိုက်ပြီး ကျွန်တော့်ကို စိုက်ကြည့်ရင်း
“ထွန်းဇော် မင်းတမင်သက်သက်လုပ်နေတာ မဟုတ်လား”
“ဘာကိုလဲဟ”
“အကြွေစေ့ကို မင်းတွန်းနေတာမဟုတ်လား၊ ငါဒါမျိုးစိတ်ဝင်စားမှန်းသိလို့ မင်းစာအုပ်တွေ ဘာတွေ စတန့်ထွင်ပြီး…”
“ဟေ့ရောင် တော်တော် ဒီမှာ တိုးလို့တန်းလန်းကြီးနဲ့မင်းဘာထပေါက်တာလဲ ဟ”
“မသိဘူး ငါ့စိတ်ထဲမှာ မဖြစ်နိုင်ဘူးလို့ထင်လာလို့၊ ဒီမှာ ဧည့်သည် သင်တကယ်ရှိရင် တနည်းနည်းနဲ့သက်သေပြပါ၊ အကြွေစေ့နဲ့တော့ YES လို့မပြနဲ့နော်၊ တခြားစိတ်ဝင်စားစရာ နည်းလေးလုပ်ပါအုံး”
“လင်းအောင် မင်းဘာတွေလျှောက်ပြောနေတာလဲကွာ၊ ပြသနာပဲ”
“ထွန်းဇော် မင်း သူတို့လောက တကယ်ရှိလားမရှိလား သိချင်တယ်မဟုတ်လား၊ ဒါမင်းထွင်တာမဟုတ်ဘူးဆိုရင် စောင့်ကြည့်နေလိုက် မင်းသိချင်တာလဲသိရမယ် ဟုတ်လား”
         
          လင်းအောင် ပွဲကြမ်းပြီ။ သူပြောသလိုပဲ ယုံရခက်အောင် စွမ်းနေတော့ သူမယုံနိုင်ဘဲ ဖြစ်နေတယ် ထင်တယ်။ ဒါကြောင့် သူ တစ်ချိန်လုံး ထပ်စမ်းသပ်ချင်နေတာကိုး။ သူကတော့ ကျွန်တော် နောက်တယ် ထင်ပြီး ပွဲကြမ်းရဲတာပေါ့။ ခက်တာက ကျွန်တော်နောက်တာ မဟုတ်မှန်း ကျွန်တော်သိနေတယ်။ ဧည့်သည် စိတ်ဆိုးပြီး တခုခုလုပ်လိုက်ရင် ကျွန်တော်တို့တော့ ဒုက္ခပဲ။ အကြွေစေ့က မလှူပ်တော့ပဲ ငြိမ်နေတယ်။ ကျွန်တော်ဇောချွေးတွေ ပြန်လာတယ်။ လက်ကိုလဲ အကြွေစေ့ပေါ်ကနေ မဖယ်ရဲဘူး။ လင်းအောင်ကိုကြည့်လိုက်တော့ သူလဲဝေခွဲမရဖြစ်နေပုံပဲ။ ပြောချင်ရာတွေပြောပြီး အခုမှလန့်နေပြီထင်တယ်။ ခဏနေတော့ မျက်နှာသေလေးနဲ့ ကျွန်တော့်ကို မျက်ခုံးပင့်ပြ ပြီး ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ပုံလုပ်ပြတယ်။ ပတ်ဝန်းကျင်ငြိမ်သက်နေပုံက တစ်ခုခု ဖြစ်တော့မယ်ဆိုတာ သိသာနေသလိုပဲ။ ခဏနေတော့ အကြွေစေ့က လူပ်လာပြီး OUT လို့ရေးပြတယ်။ ကျွန်တော်သူ့ကိုမေးလိုက်တယ်

“ဘာလဲကွ OUT ဆိုတော့”
“အပြင်ဘက်ပေါ့ အပြင်ထွက်ခိုင်းတာလားမသိဘူး”
“ဒါဆိုအကြွေစေ့ဘယ်လိုလုပ်မလဲ”
“ထားခဲ့ကွာ”
“လက်ဖယ်လို့ ရပါ့မလား ကွ”
“မသိဘူးလေ၊ မင်းစာအုပ်မှာတော့ လက်မဖယ်ရလို့ မရေးထားပါဘူး၊ လာကွာ ဝရန်တာ ထွက်ကြည့်ကြမယ်”

ကျွန်တော်နဲ့ လင်းအောင် တွေဝေနေကြတယ်။ ခဏနေတော့ လင်းအောင်က လက်ညိုးကို ဖြည်းဖြည်းဖယ်လိုက်တယ်။ ကျွန်တော်လည်း လက်ညိုးကိုရုတ်လိုက်ပြီး ပြိုင်တူထရပ်လိုက်ကြတယ်။ စာရွက်ပေါ်မှာ အကြွေစေ့က ငြိမ်ငြိမ်သက်သက်ဘဲ ကျန်နေခဲ့တယ်။ အပြင်မှာ ကျွန်တော်တို့ကို ဘာကြီးများစောင့်နေမလဲ။

ကျွန်တော်တို့နှစ်ယောက် ဝရန်တာကို ထွက်လာခဲ့လိုက်ကြတယ်။ အပြင်မှာ နေလုံးကြီးကို မမြင်ရတော့ဘူး။ အနောက်ဘက် ကောင်းကင်မှာ ဆည်းဆာရောင်တောက်တောက်ကို မြင်နေရသေးတယ်။ ခဏနေရင် မှောင်တော့မယ်။ လေပြေညင်းဟာ တဖြည်းဖြည်းအားကောင်းလာပြီး ကျွန်တော်တို့ ဝတ်ထားတဲ့ တီရှပ်နဲ့ ဘောင်းဘီတိုကို တဖြတ်ဖြတ်မြည်အောင်တိုးနေတယ်။ လင်းအောင်က ဘာထူးလဲလို့အမေးကို ကျွန်တော်ပုခုံးပဲပြန်တွန့်ပြလိုက်တယ်။ ကျွန်တော့် မျက်နှာပေါ်ကို မိုးစက်လေးတွေ စဉ်လာတယ်။ လင်းအောင်က ပြောတယ်

“မိုးရွာပြီထင်တယ် နော်၊ သူက မိုးရွာမှာကို ကြိုသိတဲ့သဘောလားမသိဘူး”

လေကတဖြည်းဖြည်း ကြမ်းလာပြီး နားထဲမှာပါ လေတိုးသံ တရွှီးရွီးမြည်လာသလိုပဲ။ လေသံကလွဲလို့ ပတ်ဝန်းကျင်တစ်ခုလုံးကတော့ ငြိမ်ငြိမ် သက်သက်ပါပဲ။ သစ်ပင်တွေ ထိပ်ဖျားကိုကျော်ပြီး ဟိုးအဝေးက မြစ်ပြင်ဆီငေး ကြည့်ရင်း ဘာတွေဆက်ဖြစ်လာမှာလဲ လို့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ သဘာဝမကျတာ တခုကို ကျွန်တော်ရုတ်တရက် သတိထားမိလိုက်တယ်။

“လင်းအောင် ဟို…ဟိုဘက် အခန်းဝရန်တာကို ကြည့်လိုက်စမ်း”
“ဟင်ဘာကိုလဲ”
“ချိတ်ထားတဲ့သစ်ပင်တွေ”

လင်းအောင်လှမ်းကြည့်လိုက်ပြီး ချက်ချင်းမျက်နှာ ပျက်သွားပြီး ကျွန်တော့်ကို ပြန်ကြည့်ရင်း

“ဘာလို့မလူပ်တာလဲ ဒီဘက်အခန်း ဝရန်တာမှာရောပဲ”

          ကျွန်တော်တို့ ဝရန်တာမှာ လေပြင်းတွေတိုက်ပြီး မိုးစက်တွေ ကြနေတဲ့ အချိန်မှာ ဟိုဘက်ဒီဘက် ကပ်ရပ် အခန်းက ဝရန်တာတွေက အလှစိုက် သစ်ပင်လေးတွေဟာ ငြိမ်ငြိမ်သက်သက်ပဲ ရှိနေကြပါတယ်။ ကျွန်တော် ကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ အခါမှာတော့ ပိုပြီးတုန်လူပ်ခြောက်ခြားသွားပါတယ်။ နက်ပြာရောင်သန်းနေတဲ့ ကောင်းကင်ကြီးဟာ ကြည်လင်ပြီး တိမ်တိုက်ဆိုလို့ ကြက်မတဝပ်စာတောင်မရှိပါဘူး။ လင်းအောင်ကလည်း ကျွန်တော့်လို့မော့်ကြည့်ရင်း သတိပြုမိသွားပြီး

“ဟ ဒါဘယ်က ရေစက်တွေလည်း”

ကျွန်တော်တို့ အိမ်ခန်းထဲကို အမြန်ပြန်ဆုတ်ဝင်လိုက်ကြတယ်။ ကျွန်တော် ကိုယ်ပေါ်က ရေစက် တွေကို သပ်ချရင်း လက်ကို နမ်းကြည့်လိုက်တယ်။ ဘာနံ့မှမရဘူး။ အရောင်လဲမရှိဘဲ ရိုးရိုးရေလိုပဲ။ လင်းအောင်ဘက်ကို လှည့်ကြည့်လိုက်တော့ မျက်လုံးကြီး ပြူးပြီး ပါးစပ်အဟောင်းသားနဲ့ စားပွဲခုံ ကိုလှမ်းကြည့်နေတာကို တွေ့လိုက်ပြန်တယ်။ ဘာဖြစ်ပြန်ပြီလဲဟ။

“ထွန်းဇော် အကြွေစေ့ကို မင်းထောင်ထားခဲ့တာလား”
“မဟုတ်ဘူး  ငါ…ငါ မင်းနဲ့အတူ ထလာတာပဲလေ”

          စာရွက်ပေါ်မှာ အကြွေစေ့လေးဟာ ငြိမ်သက်စွာနဲ့ ထောင်နေပါတယ်။ ကျွန်တော်တို့နှစ်ယောက် ရှေ့လဲဆက်မတိုးဝံ့နောက်လဲ မဆုတ်ဝံ့ပဲ ကြောင်ကြည့်နေမိတယ်။ အခန်းထဲမှာ ကျွန်တော်တို့ အပြင် တတိယမြောက်တစ်ယောက်ရှိနေတယ် ဆိုတာ သေချာနေပြီ။ သူဟာလင်းအောင်တောင်းဆိုတဲ့ ထင်ရှားတဲ့ သက်သေကိုပေးနေပြီ။ သူ ဘယ်အထိသွားမှာလည်း။ ကျွန်တော်တို့ ကြောက်နေပြီဆိုတာကို သူမသိစေချင်ပေမယ့် ဘယ်လိုမှဖုံးကွယ်လို့မရပါဘူး။

ရုတ်တရက် အကြွေစေ့ကို တစ်ယောက်ယောက်က တောက်ထုတ်လိုက်သလို လွင့်ထွက်လာပြီး ကျွန်တော့်ဘေးက ပြူတင်းပေါက်မှန်ကို ဒေါက်ကနဲနေအောင် လာမှန်တယ်။ ကျွန်တော်တို့လဲ ကြောက်ကြောက်နဲ့ အား ကနဲအော်ရင်းနောက်ကို ခုန်ဆုတ်လိုက်တယ်။ အပြင်ဘက်မှာ လေတွေက တရွှီးရွှီး နဲ့အော်မြည်ရင်း ကျွန်တော်တို့ကို တိုးဝှေ့တိုက်ခတ်နေပြန်တယ်။ လင်းအောင်က “ရေတွေစင်ပြန်ပြီလို့” ရေရွတ်လိုက်ရင်း မျက်နှာကို ရှုံ့မဲ့ပြီး ကျွန်တော့်ကို လှည့်ကြည့်တယ်။ ကျွန်တော်တို့ ဧည့်ခန်းဘက်ကို ပြန်တိုးဝင်မိကြပြန်တယ်။

