Thursday 22 March 2012

နောက်ဆုံးစာမျက်နှာ (၂)


          ကျောင်းအင်္ကျီလက်တို လေးပဲဝတ်ထားတာဆိုတော့ ကျွန်တော် တဖြည်းဖြည်း ချမ်းစိမ့်စိမ့် ဖြစ်လာပါတယ်။ လက်နှစ်ဖက်ကိုတင်းတင်းပိုက်ရင်း အနွေးဓာတ်ရအောင် လက်ဖျံတွေကို ပွတ်ပေးနေမိတယ်။ ဒီလူတော်တော်အအေးကြိုက်တာပဲ။ တက္ကစီအဲကွန်းကို အဲလောက်အေးအောင် ဖွင့်မောင်းတာ ကျွန်တော်ဖြင့်တခါမှမကြုံဖူးဘူး။ သူ့ ကြည့်ရတာလဲ တလမ်းလုံး ကားမောင်းရင်း ကျွန်တော့်ကို အကဲခတ်နေသလိုပဲ။ ကျွန်တော်အေးမှာစိုးလို့လားမသိ။ ဒါပေမယ့် ကျွန်တော်လည်း ခဏပဲစီးရမှာ ဆိုတော့ ပြောမနေတော့ပါဘူး။
ကျွန်တော်တို့ရပ်ကွက်နားကို ရောက်လာပါပြီ။ ကားတွင်းနောက်ကြည့်မှန်မှာ ကားမောင်းသမားနဲ့ ကျွန်တော် အကြည့်ချင်းဆုံ သွားတယ်။ ကျွန်တော် ပြုံးပြလိုက်တော့ သူ ပြန်ပြုံးလိုက်ရင်း
“အေးနေပြီလား ငါ့ညီ”
“အင်း နဲနဲတော့အေးတယ် အကိုက အဲကွန်းတော်တော်ကြိုက်တာပဲ”
“ဟင် အေးဒီလိုပါပဲကွာ”
“ရှေ့ကအိမ်ပဲ အကို…. ရပြီ ရပ်လိုက်တော့”
         
          ကျွန်တော်ကားခထုတ်ရှင်းပြီး လွယ်အိပ်ကိုဆွဲရင်း အပြင်ထွက်လိုက်တယ်။ ခြံတခါးကို ဖွင့်ဖို့စမ်းနေတုန်း
“ငါ့ညီ”
“ဟင်ဘာလဲအကို ကားခမပြည့်လို့လား”
“မဟုတ်ပါဘူး….စိတ်တော့မဆိုးနဲ့ကွာ အကိုဒီကားမောင်းစားလာတာ ကြာပါပြီ အဲကွန်းတခါမှ ခုလောက်မအေးဖူးဘူးကွ၊ ခုနက မင်းတက်လာပြီးမှ တဖြည်းဖြည်း အရမ်းအေးလာတာ အကိုလဲ အအေးကိုလျှော့တော့လျှော့ သေးတယ် မရဘူးကွ၊ အဲဒါ အဲကွန်းပျက်တာလား ဘာဖြစ်တာလဲ စဉ်းစားရင်းမောင်းလာတာ၊ ခုမင်းဆင်းလိုက်ပြီးတော့ ချက်ချင်းကို ပုံမှန်ပြန်ဖြစ်သွားသလိုပဲ၊ ထူးတော့ထူးတယ်ကွ၊ ဒါပဲကွာ သွားပြီဟေ့”
         
          ပြောပြောဆိုဆိုမောင်းထွက်သွားပါတယ်။ ကျွန်တော်လည်းဘာပြန်ပြောရမှန်းမသိပဲ ကြောင်ပြီးကျန်နေခဲ့တယ်။ ခဏနေမှ ခြံတံခါးကိုတွန်းဖွင့်ပြီးဝင်လာလိုက်တယ်။ ဧည့်ခန်းထဲမှာ မေမေနဲ့ညီမလေးတို့ မအိပ်သေးဘဲ စောင့်နေကြတယ်။


“သားနောက်ကျလိုက်တာ၊ ကျူရှင်အသစ်ကကောင်းရဲ့လား”
“သိပ်မကြိုက်ဘူး မေမေရယ်၊နောက်နေ့ဆက်မတက်တော့ဘူး၊ အပြန်မှာ ဘတ်စ်ကားမှားစီးသွားလို ဘယ်ရောက်မှန်းမသိဘူး အဲဒါတက္ကစီနဲ့ ပြန်လာတာ”
“အေးအေး ကျောင်းဝတ်စုံလဲပြီးရင် ထမင်းစားပြီးအိပ်တော့ မနက်ဖြန်လဲ ကျောင်းတက်ရအုံးမှာ”

ကျွန်တော်စားသောက်ပြီး အခန်းထဲဝင်လာတော့ ည၁၀ နာရီကျော်ပြီ။ အိုက်စပ်စပ် ပြန်ဖြစ်လာလို့မို့  ပြူတင်းပေါက်ကိုတွန်းဖွင့်ရင်း စာကြည့်စားပွဲမှာဝင်ထိုင်လိုက်တယ်။ အိမ် အပြင်ဖက်ကသစ်ပင်တွေပေါ်ကို လရောင်ဖြာကျနေတာကို တွေ့နေရတယ်။ ဒီလိုညမျိုးတစ်ညမှာ ကျွန်တော် နဲ့ လင်းအောင် ငယ်ငယ်က သရဲခေါ်တမ်း ကစားကြသေးတယ်။ ဒီကောင်ကဒါမျိုးဆိုရင် အတော် စိတ်ဝင်စားတဲ့ကောင်။ သူမို့မကြောက်ရွံ့။ ကျွန်တော် ရေချိုးခန်းတံခါးဝကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ခင်ဗျားတို့ကြားဖူးကြလား။ Bloody Mary ဆိုတာ။ ရေချိုးခန်းထဲမှာ အသတ်ခံရတဲ့ သရဲမဆိုလားပဲ။ အခုလို လပြည့်ည မှာ၊ တချို့ကလည်း လကွယ်ညဆိုရင် ပိုကောင်းတယ်လို့ ဆိုတာပဲ။ ထားပါတော့။ အဲဒီည သန်းခေါင်ယံမှာ ရေချိုးခန်းထဲက မှန်ရှေ့မှာရပ်ပြီး မီးကိုမှိတ်ထား။ လုံးဝအမှောင်ထဲမှာ Bloody Mary လို့ ၃ ခါ တိတိဖြည်းဖြည်းရွတ်၊ ပြီးရင် ခဏစောင့်လိုက်ဦး။ ပြီးရင် မီးကိုပြန်ဖွင့်လိုက်ပြီး မှန်ထဲကိုကြည့်လိုက်။ မှန်ထဲမှာ သွေးတွေနဲ့ Mary ဟာ သင့်ကိုသတ်ဖို့ ကြိုးစားတာကိုတွေ့ရလိမ့်မယ်တဲ့။ ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့လိုက်လုပ်ပါတယ်။ ကျွန်တော်က ကြောက်လို့ ဇောချွေးတွေပြန်နေပေမယ့် ဒီကောင်ကတော့ မျက်နှာပိုးမသေဘူးခင်ဗျ။ သရဲခေါ်တာ တဟီဟီတဟာဟာနဲ့ ဘယ်သရဲက လာချင်မှာလဲဗျာ။ မလာတာပဲ ကျေးဇူးတင်ရသေးတယ်။ ကျွန်တော့်မှာတော့ ခုထိ ရေချိုးခန်း ဝင်ရတာတောင် ခပ်လန့်လန့်။ တကယ်တော့ဒီစာအုပ်ကိုလည်း ဒီကောင်စိတ်ဝင်စားမယ် ဆိုတာသိလို့ ကျွန်တော်ဝယ်လာတာပါ။ အခုနောက်ပိုင်း အဲလိုမျိုး မကစားဖြစ်ကြတော့ပေမယ့် ကျွန်တော့်အခင်ဆုံးသူငယ်ချင်းအကြောင်း ကျွန်တော်သိတာပေါ့။

လေအဝှေ့မှာ အိမ်ဘေးက သစ်ပင်တွေရဲ့သစ်ကိုင်းတွေဟာ ချိုးချိုးချွတ်ချွတ် အသံပေးရင်း လှူပ်ခါနေပါတယ်။ ကျွန်တော်ရှေ့ကစားပွဲပေါ်မှာ စာအုပ်ကို ကြိုးဖြည်ချထားပြီး ဆိုင်ရှင်လူပုကြီး ပြောလိုက်တာကို ပြန်သတိရမိတယ်။ “နောက်ဆုံးစာမျက်နှာကို မကြည့်မိအောင်ကြိုးစားပါ။ မဟုတ်ရင်တော့မင်း နောင်တရလိမ့်မယ်။” ဘယ်လိုနောင်တရမှာလည်း။ ကိုယ့်လက်ထဲကစာအုပ်ကို နောက်ဆုံးထိ လှန်မကြည့်ရဘူးဆိုတာတော့ တော်တော်ခက်တဲ့ကိစ္စပဲ။ တော်တော်နောက်တဲ့လူပုကြီး။ ဟားဟားဟား တွေးရင်း ကျွန်တော် ရှေ့ဆုံးက အမှာစာကို ဖွင့်ဖတ်လိုက်တယ်။

စိတ်မခိုင်သူများ ဤမှတ်တမ်းကိုဆက်မဖတ်ရန် ဦးစွာပထမ ကျွနု်ပ်ပြောလိုသည်။ ဤမှတ်တမ်းတွင် သရဲတစ္ဆေနာနာဘာ၀ ဟုဆိုအပ်သော မမြင်အပ်သော သတ္တဝါတို့၏လောကကို ဆက်သွယ်ရာနည်းလမ်းအား ညွှန်ပြထားသည်။ တံခါးကိုဖွင့်လျှင် ဧည့်သည်ဝင်နိုင်သကဲ့သို့ အိမ်ရှင်လည်းထွက်နိုင်သည်။ မတူခြားနားသော လောကသားတို့တွင် မတူခြားနားသော စည်းမျည်းတို့ရှိ၏။ ကျွဲကူးလျှင်ရေပါ၏။ ချင့်ချိန် သုံးပါ။

ကျွန်ုပ်အမည် မောင်စံမှီ ဖြစ်သည်။ အသက်၁၂နှစ်သားတွင် မော်လမြိုင်မြို့ရှိ သာသနာပြုကျောင်းသို့ စတင်ဝင်ရောက်၏။ အသက် ၂၅ နှစ်သားတွင် ကျွန်ုပ်၏ မွေးစားဖခင်ဟု ခေါ်ဆိုထိုက်သော ဓမ္မဆရာတော်၏ ကျေးဇူးတော်နှင့် နေမဝင်အင်ပါယာသခင် ဂျော့ဘုရင်မင်းမြတ် နန်းစိုက်ရာ လန်ဒန်မြို့တော်၌ စိတ္တဗေဒပညာကို ဆက်လက်ဆည်းပူး၏။ သုတရတနာသိုက်ဟု ခေါ်ဆိုအပ်သော လန်ဒန်ပိဋကတ်တိုက်မှ “Portals to the other world” စာအုပ်ကို ကျွန်ုပ်၏ ချစ်မိတ်ဆွေကြီးအလန် နှင့်အတူ လေ့လာစမ်းသပ်ရင်း ဤမှတ်တမ်းအား စီရင်သည်။ လေ့လာစမ်းသပ်မူ၏ အကျိုးသက်ရောက်မူကား ကျွန်ုပ်တို့၏ဘဝကို ပြင်းစွာရိုက်ခတ်လေ၏။ ၎င်းဒဏ်ကို မခံနိုင်သော ကျွန်ုပ်၏ ချစ်မိတ်ဆွေ အလန်ကား သွားနှင့်လေပြီ။ အခြေအနေပေးလျှင် ကျွန်ုပ်တွင်ကျန်ရှိနေသေးသော အချိန်အတွင်း၌ ကျွန်ုပ်တို့၏ လေ့လာစမ်းသပ် တွေ့ရှိချက်များနှင့်တကွ ကျွနု်ပ်၏ဘ၀ ဇာတ်ကြောင်းကိုပါ ဤမှတ်တမ်း၌ ဖြည့်သွင်းပါအံ့။