          ခုနကလိုပဲ ကျွန်တော်တို့နှစ်ယောက် ဧည့်ခန်းပေါက်ဝမှာ ကန့်လန့်ကြီးဖြစ်နေကြပြန်တယ်။ အနောက်ဘက်မှာ ကျွန်တော်တို့ ဝရန်တာတစ်ခုထဲကွက်ပြီး တိုက်နေတဲ့ လေနဲ့ ရေစက်တွေက ကျွန်တော်တို့နောက်ကြောကိုတိုးဝှေ့နေပေမဲ့ အေးစက်စက် အငွေ့ တွေလွှမ်းခြုံနေတဲ့ အခန်းထဲကိုလဲ ဆက်မဝင်ရဲကြဘူး။ ကျွန်တော်တို့မမြင်ရပေမယ့် ရှေ့ကအခန်းထဲမှာ အဲဒီဧည့်သည် ရှိနေမယ်ဆိုတာ သိနေကြတယ်။ ကျွန်တော် ဖြစ်နေတဲ့ အခြေအနေကို အမြန်စဉ်းစားသုံးသပ်ပြီး စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။ နောက် လင်းအောင်ဘက်ကိုလှည့်ကြည့်ပြီး ခတ်ဆတ်ဆတ်မေးလိုက်တယ်။
“ကဲ…အခု မင်းယုံပြီလား”
လင်းအောင်က ကျွန်တော့်မျက်နှာကို ထူးထူးဆန်းဆန်းမော်ကြည့်ရင်း
“မင်း..မင်း ထွန်းဇော် နော်”
ကျွန်တော့်သူငယ်ချင်း အရမ်းလန့်နေပြီ။ ကျွန်တော် သူ့ကို ကြိုးစားပြီး ပြုံးပြရင်း
“အေးငါပါ မင်းခုနက မယုံဘူးဆိုလို့ သူကယုံအောင်ပြနေတာလေ၊ မင်းယုံပြီလား”
“ဟင်…အေး အေး ငါယုံပြီ”

ဒီအချိန်မှာ ကျွန်တော်တို့အလုပ်သင့်ဆုံးအရာ တစ်ခုပဲရှိတယ်။ ရှေ့က ကြမ်းပြင်ပေါ်မှာ ကျနေတဲ့အကြွေစေ့ကို ကျွန်တော် အရဲစွန့်ပြီး ကောက်ယူလိုက်တယ်။ အေးစက်စက် အထိတွေ့နဲ့ အကြွေစေ့ကို ကျွန်တော်ဖွဖွကိုင်ရင်း လင်းအောင်ကို စားပွဲခုံဆီကို မျက်ရိပ်ပြလိုက်တယ်။ လင်းအောင် ကျွန်တော့်လက်က အကြွေစေ့ကို စိတ်မချသလိုကြည့်နေရင်း ခေါင်းညိမ့်ပြတယ်။ ရင်တွေ တဒိတ်ဒိတ်ခုန်ပြီး အဒရက်နယ်လင်ကြောင့် ကျွန်တော့် ခန္ဒာကိုယ်ဟာပူရှိန်းရှိန်းနဲ့ ထုံနေတယ်။ ကျွန်တော်တို့ထိုင်ခုံမှာ ပြန်ထိုင်ရင်း အကြွေစေ့ကို စာရွက်ပေါ်ကသင်္ကေတ အလယ်မှာပြန်တင်ပြီး လက်ညိုးနဲ့ ပြန်ထောက်လိုက်ကြတယ်။ နောက် စိတ်ထဲကနေ ဧည့်သည်ကို ကျေးဇူးတင်ကြောင်းနဲ့ ပြန်လို့ရပြီဖြစ်ကြောင်း ပြောနေမိတယ်။ အခုအချိန်မှာ ငါးမိနစ်ဟာ ကျွန်တော်တို့ အတွက် တစ်နာရီလောက်ကြာနေ သလိုပဲ။

ဝရန်တာဘက်ကလေတိုးသံဟာ တဖြည်းဖြည်း လျော့ကျလာပြီး မကြာခင်မှာပဲ  အခန်းထဲမှာလဲ ပုံမှန်အနေအထားကို ပြန်ရောက်လာပါတယ်။ တော်တော်ကြာတော့ လင်းအောင်က သက်ပြင်းတစ်ချက် မှူတ်ထုတ်ရင်း ကုလားထိုင်နောက်မှီပေါ်လှန်ချလိုက်ပြီး
“ဟား…တကယ့် အတွေ့ အကြုံပဲဟေ့”
ကျွန်တော် အကြွေစေ့နဲ့စာရွက်ကို ခေါက်သိမ်းရင်း  
“ငါတို့ ဝရန်တာကို ပြန်ထွက်ကြည့်ရအောင်” လို့ ပြောလိုက်တယ်။
         
အပြင်လောကတစ်ခုလုံး အမှောင်ဖုံးနေပါပြီ။ လမထွက်သေးဘဲ မဲမှောင်နေတဲ့ ကောင်းကင်ကြီးမှာ ကြယ်ပွင့်မှိန်မှိန် လေးတွေ ဟိုတပွင့်ဒီတပွင့် ပွင့်နေပါတယ်။ စောစောက တိုက်ခတ်နေတဲ့လေနဲ့ မိုးစက်တွေဟာ ဘယ်ကမ္ဘာကို လွင့်သွားပြီလဲမသိတော့ပါဘူး။ အရာရာဟာ ဘာမှ ထွေထွေထူးထူးမဖြစ်ခဲ့သလို အေးဆေးငြိမ်သက်လျှက်ပါပဲ။ ကျွန်တော်တို့နှစ်ယောက် လက်ရန်းကိုမှီရပ်ရင်း ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်သက်နေကြပါတယ်။ ခဏနေတော့ ကျွန်တော်လက်ထဲက စာရွက်ခေါက်ကို လင်းအောင်ကိုထောင်ပြရင်း

“ဘယ်လိုလဲ ထပ်စမ်းချင်သေးလား”
လင်းအောင်မျက်နှာကိုရှုံမဲ့ပြရင်း
“အဲဒီစာရွက်ကို သိမ်းထားလိုက်တော့ကွာ”
“စာအုပ်ကိုရော”
“စာအုပ်ကိုလဲ ငါတို့ လောလောဆယ် ဒီတိုက်ခန်းမှာပဲ သိမ်းထားကြမယ်၊ လာမယ့်စနေနေ့ကြရင် မင်းနဲ့ငါဒီကို ပြန်လာကြမယ်ကွာ၊ အခု အခန်းတစ် ကြေပြီဆိုတော့ အခန်းနှစ်ကို ဆက်တက်ကြတာပေါ့”
          “အော် ငါက မင်း ကြောက်ပြီး စိတ်ကုန်သွားပြီမှတ်လို့”
          “လင်းအောင်ပါကွ မကြောက်ပါဘူး နဲနဲပဲလန့်သွားတာပါ ဟဲဟဲ။ စိတ်မကုန်တဲ့အပြင် ပိုပြီးတောင် စိတ်ဝင်စားလာသေးတယ်။ ငါငယ်ငယ်ကတဲက ဒါမျိုးရှာနေတာ။ မင်းရောဘယ်လိုလဲ”

          ကျွန်တော်ပြုံးပြီး လက်ဝါးထောင်ပေးလိုက်တယ်။ လင်းအောင်က ဖတ်ကနဲရိုက်ရင်း

“လာမယ့်စနေနေ့ ဒီနေရာ၊ ဒီအချိန်၊ ဒုတိယနည်း”


ဆက်ပါမည်

_________
ကွန်းဇော်

Thursday, 22 March 2012

နောက်ဆုံးစာမျက်နှာ (၂)


          ကျောင်းအင်္ကျီလက်တို လေးပဲဝတ်ထားတာဆိုတော့ ကျွန်တော် တဖြည်းဖြည်း ချမ်းစိမ့်စိမ့် ဖြစ်လာပါတယ်။ လက်နှစ်ဖက်ကိုတင်းတင်းပိုက်ရင်း အနွေးဓာတ်ရအောင် လက်ဖျံတွေကို ပွတ်ပေးနေမိတယ်။ ဒီလူတော်တော်အအေးကြိုက်တာပဲ။ တက္ကစီအဲကွန်းကို အဲလောက်အေးအောင် ဖွင့်မောင်းတာ ကျွန်တော်ဖြင့်တခါမှမကြုံဖူးဘူး။ သူ့ ကြည့်ရတာလဲ တလမ်းလုံး ကားမောင်းရင်း ကျွန်တော့်ကို အကဲခတ်နေသလိုပဲ။ ကျွန်တော်အေးမှာစိုးလို့လားမသိ။ ဒါပေမယ့် ကျွန်တော်လည်း ခဏပဲစီးရမှာ ဆိုတော့ ပြောမနေတော့ပါဘူး။
ကျွန်တော်တို့ရပ်ကွက်နားကို ရောက်လာပါပြီ။ ကားတွင်းနောက်ကြည့်မှန်မှာ ကားမောင်းသမားနဲ့ ကျွန်တော် အကြည့်ချင်းဆုံ သွားတယ်။ ကျွန်တော် ပြုံးပြလိုက်တော့ သူ ပြန်ပြုံးလိုက်ရင်း
“အေးနေပြီလား ငါ့ညီ”
“အင်း နဲနဲတော့အေးတယ် အကိုက အဲကွန်းတော်တော်ကြိုက်တာပဲ”
“ဟင် အေးဒီလိုပါပဲကွာ”
“ရှေ့ကအိမ်ပဲ အကို…. ရပြီ ရပ်လိုက်တော့”
         
          ကျွန်တော်ကားခထုတ်ရှင်းပြီး လွယ်အိပ်ကိုဆွဲရင်း အပြင်ထွက်လိုက်တယ်။ ခြံတခါးကို ဖွင့်ဖို့စမ်းနေတုန်း
“ငါ့ညီ”
“ဟင်ဘာလဲအကို ကားခမပြည့်လို့လား”
“မဟုတ်ပါဘူး….စိတ်တော့မဆိုးနဲ့ကွာ အကိုဒီကားမောင်းစားလာတာ ကြာပါပြီ အဲကွန်းတခါမှ ခုလောက်မအေးဖူးဘူးကွ၊ ခုနက မင်းတက်လာပြီးမှ တဖြည်းဖြည်း အရမ်းအေးလာတာ အကိုလဲ အအေးကိုလျှော့တော့လျှော့ သေးတယ် မရဘူးကွ၊ အဲဒါ အဲကွန်းပျက်တာလား ဘာဖြစ်တာလဲ စဉ်းစားရင်းမောင်းလာတာ၊ ခုမင်းဆင်းလိုက်ပြီးတော့ ချက်ချင်းကို ပုံမှန်ပြန်ဖြစ်သွားသလိုပဲ၊ ထူးတော့ထူးတယ်ကွ၊ ဒါပဲကွာ သွားပြီဟေ့”
         
          ပြောပြောဆိုဆိုမောင်းထွက်သွားပါတယ်။ ကျွန်တော်လည်းဘာပြန်ပြောရမှန်းမသိပဲ ကြောင်ပြီးကျန်နေခဲ့တယ်။ ခဏနေမှ ခြံတံခါးကိုတွန်းဖွင့်ပြီးဝင်လာလိုက်တယ်။ ဧည့်ခန်းထဲမှာ မေမေနဲ့ညီမလေးတို့ မအိပ်သေးဘဲ စောင့်နေကြတယ်။


“သားနောက်ကျလိုက်တာ၊ ကျူရှင်အသစ်ကကောင်းရဲ့လား”
“သိပ်မကြိုက်ဘူး မေမေရယ်၊နောက်နေ့ဆက်မတက်တော့ဘူး၊ အပြန်မှာ ဘတ်စ်ကားမှားစီးသွားလို ဘယ်ရောက်မှန်းမသိဘူး အဲဒါတက္ကစီနဲ့ ပြန်လာတာ”
“အေးအေး ကျောင်းဝတ်စုံလဲပြီးရင် ထမင်းစားပြီးအိပ်တော့ မနက်ဖြန်လဲ ကျောင်းတက်ရအုံးမှာ”