ဦးစွာပထမ အနေနှင့် ကျွန်ုပ်လေ့လာတွေ့ရှိသမျှ အတွင်းမှ ထိရောက်မှူအရှိဆုံး နည်း၃ခုကို ဤမှတ်တမ်း၌ ဖေါ်ပြပါအံ့။ ၎င်းတို့မှာ သင်္ကေတ၊ အိမ်မက် နှင့် အသံတို့ဖြစ်၏။ ကျွန်ုပ်၏ အယူအဆမှာ လောက၌ ဘယ်ပညာမဆို လေ့လာဆည်းပူးခွင့်ကြုံလျှင်လေ့လာဆည်းပူးအပ်၏။ သို့သော် အသုံးချရန်အတွက်မူ ဉာဏ်နှင့် ယှဉ်အပ်၏။ ဤနည်း၃နည်း၏ အစွမ်းအား ကျွန်ုပ်တို့ကိုယ်တိုင် သေချာစွာစမ်းသပ်ပြီး ဖြစ်၍ရလဒ်အား သံသယဝင်ရန်မလိုပေ။ အထူးအလေးထားမှာကြားလိုသည်မှာ ကျွန်ုပ်တွေ့ရှိသမျှ အစွမ်းအထက်ဆုံးဖြစ်သော နည်းအား ဤမှတ်တမ်း၏ နောက်ဆုံးစာမျက်နှာ ၌ဖေါ်ပြထား၏။ အဆုံးစွန်သော အခြေအနေကို မတုန်လှူပ်သူ၊ လက်ခံရန် အသင့်ဖြစ်ပြီးသူ သာလျှင် နောက်ဆုံးစာမျက်နှာကို ဖတ်ပါလေ။
စံမှီ

ဟား စာရေးဆရာကတော့ အတော်ညွန်းတာပဲ။ သူ့စာအုပ်က နည်းက ဘယ်လောက်တောင် စွမ်းလို့လဲမသိ။ အရေးအသားကြည့်ရတာ ဒုတိယကမ္ဘာစစ်မတိုင်မှီက လူဖြစ်ပုံရတယ်။ ကျွန်တော် ဆက်မဖတ်သေးပဲ ကုလားထိုင်နောက်မှီပေါ် မှီထိုင်လိုက်ပြီး ညနေက အဖြစ်အပျက်ကို ပြန်တွေးနေမိပါတယ်။ ဒီနေ့ညနေဖြစ်ပျက်ခဲ့သမျှဟာ ကျွန်တော့်အတွက်တော့ စိတ်လှူပ်ရှားစရာ တွေချည်းပါပဲ။ နောက်ဆုံးတက္ကစီသမားကတောင် သူ့ကားကို သူရဲတက်စီးတယ်များထင်လားမသိ။ ဒါကြောင့် နောက်ကြည့်မှန်ကနေ ကျွန်တော်ဘယ်အချိန်ဖြတ်ကနဲ ပြောက်သွားမလဲလို့ ခပ်လန့်လန့်နဲ့ အကဲခပ်နေတာဖြစ်မယ်။ ဟားဟား ဟား။ ဒါတွေဟာ တကယ်ရော ဟုတ်ရဲ့လား။ ဟိုကျူရှင် အသစ်က ဆရာရဲ့ ပြင်းပြင်းရိရိ သင်နေတာတွေနားထောင်ရင်း ကျူရှင်ခန်းထဲမှာ ကျွန်တော် အိပ်ပျော်ပြီး အိမ်မက် မက်နေတာများလား။ ဒါမှမဟုတ် မှားစီးသွားတဲ့ ဘတ်စ်ကားပေါ်မှာ ပဲလား။

ညနေခင်းရဲ့လေအေးအေးဟာ ကားပြုတင်းပေါက်ကနေ ကျွန်တော့်မျက်နှာကို ခပ်ကြမ်းကြမ်း တိုးနေပါတယ်။ ကျွန်တော်နိုးလာတော့ပတ်ဝန်းကျင်မှာမှောင်စပျိုးနေပါပြီ။ လမ်းဘေးဝဲယာက မြင်ကွင်းတွေ ဟာလည်း ကျွန်တော့် အတွက်စိမ်းနေပါတယ်။ ဘတ်စ်ကားထဲကို ဝေ့ကြည့်လိုက်တဲ့ အခါမှာတော့ ကားထဲကလူတွေဟာ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာကို တွေ့လိုက်ရတယ်။ ဘယ်သူတွေလဲ။ ဘာလို့ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာလဲ။ သူတို့မျက်လုံးတွေက စူးစူးရဲရဲတွေ။ ကျွန်တော် ဘာလို့ဒီကားထဲကို ရောက်နေတာလဲဆိုတာ စဉ်းစားလို့မရဘူး။ ဒီကားကရော ဘယ်ကိုသွားနေတာလဲ။ ကျွန်တော် ထိုင်ရာကထဖို့ ကြိုးစားလိုက်တယ်။ ကျွန်တော့်ဘေးက ဟက် ကနဲရယ်သံ ကြားလိုက်ရတယ်။ ကျွန်တော် လှည့်ကြည့်လိုက်တော့ လူပုပုလေးတစ်ယောက် ကျွန်တော့်ကို ရီပြနေတယ်။ သူ့ပါးစပ်ထဲမှာ အစွယ်တွေဖွေးကနဲ။ လက်ထဲမှာလည်း သန်လျှက်လိုပုံစံ ဓားတစ်ချောင်း။ ကျွန်တော့်ကိုဆတ်ကနဲ ဓားနဲ့ရွယ်လိုက်တယ်။
အား….

ကျွန်တော် လန့်နိုးလာပြန်တယ်။ မျက်နှာကို လေတဖြူးဖြူးတိုးနေဆဲပဲ။ တကယ်တော့ အခန်းထဲက စာကြည့်စားပွဲရှေ့မှာထိုင်ရင်း အိပ်ပျော်သွားတာပဲ။ ရှေ့က ပြူတင်းပေါက်ဘောင်ပေါ်ကို လရောင် ထိုးကြနေတယ်။ ခန်းစီးစက လေထဲမှာတလူလူလွင့်ရင်း။ စားပွဲပေါ်က စာအုပ်လေးက လေအဝေ့မှာ စာရွက်တွေတဖြတ်ဖြတ်နဲ့ လန်နေတယ်။ အိပ်ရေးမဝဘဲ လန့်နိုးလာလို့ လူက လေးလံထိုင်းမိူင်းနေတယ်။ အိပ်ချင်စိတ်မပြေ့တပြေ ဝိုးတို့ဝါးတားနဲ့ ကျွန်တော် စာအုပ်ကို ကြောင်ကြည့်နေမိတယ်။ စက်ဝိုင်းပုံစံတစ်ခု၊ နောက်စာတွေ၊ နောက် စာရွက်လွတ်ဝါကျင့်ကျင့်တွေ၊ နောက်စာတွေ ပြန်ပေါ်လာပြန်တယ်။ နောက်ထပ် စာရွက်လွတ်ဝါကျင့်ကျင့်တွေ တဖြတ်ဖြတ်။ ကျွန်တော်ရုတ်ရက်သတိရလိုက်တယ်။ “နောက်ဆုံးစာမျက်နှာ” “အဆုံးစွန်သော အခြေအနေ” ဝါကျင့်ကျင့်စာရွက်တွေ တဖြတ်ဖြတ်လန်ရင်း နောက်ကျောဖုံးဖက်မှာ ခပ်ပါးပါးသာကျန်တော့တာ ကျွန်တော်တွေ့နေရတယ်။ ဒါနောက်ဆုံးစာမျက်နှာလား။ နောက်တစ်ရွက်မှာလား။ တဒင်္ဂ အချိန်လေးမှာ တဖြတ်ဖြတ်လန်နေတဲ့ စာရွက်တွေကို စိုက်ကြည့်နေရင်း ကျွန်တော်ရင်ထဲမှာ ဒိန်းကနဲ ကြောက်စိတ်တွေဝင်လာတယ်။ ကျွန်တော့် ဦးခေါင်းထဲကို တစ်ခုခု ဝင်ဆောင့်မိသလိုပဲ။ ကျွန်တော် ဖတ်ကနဲ စာအုပ်ကို လက်ဖဝါးနဲ့ လှန်းဖိလိုက်တယ်။ ကျွန်တော့်လက်ဖဝါးအောက်မှာ ကတ်ထူဖုံးမာမာတစ်ဝက် ရိုးရိုးစာရွက်တဝက်ကို ခံစားမိလိုက်တယ်။ ဒါ…. နောက်ဆုံးစာမျက်နှာ။

လက်ဖဝါးအောက်မှာ အေးစက်စက် ယားကျိကျိနဲ့လို့ ကျွန်တော် ခံစားမိလာတယ်။ နောက်ဆုံးစာမျက်နှာကို ကျွန်တော်ကြည့်မိသွားပြီလား။ ဒါမှမဟုတ် အခုလက်ဖဝါးအောက်မှာလား။ လက်ကိုဖယ်ပြီးကြည့်လိုက်ရင် ကောင်းမလား။ ကြည့်ပြီးတာနဲ့ ကျွန်တော့်ဘေးမှာ ဝိုင်းရံနေတဲ့ သရဲတွေကို ကျွန်တော် တွေ့ရတော့မှာလား။ သူတို့က ကျွန်တော့်ကို တစ်ခါတည်း ခေါ်သွားကြတော့မှာလား။ ဒါတွေဟာ တကယ်ရော အဓိပ္ပါယ်ရှိရဲ့လား။ ရှေ့က ပြူတင်းပေါက် အပြင်ဖက်မှာ လူပ်ရမ်းနေတဲ့သစ်ကိုင်းတွေက သရဲတစ်ကောင်က လက်ရပ်ခေါ်နေသလိုပဲ။ ကျွန်တော် သက်ပြင်းတစ်ချက်ရှိုက်ရင်း လက်ကို ဖယ်ပြီးငုံ့ကြည့်လိုက်တယ်။ ကျွန်တော်တွေ့လိုက်ရတာ ကတော့။ ဝါကျင့်ကျင့် စာရွက်လွတ် တစ်ရွက်ပါပဲ။ ဟူး….. ကျွန်တော် ကို့ကိုယ်ကို ရီချင်သွားတယ်။

ဒါဟာ ရေခံစာရွက်တစ်ရွက် ဖြစ်မှာပါ။ ဒါဆို နောက်ဆုံး စာမျက်နှာကို လှန်ပြီးသွားပြီပေါ့။ ကျွန်တော်ကြည့်မိသွားသလားဆိုတာ မမှတ်မိသလိုပဲ။ နောက်ပိုင်းမှာ ဝါကျင့်ကျင့်စာရွက်လွတ်တွေပဲ တွေ့လိုက်တာပါ။ ဒါပေမယ့် စာသားတစ်ချို့တော့တွေ့လိုက်သလိုပဲ။ ကျွန်တော်ဖတ်မိလိုက်သေးလား မသိတော့။ အိပ်ချင်မူးတူးနှင့် ကျွန်တော့်မှတ်ဉာဏ်တွေေ၀ဝါးနေပြီ။ ကျွန်တော် ရှေ့ကစာအုပ်ကို ပြန်ပိတ်လိုက်တယ်။ ကြိုးကိုသေချာစည်းပြီး ကျောင်းလွယ်အိပ်ထဲကို ထိုးထည့်လိုက်တယ်။ ပြူတင်းပေါက် တံခါးကိုလည်း သေချာပိတ်ပြီး အိပ်ယာထဲထိုးဝင်လိုက်တယ်။ ဘာမှမသိလိုက်ခင် ကျွန်တော် ပြန်အိပ်ပျော်သွားပါတော့တယ်။