ကျွန်တော်စားသောက်ပြီး အခန်းထဲဝင်လာတော့ ည၁၀ နာရီကျော်ပြီ။ အိုက်စပ်စပ် ပြန်ဖြစ်လာလို့မို့  ပြူတင်းပေါက်ကိုတွန်းဖွင့်ရင်း စာကြည့်စားပွဲမှာဝင်ထိုင်လိုက်တယ်။ အိမ် အပြင်ဖက်ကသစ်ပင်တွေပေါ်ကို လရောင်ဖြာကျနေတာကို တွေ့နေရတယ်။ ဒီလိုညမျိုးတစ်ညမှာ ကျွန်တော် နဲ့ လင်းအောင် ငယ်ငယ်က သရဲခေါ်တမ်း ကစားကြသေးတယ်။ ဒီကောင်ကဒါမျိုးဆိုရင် အတော် စိတ်ဝင်စားတဲ့ကောင်။ သူမို့မကြောက်ရွံ့။ ကျွန်တော် ရေချိုးခန်းတံခါးဝကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ခင်ဗျားတို့ကြားဖူးကြလား။ Bloody Mary ဆိုတာ။ ရေချိုးခန်းထဲမှာ အသတ်ခံရတဲ့ သရဲမဆိုလားပဲ။ အခုလို လပြည့်ည မှာ၊ တချို့ကလည်း လကွယ်ညဆိုရင် ပိုကောင်းတယ်လို့ ဆိုတာပဲ။ ထားပါတော့။ အဲဒီည သန်းခေါင်ယံမှာ ရေချိုးခန်းထဲက မှန်ရှေ့မှာရပ်ပြီး မီးကိုမှိတ်ထား။ လုံးဝအမှောင်ထဲမှာ Bloody Mary လို့ ၃ ခါ တိတိဖြည်းဖြည်းရွတ်၊ ပြီးရင် ခဏစောင့်လိုက်ဦး။ ပြီးရင် မီးကိုပြန်ဖွင့်လိုက်ပြီး မှန်ထဲကိုကြည့်လိုက်။ မှန်ထဲမှာ သွေးတွေနဲ့ Mary ဟာ သင့်ကိုသတ်ဖို့ ကြိုးစားတာကိုတွေ့ရလိမ့်မယ်တဲ့။ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့လိုက်လုပ်ပါတယ်။ ကျွန်တော်က ကြောက်လို့ ဇောချွေးတွေပြန်နေပေမယ့် ဒီကောင်ကတော့ မျက်နှာပိုးမသေဘူးခင်ဗျ။ သရဲခေါ်တာ တဟီဟီတဟာဟာနဲ့ ဘယ်သရဲက လာချင်မှာလဲဗျာ။ မလာတာပဲ ကျေးဇူးတင်ရသေးတယ်။ ကျွန်တော့်မှာတော့ ခုထိ ရေချိုးခန်း ဝင်ရတာတောင် ခပ်လန့်လန့်။ တကယ်တော့ဒီစာအုပ်ကိုလည်း ဒီကောင်စိတ်ဝင်စားမယ် ဆိုတာသိလို့ ကျွန်တော်ဝယ်လာတာပါ။ အခုနောက်ပိုင်း အဲလိုမျိုး မကစားဖြစ်ကြတော့ပေမယ့် ကျွန်တော့်အခင်ဆုံးသူငယ်ချင်းအကြောင်း ကျွန်တော်သိတာပေါ့။

လေအဝှေ့မှာ အိမ်ဘေးက သစ်ပင်တွေရဲ့သစ်ကိုင်းတွေဟာ ချိုးချိုးချွတ်ချွတ် အသံပေးရင်း လှူပ်ခါနေပါတယ်။ ကျွန်တော်ရှေ့ကစားပွဲပေါ်မှာ စာအုပ်ကို ကြိုးဖြည်ချထားပြီး ဆိုင်ရှင်လူပုကြီး ပြောလိုက်တာကို ပြန်သတိရမိတယ်။ “နောက်ဆုံးစာမျက်နှာကို မကြည့်မိအောင်ကြိုးစားပါ။ မဟုတ်ရင်တော့မင်း နောင်တရလိမ့်မယ်။” ဘယ်လိုနောင်တရမှာလည်း။ ကိုယ့်လက်ထဲကစာအုပ်ကို နောက်ဆုံးထိ လှန်မကြည့်ရဘူးဆိုတာတော့ တော်တော်ခက်တဲ့ကိစ္စပဲ။ တော်တော်နောက်တဲ့လူပုကြီး။ ဟားဟားဟား တွေးရင်း ကျွန်တော် ရှေ့ဆုံးက အမှာစာကို ဖွင့်ဖတ်လိုက်တယ်။

စိတ်မခိုင်သူများ ဤမှတ်တမ်းကိုဆက်မဖတ်ရန် ဦးစွာပထမ ကျွနု်ပ်ပြောလိုသည်။ ဤမှတ်တမ်းတွင် သရဲတစ္ဆေနာနာဘာ၀ ဟုဆိုအပ်သော မမြင်အပ်သော သတ္တဝါတို့၏လောကကို ဆက်သွယ်ရာနည်းလမ်းအား ညွှန်ပြထားသည်။ တံခါးကိုဖွင့်လျှင် ဧည့်သည်ဝင်နိုင်သကဲ့သို့ အိမ်ရှင်လည်းထွက်နိုင်သည်။ မတူခြားနားသော လောကသားတို့တွင် မတူခြားနားသော စည်းမျည်းတို့ရှိ၏။ ကျွဲကူးလျှင်ရေပါ၏။ ချင့်ချိန် သုံးပါ။

ကျွန်ုပ်အမည် မောင်စံမှီ ဖြစ်သည်။ အသက်၁၂နှစ်သားတွင် မော်လမြိုင်မြို့ရှိ သာသနာပြုကျောင်းသို့ စတင်ဝင်ရောက်၏။ အသက် ၂၅ နှစ်သားတွင် ကျွန်ုပ်၏ မွေးစားဖခင်ဟု ခေါ်ဆိုထိုက်သော ဓမ္မဆရာတော်၏ ကျေးဇူးတော်နှင့် နေမဝင်အင်ပါယာသခင် ဂျော့ဘုရင်မင်းမြတ် နန်းစိုက်ရာ လန်ဒန်မြို့တော်၌ စိတ္တဗေဒပညာကို ဆက်လက်ဆည်းပူး၏။ သုတရတနာသိုက်ဟု ခေါ်ဆိုအပ်သော လန်ဒန်ပိဋကတ်တိုက်မှ “Portals to the other world” စာအုပ်ကို ကျွန်ုပ်၏ ချစ်မိတ်ဆွေကြီးအလန် နှင့်အတူ လေ့လာစမ်းသပ်ရင်း ဤမှတ်တမ်းအား စီရင်သည်။ လေ့လာစမ်းသပ်မူ၏ အကျိုးသက်ရောက်မူကား ကျွန်ုပ်တို့၏ဘဝကို ပြင်းစွာရိုက်ခတ်လေ၏။ ၎င်းဒဏ်ကို မခံနိုင်သော ကျွန်ုပ်၏ ချစ်မိတ်ဆွေ အလန်ကား သွားနှင့်လေပြီ။ အခြေအနေပေးလျှင် ကျွန်ုပ်တွင်ကျန်ရှိနေသေးသော အချိန်အတွင်း၌ ကျွန်ုပ်တို့၏ လေ့လာစမ်းသပ် တွေ့ရှိချက်များနှင့်တကွ ကျွနု်ပ်၏ဘ၀ ဇာတ်ကြောင်းကိုပါ ဤမှတ်တမ်း၌ ဖြည့်သွင်းပါအံ့။

ဦးစွာပထမ အနေနှင့် ကျွန်ုပ်လေ့လာတွေ့ရှိသမျှ အတွင်းမှ ထိရောက်မှူအရှိဆုံး နည်း၃ခုကို ဤမှတ်တမ်း၌ ဖေါ်ပြပါအံ့။ ၎င်းတို့မှာ သင်္ကေတ၊ အိမ်မက် နှင့် အသံတို့ဖြစ်၏။ ကျွန်ုပ်၏ အယူအဆမှာ လောက၌ ဘယ်ပညာမဆို လေ့လာဆည်းပူးခွင့်ကြုံလျှင်လေ့လာဆည်းပူးအပ်၏။ သို့သော် အသုံးချရန်အတွက်မူ ဉာဏ်နှင့် ယှဉ်အပ်၏။ ဤနည်း၃နည်း၏ အစွမ်းအား ကျွန်ုပ်တို့ကိုယ်တိုင် သေချာစွာစမ်းသပ်ပြီး ဖြစ်၍ရလဒ်အား သံသယဝင်ရန်မလိုပေ။ အထူးအလေးထားမှာကြားလိုသည်မှာ ကျွန်ုပ်တွေ့ရှိသမျှ အစွမ်းအထက်ဆုံးဖြစ်သော နည်းအား ဤမှတ်တမ်း၏ နောက်ဆုံးစာမျက်နှာ ၌ဖေါ်ပြထား၏။ အဆုံးစွန်သော အခြေအနေကို မတုန်လှူပ်သူ၊ လက်ခံရန် အသင့်ဖြစ်ပြီးသူ သာလျှင် နောက်ဆုံးစာမျက်နှာကို ဖတ်ပါလေ။
စံမှီ

ဟား စာရေးဆရာကတော့ အတော်ညွန်းတာပဲ။ သူ့စာအုပ်က နည်းက ဘယ်လောက်တောင် စွမ်းလို့လဲမသိ။ အရေးအသားကြည့်ရတာ ဒုတိယကမ္ဘာစစ်မတိုင်မှီက လူဖြစ်ပုံရတယ်။ ကျွန်တော် ဆက်မဖတ်သေးပဲ ကုလားထိုင်နောက်မှီပေါ် မှီထိုင်လိုက်ပြီး ညနေက အဖြစ်အပျက်ကို ပြန်တွေးနေမိပါတယ်။ ဒီနေ့ညနေဖြစ်ပျက်ခဲ့သမျှဟာ ကျွန်တော့်အတွက်တော့ စိတ်လှူပ်ရှားစရာ တွေချည်းပါပဲ။ နောက်ဆုံးတက္ကစီသမားကတောင် သူ့ကားကို သူရဲတက်စီးတယ်များထင်လားမသိ။ ဒါကြောင့် နောက်ကြည့်မှန်ကနေ ကျွန်တော်ဘယ်အချိန်ဖြတ်ကနဲ ပြောက်သွားမလဲလို့ ခပ်လန့်လန့်နဲ့ အကဲခပ်နေတာဖြစ်မယ်။ ဟားဟား ဟား။ ဒါတွေဟာ တကယ်ရော ဟုတ်ရဲ့လား။ ဟိုကျူရှင် အသစ်က ဆရာရဲ့ ပြင်းပြင်းရိရိ သင်နေတာတွေနားထောင်ရင်း ကျူရှင်ခန်းထဲမှာ ကျွန်တော် အိပ်ပျော်ပြီး အိမ်မက် မက်နေတာများလား။ ဒါမှမဟုတ် မှားစီးသွားတဲ့ ဘတ်စ်ကားပေါ်မှာ ပဲလား။

ညနေခင်းရဲ့လေအေးအေးဟာ ကားပြုတင်းပေါက်ကနေ ကျွန်တော့်မျက်နှာကို ခပ်ကြမ်းကြမ်း တိုးနေပါတယ်။ ကျွန်တော်နိုးလာတော့ပတ်ဝန်းကျင်မှာမှောင်စပျိုးနေပါပြီ။ လမ်းဘေးဝဲယာက မြင်ကွင်းတွေ ဟာလည်း ကျွန်တော့် အတွက်စိမ်းနေပါတယ်။ ဘတ်စ်ကားထဲကို ဝေ့ကြည့်လိုက်တဲ့ အခါမှာတော့ ကားထဲကလူတွေဟာ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာကို တွေ့လိုက်ရတယ်။ ဘယ်သူတွေလဲ။ ဘာလို့ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာလဲ။ သူတို့မျက်လုံးတွေက စူးစူးရဲရဲတွေ။ ကျွန်တော် ဘာလို့ဒီကားထဲကို ရောက်နေတာလဲဆိုတာ စဉ်းစားလို့မရဘူး။ ဒီကားကရော ဘယ်ကိုသွားနေတာလဲ။ ကျွန်တော် ထိုင်ရာကထဖို့ ကြိုးစားလိုက်တယ်။ ကျွန်တော့်ဘေးက ဟက် ကနဲရယ်သံ ကြားလိုက်ရတယ်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ လူပုပုလေးတစ်ယောက် ကျွန်တော့်ကို ရီပြနေတယ်။ သူ့ပါးစပ်ထဲမှာ အစွယ်တွေဖွေးကနဲ။ လက်ထဲမှာလည်း သန်လျှက်လိုပုံစံ ဓားတစ်ချောင်း။ ကျွန်တော့်ကိုဆတ်ကနဲ ဓားနဲ့ရွယ်လိုက်တယ်။
အား….