နာရီအလမ်း မြည်သံနဲ့အတူ ကျွန်တော်တစ်ရေးပြန်နိုးတော့ မိုးလင်းနေပါပြီ။ မနေ့ညက ခန္ဓာကိုယ် အရမ်းပင်ပန်းနေတော့ စိတ်က ဘယ်လိုမှ မလန်းဆန်းနိုင်ခဲ့တာပါ။ လုပ်နေကြအတိုင်း ကျောင်းသွားဖို့ အချိန်ကိုက် အမြန်ပြင်ဆင်ပြီး ကျောင်းကိုထွက်လာခဲ့ပါတယ်။ ကျောင်းရောက်မှ ဟိုကောင် လင်းအောင်ကို အပြစ်ပေးတဲ့အနေနဲ့ သူ့စိတ်ကို ဒုက္ခပြန်ပေးရမယ်။

“ဟေ့ရောင် ထွန်းဇော် မနေ့က လေ့လာရေးခရီးစဉ် တော်တော်ပျော်ခဲ့ရဲ့လား ဟားဟား”

          ကျွန်တော်ပြစ်ပြစ်နှစ်နှစ် တစ်ချက်ဆဲလိုက်တယ်။ သကောင့်သားက ကျွန်တော့်အဆဲကို ပြုံးဖြီးဖြီးနဲ့ ကျေနပ်စွာခံယူပါတယ်။ ခင်မင်မူခိုင်မြဲရေးတစ်ခါတစ်လေ အဆဲလေးနဲ့ပံ့ပိုးရတယ်လေ။ နေမကောင်းလို့သတင်းလာမေးရင်တောင် “သူငယ်ချင်းသက်သာလား၊ ဂရုစိုက်နော်၊ ဘာစားမလဲ” စသည်ဖြင့်မေးတဲ့သူတွေထက် “ဟေ့ရောင် မသေသေးဘူးလား၊ စိတ်ချသွားပါကွာ မင်းညီမလေး ငါစောင့်ရှောက်လိုက်ပါ့မယ်၊ အေး မင်းကသူ့ညီမယူ ငါက MP4 လေးပဲယူမယ်၊ အဲဒါက လက်မများဘူး ” စသည်ဖြင့် မေးတဲ့သူတွေက ပိုခင်ကြတာပါ။

“မနေ့က မင်းဘယ်သွားလို့ ငါနဲ့အတူမပြန်တာလဲ”
“ငါတို့ အဖေဝယ်ထားတဲ့ တိုက်ခန်းတစ်ခန်းသွားကြည့်တာပါကွာ”
“အော်…. အေး မင်း သိပ်စိတ်ဝင်စားမဲ့ကိစ္စတစ်ခု ရှိတယ်ကွ၊ ဒါပေမယ့် အခုမပြောပြဘူး၊ ကျောင်းဆင်းမှ ပဲပလာတာသွားစားမယ် မင်းရှင်းပြီးမှပြောမယ်”
“ဟား ဟား ဒါမျိုးတွေ ရိုးပြီကွာ၊ ကလေးအထာတွေ”

ဒါပေမယ့် တစ်နေ့လုံးဒီကောင်မနေနိုင်ပဲ ကျွန်တော့်ကို လိုက်မေးနေပါတယ်။ ကျွန်တော်လည်း တစ်နေ့လုံး ကျေနပ်စွာနဲ့ ညှင်းထားလိုက်တယ်။

“ကဲ မသာ… မြိုလို့ဝရင်လဲပြောတော့”
“ဒီလိုကွ”

ကျွန်တော့် မနေ့ကအတွေ့အကြုံကို ဇတ်ကြောင်းလှန်အပြီးမှာတော့။

“အိုကေ၊ လာ ခုငါ့အိမ်အရင်သွားကြမယ်၊ မင်းအိမ်မှာ စာလိုက်ကျက်မယ်ဆိုတာပြောပြီး အဝတ်အစားတွေသွားယူမယ်ကွာ၊ ပြီးမှ အတူမင်းအိမ်သွားကြတာပေါ့”
“ဟင် ဟေ့ရောင် မနက်ဖြန်ကျူတိုရီရယ် ရှိတယ်လေကွာ”
“အေးဆေးပါကွာ မင်းကလည်း စာလည်းကျက်မှာပေါ့၊ စကားမများနဲ့ မြန်မြန်သောက်၊ ပြီးရင်သွားမယ်”

အဲလိုနဲ့ ညစာစားပြီးတော့ ကျွန်တော့်အခန်းကိုတက်လာခဲ့ကြပါတယ်။ လင်းအောင် အမှာစာကိုဖတ်နေတုန်း ကျွန်တော် စာရွက်ကြီးကြီး တစ်ရွက် နဲ့ ခဲတံရယ် အကြွေစေ့တစ်စေ့ရယ် ပါရှာထားလိုက်တယ်။ ပြီးတော့ ကျွန်တော် သင်္ကေတ ဆိုတဲ့ စာမျက်နှာက စက်ဝိုင်းပုံကို စာရွက်ထဲမှာ ကူးဆွဲလိုက်တယ်။ လင်းအောင်က သင်္ကေတ စာမျက်နှာကိုကြည့်ရင်း

“ဟေ့ရောင် ဒီနည်းက ရှင်လင်းချက်လည်းသိပ်မပါဘူး၊ အိမ်ထဲမှာလုပ်ရင် အနီးဆုံးတံခါးကို ဖွင့်ထားရမယ် ဆိုတာရယ်၊ စိတ်ထဲက လိူက်လိူက်လှဲလှဲ ဖိတ်ခေါ်ဖို့ရယ်၊ အကြွေစေ့ကို မဖိဖို့မတွန်းဖို့၊ ပြီးတော့ တစ်ယောက်ကို လက်ညိုးတစ်ချောင်းနဲ့ ပဲထောက်ဖို့၊ တော်ပြီဆိုရင် ယဉ်ယဉ်ကျေးကျေးပြန်ခိုင်းဖို့ ရယ် အင်း ဒါပဲ”
“အေးလေ အဲဒါ ရှင်းလင်းချက်တွေပေါ့ဟ”
“ဒါက ဘာလဲကွ….. သင်သည်ဧည့်သည်ကို ရိုးသားစွာမေးခွန်းမေးနိုင်သည်၊ ဧည့်သည်က သင့်စိတ်ကို သိနိုင်၏၊ အဖြေ၏အကျိုးဆက်ကိုလည်း သင်ရင်ဆိုင်ရမည်….. ဆိုတာ”
“အော် မင်းကလည်း ပေါက်ကရမမေးနဲ့ လို့ဆိုလိုတာပေါ့ကွာ၊ ဟေ့ရောင် ခဏပဲနော် စာကျက်ရအုံးမှာ”
“အေးကွာ ဒီကျူတိုရီရယ်ကလဲ၊ မစစ်လဲရတာကို”
“မင်းပဲ စောစောက အေးဆေးဆို၊ လုပ် မြန်မြန် စမ်းပြီး စာကျက်ကြမယ်”

          ကျွန်တော် ပြူတင်းပေါက်တံခါးကို သွားဖွင့်လိုက်တယ်။ မီးရောင်ကိုလည်း ခပ်မှိန်မှိန် ထွန်းလိုက်တယ်။ ပြီးတော့စာရွက်ရဲ့အလယ်က သင်္ကေတပုံပေါ်မှာ အကြွေစေ့ကို တင်လိုက်ပြီး ကျွန်တော်နဲ့လင်းအောင် လက်ညှိးနဲ့ထောက်လိုက်ကြတယ်။

          ကျွန်တော်စိတ်ထဲကနေ ဘယ်နေရာကဘယ်သူမှန်းမသိတဲ့ဧည့်သည်ဆိုတာကို ဖိတ်ခေါ်နေတယ်။ လင်းအောင်ကလည်း နူတ်ခမ်းက ရွစိရွစိနဲ့ ဘာတွေ ရွတ်နေမှန်းမသိဘူး။ ငယ်ငယ်ကလိုတော့ မျက်နှာမပြောင်တော့ဘဲ အတည်လုပ်နေတာ။ ခဏနေတော့ အကြွေစေ့က ရွေ့ချင်သလိုပဲ
“ဟေ့ရောင်လင်းအောင် မတွန်းနဲ့လေကွာ”
“ဟီး မင်းဧည့်သည်က လာလဲမလာဘူးကွ”

          ကျွန်တော်တို့ ခဏဆက်ပြီး ငြိမ်ငြိမ်သက်သက် စိတ်ထဲကနေဖိတ်ခေါ်နေလိုက်တယ်။ ဘာမှမထူးခြားဘူး။ ကျွန်တော် နည်းနည်းပြင်းလာတယ်။ ဒီနည်းက ဟုတ်ရောဟုတ်ပါ့မလားကွာ။ စာရေးသူကတော့ အထိရောက်ဆုံးနည်းတွေထဲက တနည်းတဲ့။ အကြွေစေ့ကတော့ တုတ်တုတ်မှမလူတ်ပါဘူး။

“ဟေ့ရောင် ထွန်းဇော်၊ အပေါက်ဖွင့်ထားလို့လားမသိဘူး နဲနဲအေးလာတယ်နော်”
“အင်း”

          ကျွန်တော့် ရင်ခုန်သံတွေ ဒိတ်ကနဲမြန်လာတယ်။ ဟုတ်တယ် သူလာပြီ။ ကျွန်တော်စိတ်ထဲက အလိုလိုသိနေတယ်။ ခဏနေတော့ အကြွေစေ့ စတင်လူပ်လာတယ်။ တဖြည်းဖြည်းနဲ့စာလုံးတွေဆီကို တစ်ခုချင်းရွေ့သွားနေတယ်။ ကျွန်တော်တို့လက်ညိုးနဲထောက်ရင်း အလိုက်သင့် ရွေ့သွားလိုက်တယ်။

“ထွန်းဇော် မင်းလုပ်တာလား”
“မဟုတ်ဘူး”
“Hi တဲ့ကွ ဧည့်သည်က ဘိုလိုမူတ်တယ် ဟ”
“ABCD တွေရေးထားတာ ဘိုလိုမူတ်ရမှာပေါ့ဟ၊ မင်းဘာမေးမှာလဲ”
“ဟေ့ရောင် ထွန်းဇော် တကယ်ကြီးလားဟ၊ ငါလန့်တယ်နော်”
“ကဲ မင်းမမေးရင် ငါမေးမယ်၊ ဧည့်သည် သင် ဒီစာအုပ်ကိုရေးတဲ့သူကိုသိလား”
         
          အကြွေစေ့ဟာ SAMME ဆိုတဲ့ စာလုံးတွေပေါ်ကို တလှည့်စီဖြည်းဖြည်းချင်းရွေ့သွားတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အအေးဓာတ်ဟာလဲ တဖြည်းဖြည်းပိုတိုးလာပါတယ်။ ကျွန်တော် လင်းအောင်ကို မျက်ရိပ်ပြလိုက်တယ်။ ဒီကောင့်ကြည့်ရတာ ကြောက်နေသလိုပဲ။ ထူးထူးခြားခြား  ကျွန်တော်ကတော့ မလုပ်ခင်က စိတ်လူပ်ရှားမိပေမယ့် စလုပ်လိုက်တဲ့ အခါမှာ ကြောက်စိတ်ထက် စိတ်ဝင်စားတာက ပိုနေပါတယ်။ လင်းအောင်က အားတင်းပြီးမေးလိုက်တယ်။

“မနက်ဖြန် ကျူတိုရီရယ်ဖြေမှာလား”

          ကျွန်တော် ဒီကောင့်ကို မျက်စေ့ပြူးပြလိုက်တယ်။ ဘာတွေလျှောက်မေးနေတာလဲဟ။ ဆရာမက ဖြေမှာပါဆို။ အကြွေစေ့က မလူတ်တော့ဘဲ ငြိမ်နေတယ်။ ဒီကောင်တော့ ပေါက်ကရ မေးမိပြီထင်တယ်။ ခဏနေတော့ လူပ်လာပြီး။ NO လို့ ရေးထားတဲ့ အကွက်ပေါ်ကို ရွေ့သွားတယ်။ လင်းအောင်က အသံတုန်တုန်နဲ့ပြောတယ်။

“ဟေ့ရောင် ငါတော်ချင်ပြီကွာ”
“အေးလေ မင်းသဘောပဲ”

          ကျွန်တော်ပြောရင်း စိတ်ထဲကနေ ဧည့်သည်ကို ပြန်လို့ရပြီဖြစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောနေမိတယ်။ သူနားလည်မယ်လို့လဲ အလိုလိုထင်နေမိတယ်။ ခဏနေတော့ အကြွေစေ့က အလယ်က သင်္ကေတပုံပေါ်ကို ရွေ့သွားပြီးငြိမ်သွားပါတယ်။ ကျွန်တော်တို့ တော်တော်ကြာ စောင့်ကြည့်ပေမယ့် မလူတ်တော့ဘူး။

“ပြန်သွားပြီလားမသိဘူး”
“အေး ကြာသွားပြီ မလူတ်တော့ဘူး၊ လက်ဖယ်ကြရအောင်”

          ကျွန်တော်တို့လက်ညိုးကို ပြိုင်တူရုတ်လိုက်ကြတယ်။ အခုမှသတိထားမိတယ်၊ နှစ်ယောက်လုံး ရေချိုးထားသလို ချွေးတွေရွှဲနေတာပဲ။ အအေးဓာတ်လဲ ဘယ်အချိန်က ပျောက်သွားမှန်းတောင် မသိလိုက်ဘူး။ ကျွန်တော်တို့ နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်ပဲ စာရွက်နဲ့ အကြွေစေ့၊ စာအုပ်တို့ကို သိမ်းပြီး ကျောင်းစာအုပ်ကိုထုတ်ရင်း စာစပြီးကျက်ကြပါတယ်။ နှစ်ယောက်လုံး စာကျက်ရတာလဲ သိပ်စိတ်မပါကြတော့တာနဲ့ ခဏပဲကျက်ပြီးတော့ အိပ်လိုက်ကြပါတယ်။ မနက်လင်းတော့ ကျောင်းသွားဖို့ပြင်ဆင်ကြရင်း လင်းအောင်က
“ထွန်းဇော် စာအုပ်ကို ငါယူထားချင်တယ်ကွာ”
“အေးပါ အစထဲကမင်းပေးမလို့ပါပဲ၊ ဒါပေမယ့် မင်းစိတ်နိုင်ရဲ့လား၊ မနေ့ညက မင်းကြောက်နေသလိုပဲ”
”အောင်မာ မထင်မှတ်ထားလို့ ရုတ်တရက်ဆိုတော့ အံ့သြသွားတာပါကွာ၊ လင်းအောင်တို့က မကြောက်သေးဘူး”
“ဒါဆိုလဲပြီးတာပဲ၊ ဒါပေမယ့် မင်းကတိတခုပေးမှ စာအုပ်ကိုငါပေးမယ်”
“ဘာလဲ၊ မင်းညီမလေးကို….”
“ဟေ့ရောင် တော် ငါဆွဲထိုးလိုက်ဦးမယ်၊ ငါပြောတာက မင်းနောက်ဆုံးစာမျက်နှာကို လှန်မကြည့်ပါဘူး ဆိုတဲ့ကတိကိုပြောတာ”
“အောင်မယ် တွေ့လားမင်းကမှကြောက်တာ”
“ကြောက်လို့မဟုတ်ဘူး၊ ဒီစာအုပ်ရဲ့ထိရောက်ပုံကိုမင်းလဲသိပြီပဲ၊ ငါတို့က ခုမှအစပဲရှိသေးတာ၊ စာရေးသူပြောတဲ့စကားကိုနားထောင်တာ မမှားဘူးလို့ငါထင်တယ်၊ အဆုံးစွန် အခြေအနေဆိုတာ ငါနားမလည်ဘူး၊ ရင်လည်းမဆိုင်ချင်သေးဘူး၊ ဒါကြောင့်ပြောတာ”
“အေးပါကွာ ငါကတိပေးပါတယ်၊ လာ ကျောင်းနောက်ကျအုံးမယ်”

          နှစ်ယောက်သား ကျောင်းမှီအောင် အပြေးအလွှားသွားကြရပါတယ်။ ကျောင်းကို ရောက်ရောက်ချင်း ကြားလိုက်ရတဲ့သတင်းကတော့။ မနေ့ညက အတန်းပိုင်ဆရာမ ကားအက်ဆီဒန့် ဖြစ်လို့တဲ့။ ကျွန်တော်တို့အားလုံး မထင်မှတ်တဲ့သတင်းကြောင့် အံ့သြရင်း စိတ်မကောင်း ဖြစ်ကြရပါတယ်။ အတန်းခေါင်းဆောင်က ဆေးရုံကို သတင်းသွားမေးကြဖို့ ပြင်ဆင်နေပါတယ်။ လင်းအောင်ပါးစပ်က တိုးတိုးရေရွတ်လိုက်တာကို ကျွန်တော်ကြားလိုက်ရတယ်။

“ကျူတိုရီရယ် မဖြေရတော့ဘူး”

          ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။ လင်းအောင်ကပြောတယ်။

“ဒီနေ့ည ထပ်စမ်းမယ်”


ဆက်ပါမည်

_________
ကွန်းဇော်

Tuesday 20 March 2012

နောက်ဆုံးစာမျက်နှာ (၁)


ညနေခင်းရဲ့လေအေးအေးဟာ ကားပြုတင်းပေါက်ကနေ ကျွန်တော့်မျက်နှာကို ခပ်ကြမ်းကြမ်း တိုးနေပါတယ်။ ကျွန်တော်နိုးလာတော့ပတ်ဝန်းကျင်မှာမှောင်စပျိုးနေပါပြီ။ လမ်းဘေးဝဲယာက မြင်ကွင်းတွေ ဟာလည်း ကျွန်တော့် အတွက်စိမ်းနေပါတယ်။ မစီးဘူးတဲ့လိုင်းကားကိုစီးရင်း အိပ်ပျော်သွားတဲ့ ကို့ကိုယ်ကို ကျိန်ဆဲရင်း ကားမောင်းသမားဆီကို ထလာလိုက်တယ်။

“အကို ရုံးရှေ့မှတ်တိုင် ကျော်သွားပြီလား ”
“ရုံးရှေ့ ဘယ်ကရုံးရှေ့တုန်း တို့ကား ရုံးရှေ့ မရောက်ပါဘူး မင်းကားမှားစီးလာတယ်ထင်တယ်”

ကားနံပါတ် ကိုကြည့်လိုက်တော့လဲ ကျွန်တော့်သူငယ်ချင်း ပြောလိုက်တဲ့နံပါတ်ပါ။ ဒီကောင်တော့ အရောက်ပို့လိုက်ပြီထင်တယ်။

“ဟုတ်ရဲ့လားဗျ ကျွန်တော့်သူငယ်ချင်း သေချာပြောလိုက်တာ ဒီနံပါတ်ပါ”
“မင်းပြောတဲ့ရုံးရှေ့က ၃၀ စီးရင်တော့ရောက်တယ် ဒီနေရာနဲ့တခြားစီပဲ”
“အဲဒါမှဒုက္ခပဲ ရုံးရှေ့မှတ်တိုင်ကို ဘယ်လိုပြန်စီးရမလဲအကို”
“အေး ဒီကတော့ဒါရိုက်မရောက်ဘူးကွ ဟိုးရှေ့ကမှတ်တိုင်မှာ မြို့ထဲဘက်ပြန်သွားတဲ့ကားတွေရှိတယ် မြို့ထဲရောက်မှ ၃၀ ပြန်စီးတော့ ငါရှေ့နားမှာရပ်ပေးလိုက်မယ်”

ကျွန်တော်ဆင်းလိုက်တဲ့နေရာက မြို့ရဲ့ကျွန်တော်တခါမှမရောက်ဘူးတဲ့နေရာပါ။ မြို့စွန်ဟုတ်ပုံ မရပေမယ့် လမ်းပေါ်မှာ လူလဲသိပ်မရှိလှပါဘူး။ ၇နာရီ ဆိုတော့ နေရောင်ပျောက်လို့ လမ်းမီးတွေ လင်းစပြုပါပြီ။ လမ်းဘေးဝဲယာမှ ပုံစံအမျိုးမျိုးနဲ့တိုက်တွေဟာ မီးခြစ်ဘူးများစီပြီးထောင်ထားသလို နံရံခြင်းဆက်နေပါတယ်။

မရောက်ဘူးတဲ့ပတ်ဝန်းကျင်မို့ ဟိုဟိုဒီဒိအကဲခတ်ရင်း ကားမောင်းသမားပြတဲ့ မှတ်တိုင်ဘက်ကို လျှောက်လာခဲ့ပါတယ်။ မှတ်တိုင်ကလမ်းရဲ့တဘက်မှာပေမယ့် အနားရောက်မှကူးတော့မယ်လို့စိတ်ကူးရင်း ကျွန်တော်ဒီဘက်ပလက်ဖေါင်းအတိုင်းပဲ လျှောက်လာလိုက်တယ်။ တချို့သောတိုက်တွေရဲ့အောက်ထပ်က ဆိုင်ခန်းတွေကနေ ခပ်မှိန်မှိန်အလင်းရောင်ဟာ ပလက်ဖေါင်းပေါ်ကိုလျှံကြနေပါတယ်။ ဆိုင်းဘုတ်တစ်ခုက မီးလုံးလေးဟာ ဖြတ်ကနဲမှိတ်သွားပြီး ပြန်လင်းလာတာကိုကျွန်တော်တွေ့လိုက်ရတယ်။

“ယက္ခ”
“ရှေးဟောင်း စာပေ”


စာအုပ်ဟောင်းဆိုင်တစ်ဆိုင်ပါ။ စာအုပ်ဟောင်းကိုဒီလိုဆိုင်ခန်းနဲ့ ကျကျနန ရောင်းတာ ကျွန်တော် မတွေ့ဖူးဘူး။ ဘာပဲဖြစ်ဖြစ် စာအုပ်ဟောင်းဆိုင်တွေ့ရင် ဝင်မမွှေရရင်မနေနိုင်တဲ့ကျွန်တော် လက်ပတ်နာရီကို ငုံကြည့်ရင်း ခဏတော့ဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

မှန်တံခါးကိုတွန်းဖွင့်ပြီးအထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ကျွန်တော့်ခြေလှမ်းတွေ တုန့်ကနဲ ရပ်သွားတယ်။ ရှေ့မှာကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ ဘီလူးတစ်ကောင်။ ဘယ်လိုစိတ်ကူးနဲ့ ဆိုင်ရှင်က အပေါက်ဝတဲ့တဲ့ကိုမျက်နှာမူပြီး ချထားမှန်းမသိပေမယ့် အတော်လက်ရာမြောက်တဲ့ ပန်းပုရုပ်တုတစ်ခုပါ။ အရုပ်ကတစ်တောင်သာသာလောက်ရှိပြီး ခါးစောင်းလောက်မြင့်တဲ့ခုံပေါ်မှာတင်ထားတယ်။ သံလျှက်ကို မြောက်ထားတဲ့ပုံ ထုထားပြီး ဘာဆေးမှချယ်မထားဘဲ မူလသစ်သားရောင် အတိုင်း ခပ်ရင့်ရင့်ပါပဲ။ ထူးခြားတာက သူ့မျက်လုံးတွေက ကျွန်တော့်ကို ကြည့်နေသလိုပဲ။ ခင်ဗျားတို့လည်း ကြုံဖူးမှာပါ။ တချို့ဓာတ်ပုံတွေထဲက လူတွေရဲ့မျက်လုံးတွေဟာ ဘယ်နေရာကနေကြည့်ကြည့် ခင်ဗျားတို့ဘက်ကို လိုက်ကြည့်နေသလိုဖြစ်နေတာကို။ တကယ်တော့ဒါမထူးဆန်းပါဘူး။ ဓာတ်ပုံ အရိုက်ခံတဲ့သူက မှန်ဘီလူးကိုကြည့်ပြီးအရိုက်ခံလိုက်ရင် ဓာတ်ပုံထဲကပုံရိပ်မျက်လုံးဟာ ကြည့်သူဘက်ကို အမြဲလှည့်နေမှာပါ။ ပန်းပုရုပ်မျက်လုံးကို ဒီလိုဖြစ်အောင် ထုနိုင်တာကတော့ တော်တယ်ပြောရမယ်။ ဘီလူးရုပ်ဘေးက ဖြတ်ရင်းကျွန်တော် ဆိုင်ထဲကိုလျှောက်ဝင်လာလိုက်တယ်။ ကျွန်တော့်စိတ်ထဲမှာ ဘီလူးရဲ့မျက်လုံးတွေဟာ ကျွန်တော့်နောက်ကိုလိုက်ကြည့်နေသလိုခံစားရပေမယ့် အဲဒီအာရုံကို  မေ့ထားလိုက်တယ်။ အသက်မရှိတဲ့အရုပ်တစ်ရုပ်ဟာ ဘယ်လိုလုပ် ကျွန်တော့်ကိုလိုက်ကြည့်နေနိုင်မှာလဲ။