ကျွန်တော် လန့်နိုးလာပြန်တယ်။ မျက်နှာကို လေတဖြူးဖြူးတိုးနေဆဲပဲ။ တကယ်တော့ အခန်းထဲက စာကြည့်စားပွဲရှေ့မှာထိုင်ရင်း အိပ်ပျော်သွားတာပဲ။ ရှေ့က ပြူတင်းပေါက်ဘောင်ပေါ်ကို လရောင် ထိုးကြနေတယ်။ ခန်းစီးစက လေထဲမှာတလူလူလွင့်ရင်း။ စားပွဲပေါ်က စာအုပ်လေးက လေအဝေ့မှာ စာရွက်တွေတဖြတ်ဖြတ်နဲ့ လန်နေတယ်။ အိပ်ရေးမဝဘဲ လန့်နိုးလာလို့ လူက လေးလံထိုင်းမိူင်းနေတယ်။ အိပ်ချင်စိတ်မပြေ့တပြေ ဝိုးတို့ဝါးတားနဲ့ ကျွန်တော် စာအုပ်ကို ကြောင်ကြည့်နေမိတယ်။ စက်ဝိုင်းပုံစံတစ်ခု၊ နောက်စာတွေ၊ နောက် စာရွက်လွတ်ဝါကျင့်ကျင့်တွေ၊ နောက်စာတွေ ပြန်ပေါ်လာပြန်တယ်။ နောက်ထပ် စာရွက်လွတ်ဝါကျင့်ကျင့်တွေ တဖြတ်ဖြတ်။ ကျွန်တော်ရုတ်ရက်သတိရလိုက်တယ်။ “နောက်ဆုံးစာမျက်နှာ” “အဆုံးစွန်သော အခြေအနေ” ဝါကျင့်ကျင့်စာရွက်တွေ တဖြတ်ဖြတ်လန်ရင်း နောက်ကျောဖုံးဖက်မှာ ခပ်ပါးပါးသာကျန်တော့တာ ကျွန်တော်တွေ့နေရတယ်။ ဒါနောက်ဆုံးစာမျက်နှာလား။ နောက်တစ်ရွက်မှာလား။ တဒင်္ဂ အချိန်လေးမှာ တဖြတ်ဖြတ်လန်နေတဲ့ စာရွက်တွေကို စိုက်ကြည့်နေရင်း ကျွန်တော်ရင်ထဲမှာ ဒိန်းကနဲ ကြောက်စိတ်တွေဝင်လာတယ်။ ကျွန်တော့် ဦးခေါင်းထဲကို တစ်ခုခု ဝင်ဆောင့်မိသလိုပဲ။ ကျွန်တော် ဖတ်ကနဲ စာအုပ်ကို လက်ဖဝါးနဲ့ လှန်းဖိလိုက်တယ်။ ကျွန်တော့်လက်ဖဝါးအောက်မှာ ကတ်ထူဖုံးမာမာတစ်ဝက် ရိုးရိုးစာရွက်တဝက်ကို ခံစားမိလိုက်တယ်။ ဒါ…. နောက်ဆုံးစာမျက်နှာ။

လက်ဖဝါးအောက်မှာ အေးစက်စက် ယားကျိကျိနဲ့လို့ ကျွန်တော် ခံစားမိလာတယ်။ နောက်ဆုံးစာမျက်နှာကို ကျွန်တော်ကြည့်မိသွားပြီလား။ ဒါမှမဟုတ် အခုလက်ဖဝါးအောက်မှာလား။ လက်ကိုဖယ်ပြီးကြည့်လိုက်ရင် ကောင်းမလား။ ကြည့်ပြီးတာနဲ့ ကျွန်တော့်ဘေးမှာ ဝိုင်းရံနေတဲ့ သရဲတွေကို ကျွန်တော် တွေ့ရတော့မှာလား။ သူတို့က ကျွန်တော့်ကို တစ်ခါတည်း ခေါ်သွားကြတော့မှာလား။ ဒါတွေဟာ တကယ်ရော အဓိပ္ပါယ်ရှိရဲ့လား။ ရှေ့က ပြူတင်းပေါက် အပြင်ဖက်မှာ လူပ်ရမ်းနေတဲ့သစ်ကိုင်းတွေက သရဲတစ်ကောင်က လက်ရပ်ခေါ်နေသလိုပဲ။ ကျွန်တော် သက်ပြင်းတစ်ချက်ရှိုက်ရင်း လက်ကို ဖယ်ပြီးငုံ့ကြည့်လိုက်တယ်။ ကျွန်တော်တွေ့လိုက်ရတာ ကတော့။ ဝါကျင့်ကျင့် စာရွက်လွတ် တစ်ရွက်ပါပဲ။ ဟူး….. ကျွန်တော် ကို့ကိုယ်ကို ရီချင်သွားတယ်။

ဒါဟာ ရေခံစာရွက်တစ်ရွက် ဖြစ်မှာပါ။ ဒါဆို နောက်ဆုံး စာမျက်နှာကို လှန်ပြီးသွားပြီပေါ့။ ကျွန်တော်ကြည့်မိသွားသလားဆိုတာ မမှတ်မိသလိုပဲ။ နောက်ပိုင်းမှာ ဝါကျင့်ကျင့်စာရွက်လွတ်တွေပဲ တွေ့လိုက်တာပါ။ ဒါပေမယ့် စာသားတစ်ချို့တော့တွေ့လိုက်သလိုပဲ။ ကျွန်တော်ဖတ်မိလိုက်သေးလား မသိတော့။ အိပ်ချင်မူးတူးနှင့် ကျွန်တော့်မှတ်ဉာဏ်တွေေ၀ဝါးနေပြီ။ ကျွန်တော် ရှေ့ကစာအုပ်ကို ပြန်ပိတ်လိုက်တယ်။ ကြိုးကိုသေချာစည်းပြီး ကျောင်းလွယ်အိပ်ထဲကို ထိုးထည့်လိုက်တယ်။ ပြူတင်းပေါက် တံခါးကိုလည်း သေချာပိတ်ပြီး အိပ်ယာထဲထိုးဝင်လိုက်တယ်။ ဘာမှမသိလိုက်ခင် ကျွန်တော် ပြန်အိပ်ပျော်သွားပါတော့တယ်။

နာရီအလမ်း မြည်သံနဲ့အတူ ကျွန်တော်တစ်ရေးပြန်နိုးတော့ မိုးလင်းနေပါပြီ။ မနေ့ညက ခန္ဓာကိုယ် အရမ်းပင်ပန်းနေတော့ စိတ်က ဘယ်လိုမှ မလန်းဆန်းနိုင်ခဲ့တာပါ။ လုပ်နေကြအတိုင်း ကျောင်းသွားဖို့ အချိန်ကိုက် အမြန်ပြင်ဆင်ပြီး ကျောင်းကိုထွက်လာခဲ့ပါတယ်။ ကျောင်းရောက်မှ ဟိုကောင် လင်းအောင်ကို အပြစ်ပေးတဲ့အနေနဲ့ သူ့စိတ်ကို ဒုက္ခပြန်ပေးရမယ်။

“ဟေ့ရောင် ထွန်းဇော် မနေ့က လေ့လာရေးခရီးစဉ် တော်တော်ပျော်ခဲ့ရဲ့လား ဟားဟား”

          ကျွန်တော်ပြစ်ပြစ်နှစ်နှစ် တစ်ချက်ဆဲလိုက်တယ်။ သကောင့်သားက ကျွန်တော့်အဆဲကို ပြုံးဖြီးဖြီးနဲ့ ကျေနပ်စွာခံယူပါတယ်။ ခင်မင်မူခိုင်မြဲရေးတစ်ခါတစ်လေ အဆဲလေးနဲ့ပံ့ပိုးရတယ်လေ။ နေမကောင်းလို့သတင်းလာမေးရင်တောင် “သူငယ်ချင်းသက်သာလား၊ ဂရုစိုက်နော်၊ ဘာစားမလဲ” စသည်ဖြင့်မေးတဲ့သူတွေထက် “ဟေ့ရောင် မသေသေးဘူးလား၊ စိတ်ချသွားပါကွာ မင်းညီမလေး ငါစောင့်ရှောက်လိုက်ပါ့မယ်၊ အေး မင်းကသူ့ညီမယူ ငါက MP4 လေးပဲယူမယ်၊ အဲဒါက လက်မများဘူး ” စသည်ဖြင့် မေးတဲ့သူတွေက ပိုခင်ကြတာပါ။

“မနေ့က မင်းဘယ်သွားလို့ ငါနဲ့အတူမပြန်တာလဲ”
“ငါတို့ အဖေဝယ်ထားတဲ့ တိုက်ခန်းတစ်ခန်းသွားကြည့်တာပါကွာ”
“အော်…. အေး မင်း သိပ်စိတ်ဝင်စားမဲ့ကိစ္စတစ်ခု ရှိတယ်ကွ၊ ဒါပေမယ့် အခုမပြောပြဘူး၊ ကျောင်းဆင်းမှ ပဲပလာတာသွားစားမယ် မင်းရှင်းပြီးမှပြောမယ်”
“ဟား ဟား ဒါမျိုးတွေ ရိုးပြီကွာ၊ ကလေးအထာတွေ”

ဒါပေမယ့် တစ်နေ့လုံးဒီကောင်မနေနိုင်ပဲ ကျွန်တော့်ကို လိုက်မေးနေပါတယ်။ ကျွန်တော်လည်း တစ်နေ့လုံး ကျေနပ်စွာနဲ့ ညှင်းထားလိုက်တယ်။

“ကဲ မသာ… မြိုလို့ဝရင်လဲပြောတော့”
“ဒီလိုကွ”

ကျွန်တော့် မနေ့ကအတွေ့အကြုံကို ဇတ်ကြောင်းလှန်အပြီးမှာတော့။

“အိုကေ၊ လာ ခုငါ့အိမ်အရင်သွားကြမယ်၊ မင်းအိမ်မှာ စာလိုက်ကျက်မယ်ဆိုတာပြောပြီး အဝတ်အစားတွေသွားယူမယ်ကွာ၊ ပြီးမှ အတူမင်းအိမ်သွားကြတာပေါ့”
“ဟင် ဟေ့ရောင် မနက်ဖြန်ကျူတိုရီရယ် ရှိတယ်လေကွာ”
“အေးဆေးပါကွာ မင်းကလည်း စာလည်းကျက်မှာပေါ့၊ စကားမများနဲ့ မြန်မြန်သောက်၊ ပြီးရင်သွားမယ်”

အဲလိုနဲ့ ညစာစားပြီးတော့ ကျွန်တော့်အခန်းကိုတက်လာခဲ့ကြပါတယ်။ လင်းအောင် အမှာစာကိုဖတ်နေတုန်း ကျွန်တော် စာရွက်ကြီးကြီး တစ်ရွက် နဲ့ ခဲတံရယ် အကြွေစေ့တစ်စေ့ရယ် ပါရှာထားလိုက်တယ်။ ပြီးတော့ ကျွန်တော် သင်္ကေတ ဆိုတဲ့ စာမျက်နှာက စက်ဝိုင်းပုံကို စာရွက်ထဲမှာ ကူးဆွဲလိုက်တယ်။ လင်းအောင်က သင်္ကေတ စာမျက်နှာကိုကြည့်ရင်း

“ဟေ့ရောင် ဒီနည်းက ရှင်လင်းချက်လည်းသိပ်မပါဘူး၊ အိမ်ထဲမှာလုပ်ရင် အနီးဆုံးတံခါးကို ဖွင့်ထားရမယ် ဆိုတာရယ်၊ စိတ်ထဲက လိူက်လိူက်လှဲလှဲ ဖိတ်ခေါ်ဖို့ရယ်၊ အကြွေစေ့ကို မဖိဖို့မတွန်းဖို့၊ ပြီးတော့ တစ်ယောက်ကို လက်ညိုးတစ်ချောင်းနဲ့ ပဲထောက်ဖို့၊ တော်ပြီဆိုရင် ယဉ်ယဉ်ကျေးကျေးပြန်ခိုင်းဖို့ ရယ် အင်း ဒါပဲ”
“အေးလေ အဲဒါ ရှင်းလင်းချက်တွေပေါ့ဟ”
“ဒါက ဘာလဲကွ….. သင်သည်ဧည့်သည်ကို ရိုးသားစွာမေးခွန်းမေးနိုင်သည်၊ ဧည့်သည်က သင့်စိတ်ကို သိနိုင်၏၊ အဖြေ၏အကျိုးဆက်ကိုလည်း သင်ရင်ဆိုင်ရမည်….. ဆိုတာ”
“အော် မင်းကလည်း ပေါက်ကရမမေးနဲ့ လို့ဆိုလိုတာပေါ့ကွာ၊ ဟေ့ရောင် ခဏပဲနော် စာကျက်ရအုံးမှာ”
“အေးကွာ ဒီကျူတိုရီရယ်ကလဲ၊ မစစ်လဲရတာကို”
“မင်းပဲ စောစောက အေးဆေးဆို၊ လုပ် မြန်မြန် စမ်းပြီး စာကျက်ကြမယ်”

          ကျွန်တော် ပြူတင်းပေါက်တံခါးကို သွားဖွင့်လိုက်တယ်။ မီးရောင်ကိုလည်း ခပ်မှိန်မှိန် ထွန်းလိုက်တယ်။ ပြီးတော့စာရွက်ရဲ့အလယ်က သင်္ကေတပုံပေါ်မှာ အကြွေစေ့ကို တင်လိုက်ပြီး ကျွန်တော်နဲ့လင်းအောင် လက်ညှိးနဲ့ထောက်လိုက်ကြတယ်။

          ကျွန်တော်စိတ်ထဲကနေ ဘယ်နေရာကဘယ်သူမှန်းမသိတဲ့ဧည့်သည်ဆိုတာကို ဖိတ်ခေါ်နေတယ်။ လင်းအောင်ကလည်း နူတ်ခမ်းက ရွစိရွစိနဲ့ ဘာတွေ ရွတ်နေမှန်းမသိဘူး။ ငယ်ငယ်ကလိုတော့ မျက်နှာမပြောင်တော့ဘဲ အတည်လုပ်နေတာ။ ခဏနေတော့ အကြွေစေ့က ရွေ့ချင်သလိုပဲ
“ဟေ့ရောင်လင်းအောင် မတွန်းနဲ့လေကွာ”
“ဟီး မင်းဧည့်သည်က လာလဲမလာဘူးကွ”

          ကျွန်တော်တို့ ခဏဆက်ပြီး ငြိမ်ငြိမ်သက်သက် စိတ်ထဲကနေဖိတ်ခေါ်နေလိုက်တယ်။ ဘာမှမထူးခြားဘူး။ ကျွန်တော် နည်းနည်းပြင်းလာတယ်။ ဒီနည်းက ဟုတ်ရောဟုတ်ပါ့မလားကွာ။ စာရေးသူကတော့ အထိရောက်ဆုံးနည်းတွေထဲက တနည်းတဲ့။ အကြွေစေ့ကတော့ တုတ်တုတ်မှမလူတ်ပါဘူး။

“ဟေ့ရောင် ထွန်းဇော်၊ အပေါက်ဖွင့်ထားလို့လားမသိဘူး နဲနဲအေးလာတယ်နော်”
“အင်း”

          ကျွန်တော့် ရင်ခုန်သံတွေ ဒိတ်ကနဲမြန်လာတယ်။ ဟုတ်တယ် သူလာပြီ။ ကျွန်တော်စိတ်ထဲက အလိုလိုသိနေတယ်။ ခဏနေတော့ အကြွေစေ့ စတင်လူပ်လာတယ်။ တဖြည်းဖြည်းနဲ့စာလုံးတွေဆီကို တစ်ခုချင်းရွေ့သွားနေတယ်။ ကျွန်တော်တို့လက်ညိုးနဲထောက်ရင်း အလိုက်သင့် ရွေ့သွားလိုက်တယ်။

“ထွန်းဇော် မင်းလုပ်တာလား”
“မဟုတ်ဘူး”
“Hi တဲ့ကွ ဧည့်သည်က ဘိုလိုမူတ်တယ် ဟ”
“ABCD တွေရေးထားတာ ဘိုလိုမူတ်ရမှာပေါ့ဟ၊ မင်းဘာမေးမှာလဲ”
“ဟေ့ရောင် ထွန်းဇော် တကယ်ကြီးလားဟ၊ ငါလန့်တယ်နော်”
“ကဲ မင်းမမေးရင် ငါမေးမယ်၊ ဧည့်သည် သင် ဒီစာအုပ်ကိုရေးတဲ့သူကိုသိလား”
         
          အကြွေစေ့ဟာ SAMME ဆိုတဲ့ စာလုံးတွေပေါ်ကို တလှည့်စီဖြည်းဖြည်းချင်းရွေ့သွားတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အအေးဓာတ်ဟာလဲ တဖြည်းဖြည်းပိုတိုးလာပါတယ်။ ကျွန်တော် လင်းအောင်ကို မျက်ရိပ်ပြလိုက်တယ်။ ဒီကောင့်ကြည့်ရတာ ကြောက်နေသလိုပဲ။ ထူးထူးခြားခြား  ကျွန်တော်ကတော့ မလုပ်ခင်က စိတ်လူပ်ရှားမိပေမယ့် စလုပ်လိုက်တဲ့ အခါမှာ ကြောက်စိတ်ထက် စိတ်ဝင်စားတာက ပိုနေပါတယ်။ လင်းအောင်က အားတင်းပြီးမေးလိုက်တယ်။

“မနက်ဖြန် ကျူတိုရီရယ်ဖြေမှာလား”

          ကျွန်တော် ဒီကောင့်ကို မျက်စေ့ပြူးပြလိုက်တယ်။ ဘာတွေလျှောက်မေးနေတာလဲဟ။ ဆရာမက ဖြေမှာပါဆို။ အကြွေစေ့က မလူတ်တော့ဘဲ ငြိမ်နေတယ်။ ဒီကောင်တော့ ပေါက်ကရ မေးမိပြီထင်တယ်။ ခဏနေတော့ လူပ်လာပြီး။ NO လို့ ရေးထားတဲ့ အကွက်ပေါ်ကို ရွေ့သွားတယ်။ လင်းအောင်က အသံတုန်တုန်နဲ့ပြောတယ်။

“ဟေ့ရောင် ငါတော်ချင်ပြီကွာ”
“အေးလေ မင်းသဘောပဲ”

          ကျွန်တော်ပြောရင်း စိတ်ထဲကနေ ဧည့်သည်ကို ပြန်လို့ရပြီဖြစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောနေမိတယ်။ သူနားလည်မယ်လို့လဲ အလိုလိုထင်နေမိတယ်။ ခဏနေတော့ အကြွေစေ့က အလယ်က သင်္ကေတပုံပေါ်ကို ရွေ့သွားပြီးငြိမ်သွားပါတယ်။ ကျွန်တော်တို့ တော်တော်ကြာ စောင့်ကြည့်ပေမယ့် မလူတ်တော့ဘူး။

“ပြန်သွားပြီလားမသိဘူး”
“အေး ကြာသွားပြီ မလူတ်တော့ဘူး၊ လက်ဖယ်ကြရအောင်”

          ကျွန်တော်တို့လက်ညိုးကို ပြိုင်တူရုတ်လိုက်ကြတယ်။ အခုမှသတိထားမိတယ်၊ နှစ်ယောက်လုံး ရေချိုးထားသလို ချွေးတွေရွှဲနေတာပဲ။ အအေးဓာတ်လဲ ဘယ်အချိန်က ပျောက်သွားမှန်းတောင် မသိလိုက်ဘူး။ ကျွန်တော်တို့ နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ စာရွက်နဲ့ အကြွေစေ့၊ စာအုပ်တို့ကို သိမ်းပြီး ကျောင်းစာအုပ်ကိုထုတ်ရင်း စာစပြီးကျက်ကြပါတယ်။ နှစ်ယောက်လုံး စာကျက်ရတာလဲ သိပ်စိတ်မပါကြတော့တာနဲ့ ခဏပဲကျက်ပြီးတော့ အိပ်လိုက်ကြပါတယ်။ မနက်လင်းတော့ ကျောင်းသွားဖို့ပြင်ဆင်ကြရင်း လင်းအောင်က
“ထွန်းဇော် စာအုပ်ကို ငါယူထားချင်တယ်ကွာ”
“အေးပါ အစထဲကမင်းပေးမလို့ပါပဲ၊ ဒါပေမယ့် မင်းစိတ်နိုင်ရဲ့လား၊ မနေ့ညက မင်းကြောက်နေသလိုပဲ”
”အောင်မာ မထင်မှတ်ထားလို့ ရုတ်တရက်ဆိုတော့ အံ့သြသွားတာပါကွာ၊ လင်းအောင်တို့က မကြောက်သေးဘူး”
“ဒါဆိုလဲပြီးတာပဲ၊ ဒါပေမယ့် မင်းကတိတခုပေးမှ စာအုပ်ကိုငါပေးမယ်”
“ဘာလဲ၊ မင်းညီမလေးကို….”
“ဟေ့ရောင် တော် ငါဆွဲထိုးလိုက်ဦးမယ်၊ ငါပြောတာက မင်းနောက်ဆုံးစာမျက်နှာကို လှန်မကြည့်ပါဘူး ဆိုတဲ့ကတိကိုပြောတာ”
“အောင်မယ် တွေ့လားမင်းကမှကြောက်တာ”
“ကြောက်လို့မဟုတ်ဘူး၊ ဒီစာအုပ်ရဲ့ထိရောက်ပုံကိုမင်းလဲသိပြီပဲ၊ ငါတို့က ခုမှအစပဲရှိသေးတာ၊ စာရေးသူပြောတဲ့စကားကိုနားထောင်တာ မမှားဘူးလို့ငါထင်တယ်၊ အဆုံးစွန် အခြေအနေဆိုတာ ငါနားမလည်ဘူး၊ ရင်လည်းမဆိုင်ချင်သေးဘူး၊ ဒါကြောင့်ပြောတာ”
“အေးပါကွာ ငါကတိပေးပါတယ်၊ လာ ကျောင်းနောက်ကျအုံးမယ်”

          နှစ်ယောက်သား ကျောင်းမှီအောင် အပြေးအလွှားသွားကြရပါတယ်။ ကျောင်းကို ရောက်ရောက်ချင်း ကြားလိုက်ရတဲ့သတင်းကတော့။ မနေ့ညက အတန်းပိုင်ဆရာမ ကားအက်ဆီဒန့် ဖြစ်လို့တဲ့။ ကျွန်တော်တို့အားလုံး မထင်မှတ်တဲ့သတင်းကြောင့် အံ့သြရင်း စိတ်မကောင်း ဖြစ်ကြရပါတယ်။ အတန်းခေါင်းဆောင်က ဆေးရုံကို သတင်းသွားမေးကြဖို့ ပြင်ဆင်နေပါတယ်။ လင်းအောင်ပါးစပ်က တိုးတိုးရေရွတ်လိုက်တာကို ကျွန်တော်ကြားလိုက်ရတယ်။

“ကျူတိုရီရယ် မဖြေရတော့ဘူး”

          ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။ လင်းအောင်ကပြောတယ်။

“ဒီနေ့ည ထပ်စမ်းမယ်”


ဆက်ပါမည်

_________
ကွန်းဇော်

Tuesday, 20 March 2012

နောက်ဆုံးစာမျက်နှာ (၁)


ညနေခင်းရဲ့လေအေးအေးဟာ ကားပြုတင်းပေါက်ကနေ ကျွန်တော့်မျက်နှာကို ခပ်ကြမ်းကြမ်း တိုးနေပါတယ်။ ကျွန်တော်နိုးလာတော့ပတ်ဝန်းကျင်မှာမှောင်စပျိုးနေပါပြီ။ လမ်းဘေးဝဲယာက မြင်ကွင်းတွေ ဟာလည်း ကျွန်တော့် အတွက်စိမ်းနေပါတယ်။ မစီးဘူးတဲ့လိုင်းကားကိုစီးရင်း အိပ်ပျော်သွားတဲ့ ကို့ကိုယ်ကို ကျိန်ဆဲရင်း ကားမောင်းသမားဆီကို ထလာလိုက်တယ်။

“အကို ရုံးရှေ့မှတ်တိုင် ကျော်သွားပြီလား ”
“ရုံးရှေ့ ဘယ်ကရုံးရှေ့တုန်း တို့ကား ရုံးရှေ့ မရောက်ပါဘူး မင်းကားမှားစီးလာတယ်ထင်တယ်”

ကားနံပါတ် ကိုကြည့်လိုက်တော့လဲ ကျွန်တော့်သူငယ်ချင်း ပြောလိုက်တဲ့နံပါတ်ပါ။ ဒီကောင်တော့ အရောက်ပို့လိုက်ပြီထင်တယ်။