ဆိုင်လေးကသိပ်မကြီးပေမယ့် ခင်းကျင်းထားတဲ့ စာအုပ်တွေကတော့ မနဲပါဘူး။ နံရံကပ်စင်တွေမှာ စာအုပ်တွေကို စီထည့်ထားပြီး အလယ်မှာလည်း စာအုပ်တွေ အပြည့်နဲ့စင်နှစ်ခုကို တွေ့ရတယ်။ ဆိုင်ထဲမှာ လူအရိပ်အရောင်တော့ မတွေ့ရဘူး။ ကျွန်တော်နဲ့အနီးဆုံး နံရံပေါ်ကစာအုပ်စင်ရဲ့ ပထမအကန့်မှာ သမိုင်းလို့ရေးထားပြီး ဒုတိယအကန့်မှာတော့ နိုင်ငံရေးသိပ္ပံ လို့ရေးထားတယ်။ စာအုပ် အမျိုးအစားအလိုက် အကန့်တွေခွဲ ထည့်ထားတာပါ။ စာအုပ်အနှောင့်မှာရေးထားတဲ့ နံမည်တွေကိုဖတ်ရင်း ဆိုင်အတွင်းဘက်ကို ကျွန်တော် ဖြည်းဖြည်းခြင်း လျှောက်လာလိုက်တယ်။ အထ္တုပ္ပတ္တိ စာအုပ်တွေကိုရပ်ကြည့်နေတုန်း နောက်က ဒေါက်ကနဲ ကြမ်းပေါ်ကိုတခုခုပြုတ်ကျသံကြားလိုက်တယ်။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ကြမ်းပေါ်မှာ စာအုပ်တစ်အုပ် ကျနေပြီး အနားမှာလည်းဘယ်သူမှ ရှိမနေဘူး။ ဒီစာအုပ်ကအလိုလိုနေရင်း ဘယ့်နဲ့ ပြုတ်ကျလာရတာလဲ။ ဘီလူးရုပ်ကလဲ သူနဲ့မဆိုင်သလို ကျွန်တော့်ကို ကြောပေးထားလျှက်ပါဘဲ။

ကျွန်တော် ကြောထဲမှာ တချက်စိမ့်ကနဲဖြစ်သွားပေမယ့် ပြုံးပြီးစာအုပ်ကို ကောက်ယူ လိုက်တယ်။ ဟုတ်တယ်လေ မီးတွေလင်းနေတဲ့ လမ်းဘေးကဆိုင်လေးတစ်ဆိုင်ထဲမှာ ဘယ်သရဲက ကျွန်တော့်ကို လာခြောက်မှာလဲ။ အရင်ကြည့်တဲ့ လူကသေသေချာချာပြန် ထားမသွားလို့ ဖြည်းဖြည်းခြင်းလျှောပြီး ပြုတ်ကျလာတာ နေမှာပေါ့။ တွေးရင်း စာအုပ်မျက်နှာဖုံးကို အကြည့်မှာတော့ ကျွန်တော့်အတွေးနဲ့အပြုံးဟာ လမ်းတဝက်မှာပဲ ရပ်တန့်သွားတယ်။

 စာအုပ်ရဲ့အပြင်အဆင်က ပုံမှန်မဟုတ်ဘဲ ထူးခြားနေပါတယ်။ စာအုပ်နောက်ကြောဖုံးကနေ ဟိုဘက်ဒီဘက်ကို ကြိုးနှစ်စထွက်နေပြီး ရှေ့ဖုံးပေါ်မှာသိုင်းချီထားတယ်။ မျက်နှာဖုံးမှာရေးထားတာကတော့

“သရဲခေါ်နည်းများ”
“Portals to the other world”  ကိုပြန်ဆိုသည်။

အဖုံးတွေကသားရေ တမျိုးနဲ့လုပ်ထားပုံရပြီး စာအုပ်ကတော့ခပ်ပါးပါးပါပဲ။ ကျွန်တော်စာအုပ်ကို ကိုင်ထားရင်း ဖွင့်ကြည့်ရင်ကောင်းမလား ရှေ့ကစင်ပေါ်ပဲ တင်ထားလိုက်ရင်ကောင်းမလား တွေဝေနေမိတယ်။ ထူးဆန်းတာက အခုချိန်ထိ ဆိုင်ရှင်အရိပ်အရောင်တောင်မတွေ့မိသေးတာပဲ။ ဆိုင်နောက်ပိုင်းမှာ တစွန်းတစ မြင်နေရတဲ့ ကောင်တာဘက်ကို ကိုယ်ကိုကိုင်းပြီး ကြည့်လိုက်တယ်။ ဘယ်သူမှ မရှိဘူး။ အပြင်သွား နေတာလား။ ဟိုဘက်စင်အနောက်မှာပဲ စာအုပ်တွေစီနေတာလား။ ဒါဆိုဘာလို့ ဘာသံမှ မကြားရတာလဲ။ တဆိုင်လုံးမှာ ဘီလူးတစ်ကောင်နဲ့ ကျွန်တော်တစ်ယောက်ထဲလား။

          လမ်းဘေးက စာအုပ်ဆိုင်လေးတစ်ဆိုင်က ဘာလို့ ကျွန်တော့်ကိုသည်းထိတ်ရင်ဖို ရသတွေ ပေးနေရတာလဲ။ ဟိုဘီလူးရုပ်ကြောင့်ပဲနေမှာ။ ကမ္ဘာပေါ်မှာ စာအုပ်တစ်အုပ်ကို ဖွင့်ကြည့်တာလောက်လွယ်တဲ့ အလုပ် မရှိပါဘူး။ သရဲခေါ်နည်း စာအုပ်ကိုဖွင့်တာ သရဲကိုခေါ်တာမှမဟုတ်တာ ဟား ဟား။ ကျွန်တော် တွေးရင်း စာအုပ်အဖုံးက ကြိုးကိုဆွဲဖြည်လိုက်တယ်။

“မင်းတကယ်ဖတ်ချင်လို့လား ကောင်လေး”

          ရုတ်တရက်ကျွန်တော့်နောက်က စကားသံ ကြားလိုက်ရတယ်။ ကျွန်တော် နောက်ကို ဆတ်ကနဲ လှည့်ကြည့်လိုက်တော့ အသားညိုညိုအရပ်ပုပြတ်ပြတ်နဲ့ လူကြီးတစ်ယောက် ကျွန်တော့်ကို မော့ကြည့်နေတယ်။ ဆိုင်ထဲရောက်ကတဲက ဘာသံမှမကြားရ အရိပ်အရောင်လည်းမတွေ့ရဘဲ ဒီစာအုပ်ကိုဖွင့်မယ်လုပ်မှ ဒီလူပုကြီးဘယ်က ပေါ်လာပါလိမ့်။

“လန့်လိုက်တာဗျာ၊ ဦးလေးက ဆိုင်ရှင်လား”
“အင်း ဆိုပါတော့”
“ဘယ်ကထွက်လာတာလဲ စောစောကမတွေ့ပါဘူး၊ ဆိုင်ရှင်မရှိဘူးထင်လို့ ကျွန်တော်တောင် ပြန်တော့မလို့”
“ငါဟိုဘက်မှာရှိပါတယ်၊ ဘာလဲမင်းက အဲဒီစာအုပ်ကိုဝယ်မလို့လား”
“ကြည့်မလို့ပါ ကြိုက်ရင်ဝယ်မှာပေါ့၊ နဲနဲလောက် ကြည့်လို့မရဘူးလား”
“တခြားစာအုပ်တွေကတော့ မင်းစိတ်ကြိုက်ကြည့်ရပါတယ်ကွာ၊ ဒီစာအုပ်ကိုတော့ မင်းတကယ် စိတ်ဝင်စားတာမဟုတ်ရင် ဖွင့်မနေပါနဲ့”
“ဘာလို့တုန်းဗျ၊ ဦးလေးပြောမှပို ကြည့်ချင်လာပြီ ဟဲဟဲ ”
“မဟုတ်ပါဘူးကွာ၊ ငါဒီစာအုပ်ကို ရောင်းသင့်တဲ့လူကိုမှရောင်းမယ်လို့ဆုံးဖြတ်ထားလို့၊ ကဲ မင်းမဖွင့်ခင် အရင်ကြည့်လိုက်ပါအုံး ဒီစာအုပ်မှာ ဘာထူးခြားတာတွေ့လဲ”
“ကြိုးနဲ့ချည်ထားတာကိုပြောတာလား”
“အေး အဲဒါလဲပါတယ်၊ နောက်ပြီး အဖုံးကစာအုပ်နံမည်ကို သေချာကြည့် လက်ရေးနဲ့ရေးထားတာတွေ့လား”
“အင်း ဟုတ်တယ်နော်”
“အေး အဲဒီစာအုပ်က ပုံနိုပ်ထုတ်ဝေတဲ့စာအုပ်မဟုတ်ဘူး၊ လက်ရေးနဲ့ရေးထားတာ ရှားပါးစာအုပ်ပေါ့ကွာ၊”
“ဟင်ဦးလေးကလဲ ဘယ်သူကဘာတွေရေးထားမှန်းမသိတဲ့စာအုပ်ကို ဖွင့်မကြည့်ရပဲ ဘယ်သူက ဝယ်မှာလဲ”
“အင်း မင်းမေးလဲမေးစရာပဲကွ ”

ပြောပြောဆိုဆိုနဲ့ ဆိုင်ရှင် လူပုကြီးဟာ အနောက်က သစ်သားခုံမြင့် တစ်ခုပေါ်တက်ထိုင်လိုက်တယ်။ ကြည့်ရတာ ကျွန်တော့်ကိုမော့ကြည့်ပြီး စကားမပြောချင်လို့ထင်တယ်။ အဲဒီအချိန်မှာ ထူးထူးဆန်းဆန်း အတွေးတစ်ခု ကျွန်တော့် ခေါင်းထဲမှာပေါ်လာတယ်။ ဒီလူကြီးသာ အဲဒီခုံပေါ်တက်ရပ်ပြီး သန်လျှက် တစ်ခုလောက် မြှောက်ကိုင်လိုက်ရင် ဟိုဘီလူးရုပ်အတိုင်းနေမှာဘဲ။ လူပုကြီးက ကျွန်တော့်အတွေးကို သိနေတဲ့အတိုင်း ကျွန်တော့်မျက်လုံးကို စိုက်ကြည့်လိုက်ပြီး။

“မင်းငယ်ငယ်တုန်းက သူရဲခေါ်တန်းတို့ဘာတို့ ကစားဖူးသလား”
“ဟုတ် ကစားဖူးတာပေါ့ အုန်းမှုတ်ခွက်အောက်မှာ အမဲသားတုံးကိုထည့် အပေါ်ကဖရောင်းတိုင်ထွန်း ပြီးခေါ်တာတို့ စာရွက်ပေါ်မှာ ABCD တွေရေးပြီး အကြွေစေ့တစ်စေ့တင် လက်တွေနဲ့ဝိုင်းထောက်တာတို့”
“အဲဒီတော့ လာလား”
“မသိဘူးလေ ကျွန်တော်တော့မလာဘူးထင်တာပဲ ဘာမှလဲသိပ်မထူးခြားပါဘူး”
“အေးကွ ကောင်လေးရ မင်းပြောတဲ့နည်းတွေက လူတော်တော်များများသိကြပြီး ကလေးတွေ ကစားတဲ့နည်းတောင် ဖြစ်နေပြီ၊ မင်းပြောသလိုဘာမှမထူးခြားတာများတယ်၊ ဘာပဲပြောပြော ဒီကိစ္စကိုတော့မင်းစိတ်ဝင်စားသားပဲ”

လူပုကြီးက ကျွန်တော့်လက်ထဲက စာအုပ်ကိုကြည့်နေရင်း မေးလိုက်ပြန်တယ်။

“အဲဒီတော့ သရဲဆိုတာဘာလို့မင်းထင်လဲ”
“လူသေပြီးသရဲဖြစ်ရင်ဖြစ် မဖြစ်ရင်လဲ တစ်ခြားဘဝတစ်ခုခုကို ရောက်သွားတယ်မှလား”
“အေးမင်းပြောတာ မှန်သင့်သလောက်မှန်ပါတယ်၊ ဒါ့အပြင် နဂိုထဲက သရဲဖြစ်နေတဲ့သရဲတွေလဲရှိသေးတယ်ကွ အနောက်တိုင်းက ခေတ်မှီတဲ့ကောင်တွေကတော့ ငါတို့မမြင်ရတဲ့ ဒိုင်မင်းရှင်း တစ်ခုကသတ္တဝါတွေလို့ ဆိုတာပေါ့ကွာ ဘာပဲပြောပြော ငါတို့အလွယ်တကူမမြင်တွေနိုင်တဲ့ အဲဒီသရဲဆိုတဲ့သတ္တဝါကို လူတော်တော်များများက လက်ခံထားကြတယ် ဆက်သွယ်ဖို့လဲကြိုးစားခဲ့ကြတယ်၊ သရဲခေါ်နည်းဆိုတာ တကယ်တော့ ငါတို့ကမ္ဘာနဲ့ အဲဒီကောင်တွေရဲ့ကမ္ဘာကြားက တံခါးကိုဖွင့်တဲ့နည်းပဲ”
“ဒါဆိုဒီစာအုပ်က အဲဒီနည်းတွေကိုရေးထားတာပေါ့”
“ဒီလိုကွကောင်လေးရ ငါလည်းဒီစာအုပ်ကို အစအဆုံးဖတ်မကြည့်ရသေးပါဘူး ခုဏက ငါပြောတာက ငါ့အယူအဆတွေပါ ဒါပေမယ့် အဲဒီစာအုပ်က ပထမဆုံးနည်းမှာတင် ငါလက်ခံနိုင်လောက်တဲ့အနေအထား တွေ့ရတယ်၊ မင်းငယ်ငယ်ကဆော့ဖူးတဲ့ စာရွက်ပေါ်မှာ ABCD ရေးအကြွေစေ့တင်ပြီး လက်နဲ့ဝိုင်းထောက် တဲ့နည်းက ဘာလို့ဘာမှမထူးခြားလဲသိလား”
“ဟင့်အင်း ဘာလို့လဲ”
“အေး ဒီမှာလည်းအဲဒီနည်းကို ရေးထားတယ် မင်းတို့လုပ်တုန်းက အဲဒီစာရွက်မှာ သင်္ကေတတစ်ခု ရေးရသေးလား”
“ဟင့်အင်း မရေးဘူး ABCD ပဲရေးတာ”
“အဲဒါပဲ မင်းတို့လုပ်လို့မထူးခြားဘူးဆိုတာ မပြည့်စုံလို့ကွ၊ မင်းတို့မှမဟုတ်ပါဘူး လူတော်တော်များများ ကြိုစားကြတာပဲ မရတာများတယ်၊ တကယ်တော့သူတို့ကမ္ဘာနဲ့ ငါတို့ကမ္ဘာကြားက တံခါးကိုဖွင့်ဖို့ အဓိကကြတဲ့ Key လိုတယ်၊ အဲဒီ Key ဟာ အမျိုးမျိုးဖြစ်နိုင်တယ်၊ သင်္ကေတ တစ်ခု၊ အသံထွက်တခု ဒါမှမဟုတ် ပစ္စည်းတစ်ခု ကို သူ့နေရာနဲ့သူ သုံးရတယ်”
“စိတ်ဝင်စားစရာပဲ ဦးလေးစမ်းကြည့်သေးလား ”

ဆိုင်ရှင် ကြီးက သူ့သွားတွေဖွေးကနဲပေါ်အောင် ကျွန်တော့်ကို ပြုံးပြလိုက်တယ်။

“မင်းဘယ်လိုအဖြေမျိုးလိုချင်လဲကောင်လေး ငါစမ်းကြည့်ပြီး သရဲကြီးနဲ့ စကားစမြည်ပြောခဲ့ရတယ် ဆိုတာလား ငါမအားတာနဲ့ မလုပ်ဖြစ်ပါဘူးကွာ ဆိုတာလား၊ တကယ်တော့ ကိုနဲ့မဆိုင်တဲ့လောကကို သွားမစပ်စုတာ ကောင်းတယ်၊ အထူးသဖြင့် ဒီလိုဇာတ်မျိုးကို နိုင်မယ်ထင်မှကပါ၊ အကောင်းဆုံးကတော့ ဒီစာအုပ်ကို ကြိုးလေးပြန်ချည်ပြီး မင်းရှေ့က “စာမမြည်းရ ဆိုင်ရှင်ကိုမေးပါ” ဆိုတဲ့အကန့်မှာထိုးထည့်လိုက်ပါကွာ ဟားဟားဟား”
“အဲဒါကြောင့်ပြောတာပေါ့ ဦးလေးက ဈေးရောင်းကျွမ်းတယ်ဆိုတာ၊ ဘယ်လောက်နဲ့ရောင်းမှာလည်း ကျွန်တော်နဲနဲဖွင့်ကြည့်မယ်ဗျာ၊ ကြိုက်ရင်ဝယ်မယ်၊ ဈေးလည်းမကြီးရင်ပေါ့”
“ဈေးမကြီးပါဘူး မင်းလိုချင် ၁၀၀၀ နဲ့ပေးလိုက်မယ်၊ ဒါပေမယ့် ဈေးကအဓိကမဟုတ်ပါဘူး၊ မင်းဒီကိစ္စကို တကယ်စိတ်ဝင်စားမှဝယ်ပါ၊”
“၁၀၀၀ ဈေးကြီးတာပေါ့ဦးလေးရ၊ ကျွန်တော် နဲနဲဖွင်ကြည့်လို့ရမလား”
“မင်းသိပ်ဖွင့်ချင်ရင်လဲဖွင့်ကြည့်ပေါ့ကွာ”
         
တကယ်တော့ ဘာရယ်မဟုတ် ဆိုင်ရှင်အပြောကောင်းလို့သာ ဖွင့်ကြည့်ရချင်းပါ။ ကျွန်တော့်ဟာ ကျွန်တော်ဆို လက်ရေးနဲ့ရေးထားမှန်းစောစောကသိရင် ပြန်ထားလိုက်ပြီ။ ဘယ်သူက ဘာတွေရေးထားမှန်း မသိတဲ့ စာအုပ်တစ်အုပ်ကို ၁၀၀၀ ပေးဝယ်လာရင် ကျွန်တော့်သူငယ်ချင်းတွေသိရင် သေချာပေါက် ဝိုင်းဟားကြမှာပေါ့။

          ကျွန်တော် ကြိုးစကို ဖယ်လိုက်ပြီး ရှေ့ဆုံးစာမျက်နှာကိုလှန်ဖွင့်လိုက်တယ်။ စာရွက်ကခပ်ထူထူရှိပြီး ဝါကျင့်ကျင့်အရောင်ပေါက်ကာ ဟောင်းနွမ်းစပြုနေပါပြီ။ ရှေ့ဆုံးစာမျက်နှာက အမှာစာသဘောမျိုး ရေးထားတာပါ။ နောက်တရွက်ကိုလှန်လိုက်တော့။ အပေါ်ဆုံးမှာ စာလုံးကြီးကြီးနဲ့ “သင်္ကေတ” လို့ခေါင်းစဉ်တပ်ထားတယ်။ အောက်မှာ အဝန်းနှစ်ထပ်နဲ့ စက်ဝိုင်းပုံကြီးတခုဆွဲထားပြီး စက်ဝန်းတလျှောက်မှာ A ကနေ Z ထိ ၂၆ လုံးနဲ့ YES နဲ့ NO နှစ်လုံး စုစုပေါင်း ၂၈ လုံးကို အကန့်ညီညီကန့်ပြီး ဖြည့်သွင်းထားတယ်။ အလယ်မှာတော့ သင်္ကေတ ပုံစံတခုဆွဲထားတယ်။ ဆိုင်ရှင်လူပုကြီးပြောသလိုပဲ ကွန်တော်တို့ငယ်ငယ်က ကစားတုန်းက အဲလိုသင်္ကေတမျိုးမပါဘူး။ နောက်တစ်ရွက်ကိုလှန်မယ်အလုပ်မှာ

“ဒီမှာကောင်လေး ဒီလောက်ဆို မင်း ဆုံးဖြတ်နိုင်ပါဘီ၊ မင်းဒီကိစ္စကိုစိတ်ဝင်စားရင် ယူပါ၊ မဝင်စားရင် ပြန်ထားလိုက်ပါတော့”
“အိုကေလေ၊ ကျွန်တော်ယူမယ်၊”

လူပုကြီးက ကျွန်တော့်မျက်လုံးကို စိုက်ကြည့်လိုက်ပြီး။

“ကောင်းပြီ မင်းကို တစ်ခုတော့ လေးလေးနက်နက်မှာချင်တယ်၊ ဒီစာအုပ်မှာ ပြထားတဲ့နည်းတွေကို မင်းစမ်းသပ်နိုင်ပါတယ်၊ တစ်ခုပဲ၊ နောက်ဆုံးစာမျက်နှာကိုတော့ လှန်မကြည့်မိအောင် ကြိုစားပါ၊ မဟုတ်ရင် မင်းနောင်တရ လိမ့်မယ်၊”

          ကျွန်တော် ပိုက်ဆံအိပ်ထဲက ၁၀၀၀ ထုတ်ပေးလိုက်တယ်။ စာအုပ်ကိုကြိုးပြန်ချည်ပြီး လွယ်အိပ်ထဲ ထိုးထည့်လိုက်တယ်။ နောက် လူပုကြီးကို နှုတ်ဆက်ပြီး ဆိုင်ထဲက ပြန်ထွက်လာလိုက်တယ်။ ကျွန်တော့် အမြင်အာရုံရဲ့ထောင့်မှာတော့ ဘီလူးရုပ်က ပြုံးပြနေသယောင်။ လက်ပတ်နာရီကိုကြည့်လိုက်တော့ ၈နာရီထိုးတော့မယ်။ လိုင်းကားစောင့်စီးနေလို့ မဖြစ်တော့။ လမ်းပေါ်မှာ တွေ့တဲ့တက္ကစီ တစ်စင်းကို တားပြီးတက်ထိုင်လိုက်တယ်။

          အိမ်လိပ်စာကိုပြောပြီး ထိုင်ခုံနောက်မှီမှာ ခပ်လျှောလျှော ထိုင်ရင်း မှိန်းလိုက်လာပါတယ်။ လမ်းမီးတိုင်များရဲ့အလင်းရောင်ဟာ ကားထဲမှာ ရိပ်ကနဲရိပ်ကနဲ။ ကားစက်သံမှတပါး တိတ်တိတ်ဆိတ်ဆိတ်။ ကျွန်တော့် စိတ်ထဲမှာ လင်းအောင်ကို ကျိန်ဆဲနေမိတယ်။ ခွေးကောင် ဒင်းပို့လို့ စာအုပ်ဖိုး ၁၀၀၀ အပြင် တက္ကစီဖိုးပါထွက်တော့မယ်။

(ဆက်ပါမည်)
_______
ကွန်းဇော်

Sunday 18 March 2012

ဖတ်ဖူး ကြားဖူး ဟာသများ (၂)