“ဟုတ်ရဲ့လားဗျ ကျွန်တော့်သူငယ်ချင်း သေချာပြောလိုက်တာ ဒီနံပါတ်ပါ”
“မင်းပြောတဲ့ရုံးရှေ့က ၃၀ စီးရင်တော့ရောက်တယ် ဒီနေရာနဲ့တခြားစီပဲ”
“အဲဒါမှဒုက္ခပဲ ရုံးရှေ့မှတ်တိုင်ကို ဘယ်လိုပြန်စီးရမလဲအကို”
“အေး ဒီကတော့ဒါရိုက်မရောက်ဘူးကွ ဟိုးရှေ့ကမှတ်တိုင်မှာ မြို့ထဲဘက်ပြန်သွားတဲ့ကားတွေရှိတယ် မြို့ထဲရောက်မှ ၃၀ ပြန်စီးတော့ ငါရှေ့နားမှာရပ်ပေးလိုက်မယ်”

ကျွန်တော်ဆင်းလိုက်တဲ့နေရာက မြို့ရဲ့ကျွန်တော်တခါမှမရောက်ဘူးတဲ့နေရာပါ။ မြို့စွန်ဟုတ်ပုံ မရပေမယ့် လမ်းပေါ်မှာ လူလဲသိပ်မရှိလှပါဘူး။ ၇နာရီ ဆိုတော့ နေရောင်ပျောက်လို့ လမ်းမီးတွေ လင်းစပြုပါပြီ။ လမ်းဘေးဝဲယာမှ ပုံစံအမျိုးမျိုးနဲ့တိုက်တွေဟာ မီးခြစ်ဘူးများစီပြီးထောင်ထားသလို နံရံခြင်းဆက်နေပါတယ်။

မရောက်ဘူးတဲ့ပတ်ဝန်းကျင်မို့ ဟိုဟိုဒီဒိအကဲခတ်ရင်း ကားမောင်းသမားပြတဲ့ မှတ်တိုင်ဘက်ကို လျှောက်လာခဲ့ပါတယ်။ မှတ်တိုင်ကလမ်းရဲ့တဘက်မှာပေမယ့် အနားရောက်မှကူးတော့မယ်လို့စိတ်ကူးရင်း ကျွန်တော်ဒီဘက်ပလက်ဖေါင်းအတိုင်းပဲ လျှောက်လာလိုက်တယ်။ တချို့သောတိုက်တွေရဲ့အောက်ထပ်က ဆိုင်ခန်းတွေကနေ ခပ်မှိန်မှိန်အလင်းရောင်ဟာ ပလက်ဖေါင်းပေါ်ကိုလျှံကြနေပါတယ်။ ဆိုင်းဘုတ်တစ်ခုက မီးလုံးလေးဟာ ဖြတ်ကနဲမှိတ်သွားပြီး ပြန်လင်းလာတာကိုကျွန်တော်တွေ့လိုက်ရတယ်။

“ယက္ခ”
“ရှေးဟောင်း စာပေ”


စာအုပ်ဟောင်းဆိုင်တစ်ဆိုင်ပါ။ စာအုပ်ဟောင်းကိုဒီလိုဆိုင်ခန်းနဲ့ ကျကျနန ရောင်းတာ ကျွန်တော် မတွေ့ဖူးဘူး။ ဘာပဲဖြစ်ဖြစ် စာအုပ်ဟောင်းဆိုင်တွေ့ရင် ဝင်မမွှေရရင်မနေနိုင်တဲ့ကျွန်တော် လက်ပတ်နာရီကို ငုံကြည့်ရင်း ခဏတော့ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

မှန်တံခါးကိုတွန်းဖွင့်ပြီးအထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခြေလှမ်းတွေ တုန့်ကနဲ ရပ်သွားတယ်။ ရှေ့မှာကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ ဘီလူးတစ်ကောင်။ ဘယ်လိုစိတ်ကူးနဲ့ ဆိုင်ရှင်က အပေါက်ဝတဲ့တဲ့ကိုမျက်နှာမူပြီး ချထားမှန်းမသိပေမယ့် အတော်လက်ရာမြောက်တဲ့ ပန်းပုရုပ်တုတစ်ခုပါ။ အရုပ်ကတစ်တောင်သာသာလောက်ရှိပြီး ခါးစောင်းလောက်မြင့်တဲ့ခုံပေါ်မှာတင်ထားတယ်။ သံလျှက်ကို မြောက်ထားတဲ့ပုံ ထုထားပြီး ဘာဆေးမှချယ်မထားဘဲ မူလသစ်သားရောင် အတိုင်း ခပ်ရင့်ရင့်ပါပဲ။ ထူးခြားတာက သူ့မျက်လုံးတွေက ကျွန်တော့်ကို ကြည့်နေသလိုပဲ။ ခင်ဗျားတို့လည်း ကြုံဖူးမှာပါ။ တချို့ဓာတ်ပုံတွေထဲက လူတွေရဲ့မျက်လုံးတွေဟာ ဘယ်နေရာကနေကြည့်ကြည့် ခင်ဗျားတို့ဘက်ကို လိုက်ကြည့်နေသလိုဖြစ်နေတာကို။ တကယ်တော့ဒါမထူးဆန်းပါဘူး။ ဓာတ်ပုံ အရိုက်ခံတဲ့သူက မှန်ဘီလူးကိုကြည့်ပြီးအရိုက်ခံလိုက်ရင် ဓာတ်ပုံထဲကပုံရိပ်မျက်လုံးဟာ ကြည့်သူဘက်ကို အမြဲလှည့်နေမှာပါ။ ပန်းပုရုပ်မျက်လုံးကို ဒီလိုဖြစ်အောင် ထုနိုင်တာကတော့ တော်တယ်ပြောရမယ်။ ဘီလူးရုပ်ဘေးက ဖြတ်ရင်းကျွန်တော် ဆိုင်ထဲကိုလျှောက်ဝင်လာလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ဘီလူးရဲ့မျက်လုံးတွေဟာ ကျွန်တော့်နောက်ကိုလိုက်ကြည့်နေသလိုခံစားရပေမယ့် အဲဒီအာရုံကို  မေ့ထားလိုက်တယ်။ အသက်မရှိတဲ့အရုပ်တစ်ရုပ်ဟာ ဘယ်လိုလုပ် ကျွန်တော့်ကိုလိုက်ကြည့်နေနိုင်မှာလဲ။

ဆိုင်လေးကသိပ်မကြီးပေမယ့် ခင်းကျင်းထားတဲ့ စာအုပ်တွေကတော့ မနဲပါဘူး။ နံရံကပ်စင်တွေမှာ စာအုပ်တွေကို စီထည့်ထားပြီး အလယ်မှာလည်း စာအုပ်တွေ အပြည့်နဲ့စင်နှစ်ခုကို တွေ့ရတယ်။ ဆိုင်ထဲမှာ လူအရိပ်အရောင်တော့ မတွေ့ရဘူး။ ကျွန်တော်နဲ့အနီးဆုံး နံရံပေါ်ကစာအုပ်စင်ရဲ့ ပထမအကန့်မှာ သမိုင်းလို့ရေးထားပြီး ဒုတိယအကန့်မှာတော့ နိုင်ငံရေးသိပ္ပံ လို့ရေးထားတယ်။ စာအုပ် အမျိုးအစားအလိုက် အကန့်တွေခွဲ ထည့်ထားတာပါ။ စာအုပ်အနှောင့်မှာရေးထားတဲ့ နံမည်တွေကိုဖတ်ရင်း ဆိုင်အတွင်းဘက်ကို ကျွန်တော် ဖြည်းဖြည်းခြင်း လျှောက်လာလိုက်တယ်။ အထ္တုပ္ပတ္တိ စာအုပ်တွေကိုရပ်ကြည့်နေတုန်း နောက်က ဒေါက်ကနဲ ကြမ်းပေါ်ကိုတခုခုပြုတ်ကျသံကြားလိုက်တယ်။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ကြမ်းပေါ်မှာ စာအုပ်တစ်အုပ် ကျနေပြီး အနားမှာလည်းဘယ်သူမှ ရှိမနေဘူး။ ဒီစာအုပ်ကအလိုလိုနေရင်း ဘယ့်နဲ့ ပြုတ်ကျလာရတာလဲ။ ဘီလူးရုပ်ကလဲ သူနဲ့မဆိုင်သလို ကျွန်တော့်ကို ကြောပေးထားလျှက်ပါဘဲ။

ကျွန်တော် ကြောထဲမှာ တချက်စိမ့်ကနဲဖြစ်သွားပေမယ့် ပြုံးပြီးစာအုပ်ကို ကောက်ယူ လိုက်တယ်။ ဟုတ်တယ်လေ မီးတွေလင်းနေတဲ့ လမ်းဘေးကဆိုင်လေးတစ်ဆိုင်ထဲမှာ ဘယ်သရဲက ကျွန်တော့်ကို လာခြောက်မှာလဲ။ အရင်ကြည့်တဲ့ လူကသေသေချာချာပြန် ထားမသွားလို့ ဖြည်းဖြည်းခြင်းလျှောပြီး ပြုတ်ကျလာတာ နေမှာပေါ့။ တွေးရင်း စာအုပ်မျက်နှာဖုံးကို အကြည့်မှာတော့ ကျွန်တော့်အတွေးနဲ့အပြုံးဟာ လမ်းတဝက်မှာပဲ ရပ်တန့်သွားတယ်။

 စာအုပ်ရဲ့အပြင်အဆင်က ပုံမှန်မဟုတ်ဘဲ ထူးခြားနေပါတယ်။ စာအုပ်နောက်ကြောဖုံးကနေ ဟိုဘက်ဒီဘက်ကို ကြိုးနှစ်စထွက်နေပြီး ရှေ့ဖုံးပေါ်မှာသိုင်းချီထားတယ်။ မျက်နှာဖုံးမှာရေးထားတာကတော့

“သရဲခေါ်နည်းများ”
“Portals to the other world”  ကိုပြန်ဆိုသည်။

အဖုံးတွေကသားရေ တမျိုးနဲ့လုပ်ထားပုံရပြီး စာအုပ်ကတော့ခပ်ပါးပါးပါပဲ။ ကျွန်တော်စာအုပ်ကို ကိုင်ထားရင်း ဖွင့်ကြည့်ရင်ကောင်းမလား ရှေ့ကစင်ပေါ်ပဲ တင်ထားလိုက်ရင်ကောင်းမလား တွေဝေနေမိတယ်။ ထူးဆန်းတာက အခုချိန်ထိ ဆိုင်ရှင်အရိပ်အရောင်တောင်မတွေ့မိသေးတာပဲ။ ဆိုင်နောက်ပိုင်းမှာ တစွန်းတစ မြင်နေရတဲ့ ကောင်တာဘက်ကို ကိုယ်ကိုကိုင်းပြီး ကြည့်လိုက်တယ်။ ဘယ်သူမှ မရှိဘူး။ အပြင်သွား နေတာလား။ ဟိုဘက်စင်အနောက်မှာပဲ စာအုပ်တွေစီနေတာလား။ ဒါဆိုဘာလို့ ဘာသံမှ မကြားရတာလဲ။ တဆိုင်လုံးမှာ ဘီလူးတစ်ကောင်နဲ့ ကျွန်တော်တစ်ယောက်ထဲလား။

          လမ်းဘေးက စာအုပ်ဆိုင်လေးတစ်ဆိုင်က ဘာလို့ ကျွန်တော့်ကိုသည်းထိတ်ရင်ဖို ရသတွေ ပေးနေရတာလဲ။ ဟိုဘီလူးရုပ်ကြောင့်ပဲနေမှာ။ ကမ္ဘာပေါ်မှာ စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်တာလောက်လွယ်တဲ့ အလုပ် မရှိပါဘူး။ သရဲခေါ်နည်း စာအုပ်ကိုဖွင့်တာ သရဲကိုခေါ်တာမှမဟုတ်တာ ဟား ဟား။ ကျွန်တော် တွေးရင်း စာအုပ်အဖုံးက ကြိုးကိုဆွဲဖြည်လိုက်တယ်။

“မင်းတကယ်ဖတ်ချင်လို့လား ကောင်လေး”

          ရုတ်တရက်ကျွန်တော့်နောက်က စကားသံ ကြားလိုက်ရတယ်။ ကျွန်တော် နောက်ကို ဆတ်ကနဲ လှည့်ကြည့်လိုက်တော့ အသားညိုညိုအရပ်ပုပြတ်ပြတ်နဲ့ လူကြီးတစ်ယောက် ကျွန်တော့်ကို မော့ကြည့်နေတယ်။ ဆိုင်ထဲရောက်ကတဲက ဘာသံမှမကြားရ အရိပ်အရောင်လည်းမတွေ့ရဘဲ ဒီစာအုပ်ကိုဖွင့်မယ်လုပ်မှ ဒီလူပုကြီးဘယ်က ပေါ်လာပါလိမ့်။