၁)       အိုင်ယာလန်နိုင်ငံ ဘီးလ်ဖတ်စ် မြို့မှာ ညမထွက်ရအမိန့် ထုတ်ခဲ့ချိန်က ည ၁၀ နာရီကျော်လို့ အပြင်မှာတွေ့ရင် တွေ့ရာနေရာမှာ ပစ်သတ်ပိုင်ခွင့် ရှိခဲ့သတဲ့။ တခါတော့ မြို့သားတစ်ဦးဟာ ၉နာရီ၄၅မိနစ်မှာပဲ လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။ သတ်လိုက်တဲ့စစ်သားကို ဘာလို့ ၁၀နာရီမထိုးခင် ပစ်ရသလဲလို့ စစ်ဆေးတဲ့အခါမှာတော့ အခုလိုပြန်ပြောပါသတဲ့။ “သူနေတဲ့အိမ် ကျွန်တော်သိတာပေါ့ ၁၀နာရီမထိုးခင် ဘယ်နည်းနဲ့မှ ပြန်မရောက်နိုင်ပါဘူး”

၂)       တစ်ခါက လူဆိုးကြီးတစ်ဦး ကိုသေဒဏ်ချအပြီးမှာ ငရဲကို ရောက်သွားပါသတဲ့။ ငရဲမှူးကြီးက လူဆိုးကြီးကို ပြောသတဲ့။ “ငါတို့ငရဲမှာ အခု ငရဲသားအခွင့်အရေးတောင်းဆိုသူတွေကြောင့် ကိုယ်ခံမယ့်ငရဲကို ကိုယ်တိုင်ရွေးခွင့်ပေးထားတယ်။ ကဲ လိုက်ကြည့်ရအောင်”
ပထမငရဲခန်းမှာတော့ ငရဲသားတွေဟာ သစ်သားကြမ်းပြင်ပေါ်မှာ အုန်းပင်စိုက်နေကြရသတဲ့။ (အုန်းပင်စိုက် = ကြမ်းပေါ်မှာ ဦးခေါင်းထောက်၍ ဇောက်ထိုးနေရခြင်း)
လူဆိုးကြီး။       အိုးဒါတော်တော်နာမှာပဲ။ ကျွန်တော်မကြိုက်ဘူး နောက်တစ်ခန်းကြည့်မယ်။
ဒုတိယငရဲခန်းမှာလဲ ငရဲသားတွေဟာ အုန်းပင်စိုက်နေရသတဲ့။ ဒီတခါတော့ ကျောက်ပြားခင်းကြမ်းပြင်ပါတဲ့။
လူဆိုးကြီး။       အိုးဒါ ပိုဆိုးသေးတယ်။ မကြိုက်သေးဘူးဗျာ။
တတိယ ငရဲခန်းမှာတော့ ငရဲသားတွေဟာ အုန်းပင်မစိုက်ရဘဲ ဒူးလောက်နက်တဲ့ မစင်တွေထဲမှာ ကော်ဖီသောက်နေရသတဲ့။ လူဆိုးကြီးစဉ်းစားတယ်။ အင်း နံတော့နံတယ် ဒါပေမယ့် ကော်ဖီလေး သောက်နေရလဲမဆိုးပါဘူး။ ကောင်းပြီ ဒီမှာပဲ ငရဲခံမယ်။
အဲလိုနဲ့ အနှစ်တစ်သန်းစာ ငရဲခံဖို့ လက်မှတ်ထိုးပြီး အခန်းထဲကို ဝင်လိုက်တဲ့အခါမှာပဲ တာဝန်ကျ ငရဲကြပ်ရဲ့ အမိန့်သံထွက်လာပါတယ်။
“ကဲ ကော်ဖီသောက်ချိန်စေ့ပြီ အုန်းပင်ပြန်စိုက်ကြ”

၃)       အောင်မြင်တဲ့သူဌေးကြီး နဲ့လွှတ်တော်အမတ်ကြီးလဲဖြစ်သူ ဦးဘ က အနှစ်၄၀မြောက် မင်္ဂလာနှစ်ပတ်လည်ညမှာ သူ့ဇနီး ဒေါ်မြကို မေးသတဲ့။
“ မြရေ ကိုတို့ အိမ်ထောင်သက် နှစ်၄၀တွင်းမှာ မင်းတာဝန် ကျေပွန်ခဲ့ပါတယ်ကွာ။ ကျေးဇူးလဲတင်ပါတယ်။ ကိုတစ်ခုမေးချင်တယ် မင်းတခြားသူနဲ့များ ကျူးလွန်ဖူးသလားဆိုတာ အမှန်အတိုင်းပြောပြပါလား။ ကိုလုံးဝအပြစ်မယူပါဘူး။ သိချင်ယုံပါ။”
“ အင်းလေ ကိုမေးတော့လည်းပြောရတာပေါ့။ ၃ ခါထဲပါ။ ”
“အင်း…. ပထမ တစ်ခါက ဘယ်သူနဲ့လဲ”
“ကို အသက်၃၅နှစ်မှာ ကို့ကုမ္ပဏီလေး အရှံးပေါ်ပြီး ရောင်းရမလိုဖြစ်တော့ ဘဏ်သူဌေးကြီးတစ်ယောက်ရောက်လာပြီး အတိုးနှုန်းအနဲဆုံးနဲ့ လိုသလောက်ငွေတွေ ချေးပေးခဲ့တာ မှတ်မိသေးလား”
“အော်ဒါလား မြကို့ကြောင့် အနစ်နာခံခဲ့ရတာပဲ၊ ကို အပြစ်မတင်တဲ့အပြင် ကျေးဇူးတောင်တင်ပါတယ်ကွာ၊ နောက်တစ်ခါကရော”
“ကို အသက် ၄၅နှစ်မှာ နှစ်လုံးရောဂါဖြစ်တော့၊ ခွဲစိတ်ရင်လဲ အောင်မြင်မှာမဟုတ်ဘူးဆိုပြီး ဘယ်ဆရာဝန်မှ နံမည်ပျက်ခံပြီး မခွဲချင်ကြဘူးလေ၊ နောက်ဆုံး ဆရာဝန်ကြီး တစ်ယောက်စိတ်ပြောင်းပြီး ခွဲပေးလို့ အသက်ရှင်ခဲ့တာရောမှတ်မိလား”
“အော်ဒါလည်း မြအနစ်နာခံခဲ့တာပဲလား ကျေးဇူးတင်လိုက်တာမြရယ်၊ နောက်ဆုံး အခေါက်ကရော”
“ကို အသက် ၅၅ နှစ်မှာ ပထမဆုံး အကြိမ်ရွေးကောက်ပွဲဝင်တော့ ကြိုတင်မဲ ၃၅၀ ရခဲ့တာ မှတ်မိသေးလား”
(မှတ်ချက်။       ဖြစ်ရပ်မှန် မဟုတ်ပါ၊ ဟိ)

၄)       ဆရာမ။          ဟဲ့ဆိုးပေ။ ငါ့စာသင်ချိန်မှာ အိပ်လို့မရဘူးဆိုတာနင်မသိဘူးလား။
          ဆိုးပေ။           ဟုတ်ကဲ့ သိပါတယ်။ ဆရာမ နဲနဲ တိုးတိုးသင်ရင်တော့ ကျွန်တော်အိပ်ပျော်မယ်ထင်တယ်။

၅)       တစ်ခါက အရက်ဘားတစ်ခုမှာ သင်္ဘောသားတစ်ယောက်နဲ့ ပင်လယ်ဒမြ အိုကြီးတစ်ယောက် ဆုံကြသတဲ့။ ပင်လယ်ဒမြကြီးမှာ သစ်သားခြေတု တဖက်၊ သံချိတ်ကောက်လက်တုတစ်ဖက် နဲ့ မျက်စေ့တစ်ဖက်ကိုလည်း သားရေပြားလေးအုပ်ထားသတဲ့။
သဘောၤသား။   အဘ ခြေထောက်တစ်ဖက်က ဘာဖြစ်လို့ပြတ်သွားတာလဲ။
ပင်လယ်ဒမြအိုကြီး။      တခါက ဒို့သဘောၤမုန်တိုင်းမိတော့ ငါသဘောၤရွက်တွေကို တက်ဖြုတ်တာပေါ့ကွာ။ အဲဒီမှာ ရေထဲကို ပြုတ်အကျအောက်က ငါးမန်းနဲ့ တွေ့တာပေါ့။ နောက်ဆုံးတော့ ငါးမန်းလဲသေ ငါလည်းခြေ တစ်ဖက်ဆုံးတာပဲ။
သဘောၤသား။   အော် အဘ လက်တဖက်ကရော။
ပင်လယ်ဒမြအိုကြီး။      တခါက ဒို့သဘောၤနဲ့ အစိုးရသင်္ဘော နဲ့ ထိပ်တိုက်တွေ့တုန်းကပေါ့ကွာ။ ငါလည်း အကြိတ်အနယ် ပြန်ခံချရင်းနဲ့ လက်တစ်ဖက်ပေးလိုက်ရတာပဲ။
သဘောၤသား။   အော် အဘ မျက်စေ့တစ်ဖက်ကရော။
ပင်လယ်ဒမြအိုကြီး။ တခါက စင်ရော်တစ်ကောင် ငါ့မျက်စေ့ပေါ် ချေးပါချတုန်းကပေါ့ကွာ။
သဘောၤသား။   ဟင် စင်ရော် ချေးပါချတာနဲ့ ကန်းရောလား။
ပင်လယ်ဒမြအိုကြီး။      မဟုတ်ဘူး အဲဒီနေ့က ဒီသံကောက်စတပ်တဲ့နေ့။


_______
ကွန်းဇော်

Wednesday 14 March 2012

သိပ္ပံ (သို့မဟုတ်) လောကကို လေ့လာခြင်း


ဘာသာရေးကို စိတ်ဝင်စားတဲ့ သူငယ်ချင်းများနဲ့ ကျွန်တော့်လို အတွေးနယ်ချဲ့ရတာ ဝါသနာပါတဲ့ သူငယ်ချင်းများအတွက် အတွေးအဟာရလေးတစ်ခုရအောင် ဒီပို့စ်ကို ကျွန်တော်ရေးပါတယ်။ ကဲအရင်ဆုံး အဖွင့်အနေနဲ့ ပုံပြင်လေးတစ်ပုဒ် ဖတ်လိုက်ရအောင်

တခါတုန်းက ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းတစ်ခုထဲမှာ သိပ္ပံသမားတစ်ယောက်နဲ့ ဘာသာရေးသမားတစ်ယောက်ရှိသတဲ့။ သိပ္ပံသမားက မေးတယ်
“ဟေ့ ဒို့ဘယ်ရောက်နေလဲ”
ဘာသာရေးသမားက
“ရှုးတိုးတိုး ဒီအခန်းထဲမှာ နဂါးကြီးတစ်ကောင်ရှိတယ်”
“ဟုတ်လို့လား”
“တိုးတိုးပြောပါဆို နဂါးကြီးနိုးသွား အုံးမယ်”
“ငါ့မှာ မီးခြစ်ဆံတစ်ခုရှိတယ် ခြစ်ကြည့်ရမလား”
“မလုပ်နဲ့ နဂါးကြီးစိတ်ဆိုးသွားလိမ့်မယ်”
“ငါကြည့်ချင်လို့ ခြစ်လိုက်မယ်ကွာ”
“မခြစ်နဲ့”
“ခြစ်မယ်”
“မခြစ်နဲ့”
ရှဲ…….
“ကဲ ဘယ်မှာလဲ မင့်နဂါး”
“ရှိပါတယ် ဒါပေမယ့် မင်းမမြင်ရဘူး သူက ကိုယ်ပြောက်နဂါး”


ပုံပြင်ကတော့ ဒါပါပဲ။ ဒီပုံပြင်ကို ကောက်ချက်မချခင် သိပ္ပံ ဆိုတာဘာလဲ ဆိုတာ အရင်ကြည့်လိုက်ရအောင်။ သိပ္ပံရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ “လောကကိုစနစ်တကျ လေ့လာခြင်း” ဖြစ်ပါတယ်။ သိပ္ပံရဲ့ အဓိကရည်ရွယ်ချက်ပန်းတိုင် ၃ ခုရှိပါတယ်။