“လန့်လိုက်တာဗျာ၊ ဦးလေးက ဆိုင်ရှင်လား”
“အင်း ဆိုပါတော့”
“ဘယ်ကထွက်လာတာလဲ စောစောကမတွေ့ပါဘူး၊ ဆိုင်ရှင်မရှိဘူးထင်လို့ ကျွန်တော်တောင် ပြန်တော့မလို့”
“ငါဟိုဘက်မှာရှိပါတယ်၊ ဘာလဲမင်းက အဲဒီစာအုပ်ကိုဝယ်မလို့လား”
“ကြည့်မလို့ပါ ကြိုက်ရင်ဝယ်မှာပေါ့၊ နဲနဲလောက် ကြည့်လို့မရဘူးလား”
“တခြားစာအုပ်တွေကတော့ မင်းစိတ်ကြိုက်ကြည့်ရပါတယ်ကွာ၊ ဒီစာအုပ်ကိုတော့ မင်းတကယ် စိတ်ဝင်စားတာမဟုတ်ရင် ဖွင့်မနေပါနဲ့”
“ဘာလို့တုန်းဗျ၊ ဦးလေးပြောမှပို ကြည့်ချင်လာပြီ ဟဲဟဲ ”
“မဟုတ်ပါဘူးကွာ၊ ငါဒီစာအုပ်ကို ရောင်းသင့်တဲ့လူကိုမှရောင်းမယ်လို့ဆုံးဖြတ်ထားလို့၊ ကဲ မင်းမဖွင့်ခင် အရင်ကြည့်လိုက်ပါအုံး ဒီစာအုပ်မှာ ဘာထူးခြားတာတွေ့လဲ”
“ကြိုးနဲ့ချည်ထားတာကိုပြောတာလား”
“အေး အဲဒါလဲပါတယ်၊ နောက်ပြီး အဖုံးကစာအုပ်နံမည်ကို သေချာကြည့် လက်ရေးနဲ့ရေးထားတာတွေ့လား”
“အင်း ဟုတ်တယ်နော်”
“အေး အဲဒီစာအုပ်က ပုံနိုပ်ထုတ်ဝေတဲ့စာအုပ်မဟုတ်ဘူး၊ လက်ရေးနဲ့ရေးထားတာ ရှားပါးစာအုပ်ပေါ့ကွာ၊”
“ဟင်ဦးလေးကလဲ ဘယ်သူကဘာတွေရေးထားမှန်းမသိတဲ့စာအုပ်ကို ဖွင့်မကြည့်ရပဲ ဘယ်သူက ဝယ်မှာလဲ”
“အင်း မင်းမေးလဲမေးစရာပဲကွ ”

ပြောပြောဆိုဆိုနဲ့ ဆိုင်ရှင် လူပုကြီးဟာ အနောက်က သစ်သားခုံမြင့် တစ်ခုပေါ်တက်ထိုင်လိုက်တယ်။ ကြည့်ရတာ ကျွန်တော့်ကိုမော့ကြည့်ပြီး စကားမပြောချင်လို့ထင်တယ်။ အဲဒီအချိန်မှာ ထူးထူးဆန်းဆန်း အတွေးတစ်ခု ကျွန်တော့် ခေါင်းထဲမှာပေါ်လာတယ်။ ဒီလူကြီးသာ အဲဒီခုံပေါ်တက်ရပ်ပြီး သန်လျှက် တစ်ခုလောက် မြှောက်ကိုင်လိုက်ရင် ဟိုဘီလူးရုပ်အတိုင်းနေမှာဘဲ။ လူပုကြီးက ကျွန်တော့်အတွေးကို သိနေတဲ့အတိုင်း ကျွန်တော့်မျက်လုံးကို စိုက်ကြည့်လိုက်ပြီး။

“မင်းငယ်ငယ်တုန်းက သူရဲခေါ်တန်းတို့ဘာတို့ ကစားဖူးသလား”
“ဟုတ် ကစားဖူးတာပေါ့ အုန်းမှုတ်ခွက်အောက်မှာ အမဲသားတုံးကိုထည့် အပေါ်ကဖရောင်းတိုင်ထွန်း ပြီးခေါ်တာတို့ စာရွက်ပေါ်မှာ ABCD တွေရေးပြီး အကြွေစေ့တစ်စေ့တင် လက်တွေနဲ့ဝိုင်းထောက်တာတို့”
“အဲဒီတော့ လာလား”
“မသိဘူးလေ ကျွန်တော်တော့မလာဘူးထင်တာပဲ ဘာမှလဲသိပ်မထူးခြားပါဘူး”
“အေးကွ ကောင်လေးရ မင်းပြောတဲ့နည်းတွေက လူတော်တော်များများသိကြပြီး ကလေးတွေ ကစားတဲ့နည်းတောင် ဖြစ်နေပြီ၊ မင်းပြောသလိုဘာမှမထူးခြားတာများတယ်၊ ဘာပဲပြောပြော ဒီကိစ္စကိုတော့မင်းစိတ်ဝင်စားသားပဲ”

လူပုကြီးက ကျွန်တော့်လက်ထဲက စာအုပ်ကိုကြည့်နေရင်း မေးလိုက်ပြန်တယ်။

“အဲဒီတော့ သရဲဆိုတာဘာလို့မင်းထင်လဲ”
“လူသေပြီးသရဲဖြစ်ရင်ဖြစ် မဖြစ်ရင်လဲ တစ်ခြားဘဝတစ်ခုခုကို ရောက်သွားတယ်မှလား”
“အေးမင်းပြောတာ မှန်သင့်သလောက်မှန်ပါတယ်၊ ဒါ့အပြင် နဂိုထဲက သရဲဖြစ်နေတဲ့သရဲတွေလဲရှိသေးတယ်ကွ အနောက်တိုင်းက ခေတ်မှီတဲ့ကောင်တွေကတော့ ငါတို့မမြင်ရတဲ့ ဒိုင်မင်းရှင်း တစ်ခုကသတ္တဝါတွေလို့ ဆိုတာပေါ့ကွာ ဘာပဲပြောပြော ငါတို့အလွယ်တကူမမြင်တွေနိုင်တဲ့ အဲဒီသရဲဆိုတဲ့သတ္တဝါကို လူတော်တော်များများက လက်ခံထားကြတယ် ဆက်သွယ်ဖို့လဲကြိုးစားခဲ့ကြတယ်၊ သရဲခေါ်နည်းဆိုတာ တကယ်တော့ ငါတို့ကမ္ဘာနဲ့ အဲဒီကောင်တွေရဲ့ကမ္ဘာကြားက တံခါးကိုဖွင့်တဲ့နည်းပဲ”
“ဒါဆိုဒီစာအုပ်က အဲဒီနည်းတွေကိုရေးထားတာပေါ့”
“ဒီလိုကွကောင်လေးရ ငါလည်းဒီစာအုပ်ကို အစအဆုံးဖတ်မကြည့်ရသေးပါဘူး ခုဏက ငါပြောတာက ငါ့အယူအဆတွေပါ ဒါပေမယ့် အဲဒီစာအုပ်က ပထမဆုံးနည်းမှာတင် ငါလက်ခံနိုင်လောက်တဲ့အနေအထား တွေ့ရတယ်၊ မင်းငယ်ငယ်ကဆော့ဖူးတဲ့ စာရွက်ပေါ်မှာ ABCD ရေးအကြွေစေ့တင်ပြီး လက်နဲ့ဝိုင်းထောက် တဲ့နည်းက ဘာလို့ဘာမှမထူးခြားလဲသိလား”
“ဟင့်အင်း ဘာလို့လဲ”
“အေး ဒီမှာလည်းအဲဒီနည်းကို ရေးထားတယ် မင်းတို့လုပ်တုန်းက အဲဒီစာရွက်မှာ သင်္ကေတတစ်ခု ရေးရသေးလား”
“ဟင့်အင်း မရေးဘူး ABCD ပဲရေးတာ”
“အဲဒါပဲ မင်းတို့လုပ်လို့မထူးခြားဘူးဆိုတာ မပြည့်စုံလို့ကွ၊ မင်းတို့မှမဟုတ်ပါဘူး လူတော်တော်များများ ကြိုစားကြတာပဲ မရတာများတယ်၊ တကယ်တော့သူတို့ကမ္ဘာနဲ့ ငါတို့ကမ္ဘာကြားက တံခါးကိုဖွင့်ဖို့ အဓိကကြတဲ့ Key လိုတယ်၊ အဲဒီ Key ဟာ အမျိုးမျိုးဖြစ်နိုင်တယ်၊ သင်္ကေတ တစ်ခု၊ အသံထွက်တခု ဒါမှမဟုတ် ပစ္စည်းတစ်ခု ကို သူ့နေရာနဲ့သူ သုံးရတယ်”
“စိတ်ဝင်စားစရာပဲ ဦးလေးစမ်းကြည့်သေးလား ”

ဆိုင်ရှင် ကြီးက သူ့သွားတွေဖွေးကနဲပေါ်အောင် ကျွန်တော့်ကို ပြုံးပြလိုက်တယ်။

“မင်းဘယ်လိုအဖြေမျိုးလိုချင်လဲကောင်လေး ငါစမ်းကြည့်ပြီး သရဲကြီးနဲ့ စကားစမြည်ပြောခဲ့ရတယ် ဆိုတာလား ငါမအားတာနဲ့ မလုပ်ဖြစ်ပါဘူးကွာ ဆိုတာလား၊ တကယ်တော့ ကိုနဲ့မဆိုင်တဲ့လောကကို သွားမစပ်စုတာ ကောင်းတယ်၊ အထူးသဖြင့် ဒီလိုဇာတ်မျိုးကို နိုင်မယ်ထင်မှကပါ၊ အကောင်းဆုံးကတော့ ဒီစာအုပ်ကို ကြိုးလေးပြန်ချည်ပြီး မင်းရှေ့က “စာမမြည်းရ ဆိုင်ရှင်ကိုမေးပါ” ဆိုတဲ့အကန့်မှာထိုးထည့်လိုက်ပါကွာ ဟားဟားဟား”
“အဲဒါကြောင့်ပြောတာပေါ့ ဦးလေးက ဈေးရောင်းကျွမ်းတယ်ဆိုတာ၊ ဘယ်လောက်နဲ့ရောင်းမှာလည်း ကျွန်တော်နဲနဲဖွင့်ကြည့်မယ်ဗျာ၊ ကြိုက်ရင်ဝယ်မယ်၊ ဈေးလည်းမကြီးရင်ပေါ့”
“ဈေးမကြီးပါဘူး မင်းလိုချင် ၁၀၀၀ နဲ့ပေးလိုက်မယ်၊ ဒါပေမယ့် ဈေးကအဓိကမဟုတ်ပါဘူး၊ မင်းဒီကိစ္စကို တကယ်စိတ်ဝင်စားမှဝယ်ပါ၊”
“၁၀၀၀ ဈေးကြီးတာပေါ့ဦးလေးရ၊ ကျွန်တော် နဲနဲဖွင်ကြည့်လို့ရမလား”
“မင်းသိပ်ဖွင့်ချင်ရင်လဲဖွင့်ကြည့်ပေါ့ကွာ”
         
တကယ်တော့ ဘာရယ်မဟုတ် ဆိုင်ရှင်အပြောကောင်းလို့သာ ဖွင့်ကြည့်ရချင်းပါ။ ကျွန်တော့်ဟာ ကျွန်တော်ဆို လက်ရေးနဲ့ရေးထားမှန်းစောစောကသိရင် ပြန်ထားလိုက်ပြီ။ ဘယ်သူက ဘာတွေရေးထားမှန်း မသိတဲ့ စာအုပ်တစ်အုပ်ကို ၁၀၀၀ ပေးဝယ်လာရင် ကျွန်တော့်သူငယ်ချင်းတွေသိရင် သေချာပေါက် ဝိုင်းဟားကြမှာပေါ့။

          ကျွန်တော် ကြိုးစကို ဖယ်လိုက်ပြီး ရှေ့ဆုံးစာမျက်နှာကိုလှန်ဖွင့်လိုက်တယ်။ စာရွက်ကခပ်ထူထူရှိပြီး ဝါကျင့်ကျင့်အရောင်ပေါက်ကာ ဟောင်းနွမ်းစပြုနေပါပြီ။ ရှေ့ဆုံးစာမျက်နှာက အမှာစာသဘောမျိုး ရေးထားတာပါ။ နောက်တရွက်ကိုလှန်လိုက်တော့။ အပေါ်ဆုံးမှာ စာလုံးကြီးကြီးနဲ့ “သင်္ကေတ” လို့ခေါင်းစဉ်တပ်ထားတယ်။ အောက်မှာ အဝန်းနှစ်ထပ်နဲ့ စက်ဝိုင်းပုံကြီးတခုဆွဲထားပြီး စက်ဝန်းတလျှောက်မှာ A ကနေ Z ထိ ၂၆ လုံးနဲ့ YES နဲ့ NO နှစ်လုံး စုစုပေါင်း ၂၈ လုံးကို အကန့်ညီညီကန့်ပြီး ဖြည့်သွင်းထားတယ်။ အလယ်မှာတော့ သင်္ကေတ ပုံစံတခုဆွဲထားတယ်။ ဆိုင်ရှင်လူပုကြီးပြောသလိုပဲ ကွန်တော်တို့ငယ်ငယ်က ကစားတုန်းက အဲလိုသင်္ကေတမျိုးမပါဘူး။ နောက်တစ်ရွက်ကိုလှန်မယ်အလုပ်မှာ

“ဒီမှာကောင်လေး ဒီလောက်ဆို မင်း ဆုံးဖြတ်နိုင်ပါဘီ၊ မင်းဒီကိစ္စကိုစိတ်ဝင်စားရင် ယူပါ၊ မဝင်စားရင် ပြန်ထားလိုက်ပါတော့”
“အိုကေလေ၊ ကျွန်တော်ယူမယ်၊”

လူပုကြီးက ကျွန်တော့်မျက်လုံးကို စိုက်ကြည့်လိုက်ပြီး။

“ကောင်းပြီ မင်းကို တစ်ခုတော့ လေးလေးနက်နက်မှာချင်တယ်၊ ဒီစာအုပ်မှာ ပြထားတဲ့နည်းတွေကို မင်းစမ်းသပ်နိုင်ပါတယ်၊ တစ်ခုပဲ၊ နောက်ဆုံးစာမျက်နှာကိုတော့ လှန်မကြည့်မိအောင် ကြိုစားပါ၊ မဟုတ်ရင် မင်းနောင်တရ လိမ့်မယ်၊”

          ကျွန်တော် ပိုက်ဆံအိပ်ထဲက ၁၀၀၀ ထုတ်ပေးလိုက်တယ်။ စာအုပ်ကိုကြိုးပြန်ချည်ပြီး လွယ်အိပ်ထဲ ထိုးထည့်လိုက်တယ်။ နောက် လူပုကြီးကို နှုတ်ဆက်ပြီး ဆိုင်ထဲက ပြန်ထွက်လာလိုက်တယ်။ ကျွန်တော့် အမြင်အာရုံရဲ့ထောင့်မှာတော့ ဘီလူးရုပ်က ပြုံးပြနေသယောင်။ လက်ပတ်နာရီကိုကြည့်လိုက်တော့ ၈နာရီထိုးတော့မယ်။ လိုင်းကားစောင့်စီးနေလို့ မဖြစ်တော့။ လမ်းပေါ်မှာ တွေ့တဲ့တက္ကစီ တစ်စင်းကို တားပြီးတက်ထိုင်လိုက်တယ်။

          အိမ်လိပ်စာကိုပြောပြီး ထိုင်ခုံနောက်မှီမှာ ခပ်လျှောလျှော ထိုင်ရင်း မှိန်းလိုက်လာပါတယ်။ လမ်းမီးတိုင်များရဲ့အလင်းရောင်ဟာ ကားထဲမှာ ရိပ်ကနဲရိပ်ကနဲ။ ကားစက်သံမှတပါး တိတ်တိတ်ဆိတ်ဆိတ်။ ကျွန်တော့် စိတ်ထဲမှာ လင်းအောင်ကို ကျိန်ဆဲနေမိတယ်။ ခွေးကောင် ဒင်းပို့လို့ စာအုပ်ဖိုး ၁၀၀၀ အပြင် တက္ကစီဖိုးပါထွက်တော့မယ်။

(ဆက်ပါမည်)
_______
ကွန်းဇော်

Monday, 12 March 2012

နံပါတ်မရှိတဲ့အခန်း

တခါတုန်းက ကျွန်တော် အလုပ်ကိစ္စ တစ်ခုနဲ့ တောင်ပေါ်မြို့လေး တစ်မြို့ကိုသွားရပါတယ်။ ၂ ရက် ၃ ရက် ကြာမှာ မလို့ တည်းခိုခန်း တခုမှာသွားတည်းရပါတယ်။ အထုပ်အပိုးတွေချပြီး တည်းခိုခန်းကောင်တာက ကောင်လေးကို

“ညီလေး တစ်ယောက်ခန်းတစ်ခန်း ၃ရက်လောက်လိုချင်တယ်ကွာ၊ နားအေးပါးအေးရှိမယ့် အခန်းလေးပေးပါ”

“ရမယ်ခင်ဗျ၊ ဒီမှာအခန်းသော့၊ အပေါ်ထပ် ညာဘက်အစွန်နားမှာ။ လိုတာရှိရင် ပြောပါ ကောင်တာမှာ ကျွန်တော်တို့၂၄နာရီရှိတယ်။ အော် အကို၊ ဘေးမှာ နံပါတ်မပါတဲ့အခန်းတခုရှိတယ် မှားပြီးဖွင့်နေမှာစိုးလို့။ ”
 
“အဲဒီအခန်းတော့ သွားမဖွင့်နဲ့ဗျာ။ ဘာလို့လဲဆိုတော့”

“အေးပါကွာ ငါလည်းစိတ်မဝင်စားပါဘူး။ ကဲနားလိုက်အုံးမယ်။”

အဲလိုနဲ့ ၃ရက်မြောက်နေ့ ကျွန်တော့်ကိစ္စတွေလည်းပြီးလို့ အခန်းကို စောစောပြန်လာပြီး အနားယူနေလိုက်ပါတယ်။ ည ၇နာရီလောက်ရောက်တော့ ကျွန်တော်ပြင်းပြင်းနဲ့စပ်စုချင်တဲ့ စိတ်တွေ ပေါက်လာပါရော။  ကောင်တာက ကောင်လေးပြောပုံက ဘေးကနံပါတ်မပါတဲ့ အခန်း က သရဲပဲ ခြောက် သလိုလို။ ကျွန်တော်လည်းအစက အလုပ်မပြီးခင် စိတ်ဖြောင့်ဖြောင့်နေရအောင် မစပ်စုပဲ နေလိုက်တာ၊ အခုအလုပ်ပြီးလို့ အားလဲအားရော သိချင်လာပါရော။

ဒါနဲ့ကျွန်တော် အခန်းကအသာလေးထွက်ပြီး ဘေးက နံပါတ်မပါတဲ့ အခန်းနားကို သွားကြည့်တယ်။ ရင်တထိတ်ထိတ်နဲ့ပေါ့ခင်ဗျာ။ တံခါးကတော့ပိတ်ထားတာပဲ။ ဟိုကြည့်ဒီကြည့်နဲ့ တံခါးလက်ကိုင်ဘုက သော့ပေါက်မှာ အလင်းရောင်လေးရှိတာကို သတိထားမိတယ်ခင်ဗျ။ ကျွန်တော်လည်း ကော်ရစ်ဒေါမှာလူရှင်းတာနဲ့ အသာငုံ့ပြီးချောင်း လိုက်တယ်။

အထဲမှာလူရှိတယ်ခင်ဗျ။ မိန်းမတစ်ယောက် တံခါးဘက်ကို ကျောပေးပြီး ထိုင်နေတာ။  ဘာလုပ်နေလဲတော့မသိဘူး။ ကျွန်တော်လဲ ခဏလောက်စောင့်ကြည့်နေပေမဲ့ ဘာမှ မထူးခြားသလိုပဲ။ အဲလိုနဲ့ခဏ နေတော့သူဒီဘက်ကိုလှည့်ကြည့်တော့မလိုပဲ။ ကျွန်တော်လည်း ရုတ်တရက် ဆက်မကြည့်ချင်တော့တာနဲ့ ထပြီး ကိုယ့်အခန်းကိုယ်ပဲ ပြန်လာလိုက်တော့တယ်။ အဲလိုနဲ့ အိပ်လိုက်ရောဆိုပါတော့။ ည သန်းခေါင်တရေးနိုးတော့ ကျွန်တော်ချက်ချင်း ပြန်အိပ်မပျော်ဘူး ခင်ဗျ။ ဟိုဘက်အခန်းကို စပ်စုချင်လာပြန်ရော။ အဲလိုနဲ့ကျွန်တော် ဟိုဘက်အခန်းရှေ့ကို ပြန်ရောက်လာပါတယ်။ ကော်ရစ်ဒေါကတော့ လူရှင်းလျှက်ပါပဲ။ ကျွန်တော် ဒူးထောက်ပြီး သော့ပေါက်ထဲကို ချောင်းကြည့်လိုက်တယ်။

အင်း အနီရောင်ပြောင်ကြီးပဲမြင်ရတယ် ခင်ဗျ။ ကျွန်တော် ခဏစောင့်ကြည့်တယ်။ ပထမတစ်ခေါက်တုန်းက အခန်းကိုမြင်ရတယ် အခု အတွင်းက တခုခုနဲ့ကာထား သလားမသိ။ တဖြည်းဖြည်းကျွန်တော် ကြောထဲကစိမ့်တက်လာသလိုပဲ။ ကျွန်တော်မတ်တပ်ရပ်လိုက်တယ်။ အခန်းတံခါးကို တွန်းဖွင့်ကြည့်ရင်ကောင်းမလား။ တယောက်ယောက်က ကျွန်တော့်ကို စောင့်ကြည့်နေသလိုပဲ။ ကျွန်တော် အောက်ထပ်ကိုဆင်းလာလိုက်တယ်။ ကောင်တာမှာ ကျွန်တော် ရောက်ရောက်ချင်းနေ့က ကောင်လေး မဂ္ဂဇင်းဖတ်နေတယ်။

“အ ဟမ်းဟမ်း..”

“အော် အကိုဘာအလိုရှိလဲခင်ဗျ”

“အေး ညီလေး ရေနွေးကြမ်း ရမလားကွာ”

“ရပါတယ်၊ ယူသွားမှာလားအစ်ကို”

“နေပါစေ ဒီမှာပဲ တခွက်လောက်သောက်ချင်လို့ ငါလဲအိပ်မပျော်လို့ပါ”

“အော် ထိုင်လေ အကို”

“ဒါနဲ့ငါ့ညီ ဟိုနေ့ကပြောတဲ့ နံပါတ်မပါတဲ့အခန်းကလူနေလားကွ”

“မနေဘူး အကို”

“ဟေ”

“ဟုတ်တယ်ခင်ဗျ။ အဲဒီ အခန်းကလူသတ်မူဖြစ်တာ မကြာသေးဘူး။ ဒါကြောင့်ကျွန်တော်တို့က ခဏပိတ်ထားတာ။ ဘာမှတော့မရှိပါဘူး။ ခြောက်လဲမခြောက်ပါဘူး။ ကျွန်တော်တို့လဲတခါတလေ ဝင်နေတာပဲ။”

“အင်း ဘယ်လိုဖြစ်ကြတာတဲ့တုန်း ”

“လင်မယားနှစ်ယောက် တည်းရင်းဘာလို့လဲတော့မသိဘူး။ ယောင်္ကျားကမိန်းမကိုသတ်လိုက်တာပဲ။ လည်ပင်းညစ်သတ်တာတဲ့။ တခြားဒဏ်ရာတော့မရှိပါဘူး။ မျက်လုံးကြီး နီရဲပြီးသေနေတာပဲ။”

ဘာ…..


ဟုတ်ကဲ့ ကျွန်တော် အဲနားကဆိုဖာမှာပဲအိပ်လိုက်တယ်။ ဟင့်အင်း အိပ်တွေသူတို့ပဲ သွားယူပေးတာ။ ဟုတ်ကဲ့ မိုးလင်းတော့မှ ကားဂိတ်ကိုတန်းဆင်းတာ ခင်ဗျ။

(ဝန်ခံချက်။ မယုံသူများ ခင်ဗျ…ကျွန်တော် အင်တာနက်မှ ကာတွန်းတပုဒ်ကိုမှီးပါအိ/ ယုံသူများလဲ မတားလိုပါ)

---------------
ကွန်းဇော်