၁) သဘာဝလောကကို စနစ်တကျလေ့လာရန်နှင့် ရှုမြင်သုံးသပ်နှိုင်ရန်
၂) ထိုသုံးသပ်ချက်များကို အခြေခံ၍ လောက၏ အချင်းအရာများကို ဖြေရှင်းပြနှိုင်ရန်
၃) ထိုဖြေရှင်းချက်များကိုအခြေခံ၍ ဖြစ်လတံ့သော အချင်းအရာများကိုလည်း ကြိုတင်တွက်ဆနှိုင်ရန်

သိပ္ပံဟာ ၂၀ရာစုနှောင်းပိုင်းမှစလို့ တဟုန်ထိုးတိုးတက်လာပေမယ့် တကယ်တော့ ဒီအလုပ်ကို အခြားအမည်တမျိုးနဲ့ လူ့သမိုင်းတစ်လျှောက်လုံး လူသားတွေလုပ်ခဲ့ကြတာပါ။ အဲဒါကတော့ ဘာသာရေးပါပဲ။ လူသားတွေရဲ့ အခြေခံလိုအပ်ချက် စားဝတ်နေရေးကို ဖြေရှင်းခြင်း ပြီးရင်ဒုတိယ နေရာအယူဆုံးအလုပ်ပါပဲ။ အတွေးအခေါ်ပညာရှင်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ လောကကိုလေ့လာရင်း အဖြစ်အပျက်တွေကို ဖြေရှင်းပြဖို့ ကြိုးစားခဲ့ကြတယ်။ လောကနဲ့ လိုက်လျှောညီထွေဖြစ်အောင် လူတွေကို ဘယ်လိုနေထိုင်သင့်တယ် ဆိုတာသင်ပြပေးကြတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဝင်တွေက ကောင်းတဲ့ ဆိုးတဲ့ အဖြစ်အပျက်စတာတွေကို ကံ ကံ၏အကျိုး၊ သံသရာလည်ချင်းတို့နဲ့ ရှင်းပြ လေ့ရှိပြီး၊ ထာဝရဘုရားသခင် သို့မဟုတ် တန်ခိုးရှင်ကို ယုံကြည်သက်ဝင်သူများက ဘုရား သို့မဟုတ် တန်ခိုးရှင်ရဲ့ အလိုတော်လို့ ခံယူကြတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကပန်းတိုင်ဟာ ဒီလောကထဲမှာ သံသရာလည်နေခြင်းမှ လွတ်မြောက်ရန် ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်သူတို့က နောက်ဆုံးနေ့အပြီးမှာ ဘုရားသခင်ထံပြန်လည် ရောက်ရှိရန် သုခဘုံမှာ ထာဝရနေနှိုင်ရန်တို့ဖြစ်တယ်။ ဘာသာရေးဟာအတွေးအခေါ်နဲ့ ယုံကြည်မှုမှာ အခြေခံပြီး သိပ္ပံကတော့ အချက်အလက်မှာ အခြေခံပါတယ်။ ဒါဟာ သိပ္ပံဖွံဖြိုတိုးတက်မှု နောက်ကြရခြင်း အကြောင်းရင်းတစ်ခု လည်း ဖြစ်ပါတယ်။
သိပ္ပံသမားဟာ အဖြစ်အပျက်တခု သို့မဟုတ် အရာဝတ္ထုတစ်ခုကို လေ့လာတဲ့အခါ အဲဒါရဲ့ ဂုဏ်သတ္တိသဘောသဘာ၀ လက္ခဏာအားလုံးကို မှတ်တမ်းတင်ပါတယ်။ ဒီမှတ်တမ်းဟာ တိကျပြီး အမြဲမှန်ကန်မှုရှိရပါမယ်။ အဲဒီလိုဖြစ်တဲ့အထိလဲ ထပ်မံစမ်းသပ်ပြီး ပြုပြင်ဖြည့်စွပ် မှုများပြုလုပ်ပါတယ်။ သိပ္ပံသမားများဟာ အဲဒီအဖြစ်အပျက် သို့မဟုတ် အရာဝတ္ထုနဲ့ ဆက်စပ်နေတဲ့ အရာများကို ဆက်လက် လေ့လာတဲ့နေရာမှာ အရင်ကရထားတဲ့ တိကျတဲ့အချက်အလက်တွေပေါ်မှာ ဆင့်ကဲအခြေခံပြီး လေ့လာသွားပါတယ်။ ဒါကြောင့် သိပ္ပံမှတ်တမ်းတခုဟာ ယေဘုယျအားဖြင့် ခိုင်မာတယ်လို့ဆိုနိုင်ပါတယ်။ အဲလိုမှတ်တမ်းများ အဆင့်ဆင့်ဖွံဖြိုးတိုးတက်သွားဖို့ သိပ်သည်းကျစ်လျစ်တဲ့ အချက်အလက် မှတ်တမ်းတင်မူ နည်းစနစ်တွေလိုအပ်ပါတယ်။ ဒါကြောင့်လည်း ကျောက်ပြားပေါ်မှာ ထွင်းထုတဲ့ခေတ် ထက် စာရွက်ပေါ်မှရေးမှတ်တဲ့ခေတ် နောက်ပြီးတော့ ကွန်ပြူတာနဲ့ မှတ်တမ်းတင်တဲ့ခေတ်တွေမှာ သိပ္ပံဟာ တဟုန်ထိုးတိုးတက်လာတာပါ။
သိပ္ပံနဲ့ဘာသာရေးမှာ နောက်ထပ်ကွာခြားတဲ့အချက်ကတော့ လောကကိုလေ့လာပုံ ပါပဲ။ ခေတ်ဦးပိုင်း ဘာသာရေးနဲ့အတွေးအခေါ်ပညာရှင်တွေဟာ လောကကို လေ့လာရာမှာ မိမိခန္ဓာကိုယ်မှာ ရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ နဲ့ ကိုယ်ခန္ဓာ အရေပြား ဆိုတဲ့ အာရုံခံ အင်္ဂါတွေကိုပဲ အသုံးပြုပြီး အချက်အလက်စု ရပါတယ်။ နောက် စိတ်နဲ့ ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး အဖြေထုတ်ပါတယ်။ တကယ်တော့ လူ့ခန္ဓာကိုယ်ရဲ့ အင်္ဂါတွေမှာ အာရုံခံနိုင်စွမ်း အကန့်အသတ်တွေရှိပါတယ်။ အဖြစ်အပျက်တခု သို့မဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဂုဏ်သတ္တိသဘောသဘာ၀ လက္ခဏာတွေကို တတ်နိုင်သမျှတိကျအောင် လေ့လာရာမှာ ဒီအင်္ဂါ ၅ ခု ဟာ လုံလောက်အောင်မစွမ်းပါဘူး။ သိပ္ပံကတော့ လိုအပ်တဲ့ အချက်အလက်ကို ရအောင် ကိရိယာတန်ဆာပလာတွေ အသုံးပြုပြီး အာရုံခံနိုင်စွမ်းကို တိုးချဲ့ပါတယ်။ ဒါကြောင့်လည်း ဘာသာရေးနဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ ဖြေရှင်းချက်တွေဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ သိပ္ပံရဲ့စိမ်ခေါ်ခြင်းကို ခံရပါတယ်။ အဲဒီအခါမှာ ဘာသာရေးဟာ တစ်ခါထဲကျရှုံး သွားပါသလား။ မကျရှုံးပါဘူး။ မရှုံးတဲ့အပြင် ပို၍လျှို့ဝှက် ပို၍ပဟေဠိဆန်တဲ့ အဖြေကိုထပ်ပေးပါတယ်။ သိပ္ပံကို ထပ်စိမ်ခေါ်ပါတယ်။
                ဒါဟာ စောစောက ပုံပြင်ကနေရတဲ့သင်ခန်းစာ ၂ခု ထဲက ပထမတစ်ခုပါ။ လောလောဆယ်ထိ ဘာသာရေးသမား မရှုံးသေးပါဘူး။ သိပ္ပံလည်းမနိုင်သေးပါဘူး။ ဒီလိုပြောလို့ သိပ္ပံနဲ့ဘာသာရေးဟာ ပြိုင်နေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ ရည်ရွယ်ချက်ခြင်း ဆင်ပြီး ချည်းကပ်ပုံမတူလို့သာ တခါတရံမှာ ထိပ်တိုက်တွေ့ကြတာပါ။ ဒီပုံပြင်လိုမျိုးပဲ မြင်းမိုလ်တောင် ဘယ်မလဲဆိုတဲ့မေးခွန်းကို ဗုဒ္ဓဘာသာဝင်တွေ မကြာခဏရင်ဆိုင်ရပါတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀၀ လောက်ကသာ မြန်မာဗုဒ္ဓဘာသာဝင် တစ်ယောက်ကို မေးရင်တော့ မြောက်စူးစူးကိုသာသွား မသေရင်တနေ့တွေ့လိမ့်မယ် လို့ဖြေမလားမသိ။ ပါးစပ်ရာဇဝင်ထဲမှာ လက်ညိုးညွှန်ရာ ရေဖြစ်တဲ့ အလောင်းစည်သူ မင်းကြီးဆိုရင် လက်ညိုးလေးထိုးထိုးပြီး ဖေါင်နဲ့သွားလိုက်တာ ဇဗ္မူဒိပ်က သပြေပင်နားရောက်မှ ပြန်လှည့်ခဲ့တာ မဟုတ်လား။ နည်းနည်းသာ ဆက်သွားရင် မြင်းမိုလ်တောင်ရောက်ပြီပဲ။ အခုနေ ခေတ်ပညာတတ် ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို ဒီမေးခွန်းသွားမေးရင်တော့ ကမ္မဌာန်း တရားအားထုတ် သမာဓိထူထောင်ပြီး ဈာန်အဘိညာန် ရအောင်ကျင့်အုံး လို့ ဖြေပါလိမ့်မယ်။ အဲဒီလိုပဲ လူကို ဘုရားသခင်က သူ့ပုံစံအတိုင်းဖန်ဆင်းတယ် ဆိုတဲ့ အဆိုဟာလည်း ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီဝရီရဲ့ စိမ်ခေါ်ခြင်းကို ခံရပါတယ်။ ရှေးဟောင်းလူသားများရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများ ဆက်တိုက်တွေ့ရှိမှုဟာ ဒါဝင်ရဲ့အဆိုကို ခိုင်မာသည်ထက်ခိုင်မာ လာစေပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတစ်နေ့ မှာ ဘုရားသခင်က အဲဒီလိုဖြစ်လာအောင် ဖန်ဆင်းခဲ့တာလို့ တစ်ခွန်းထဲပြောလိုက်ရုံနဲ့လဲ ဒီပွဲမှာ သရေဆွဲနိုင်ပါသေးတယ်။
          ပုံပြင်ကနေရတဲ့ နောက်ထပ်သင်ခန်းစာ တစ်ခုကတော့ သိပ္ပံသမားစစ်စစ်တွေ မကြာခဏ ကြလေ့ရှိတဲ့ ထောင်ချောက်တစ်ခုပါပဲ။ သိပ္ပံသမားတွေဟာ ထိပ်တိုက်တွေ့တိုင်း ဘာသာရေးရဲ့ ပရိယာယ်ကြွယ်တဲ့ အဖြေကိုရပြီးတဲ့နောက် ဘာသာရေးကိုမယုံတော့ဘဲ လက်တွေ့ဝါဒီ ဘာသာမဲ့တွေ ဖြစ်သွားတတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်စောစောက ပြောခဲ့တဲ့ “သိပ္ပံမှတ်တမ်းတစ်ခုဟာ ယေဘုယျအားဖြင့် ခိုင်မာတယ်လို့ဆိုနိုင်ပါတယ်” ဆိုတဲ့ စကားကို ပြန်ကောက်ရပါမယ်။ ဘာကြောင့် ယေဘုယျဆိုတဲ့ စကားလုံးကို သုံးရသလဲဆိုတော့ သိပ္ပံဆိုင်ရာတွေ့ရှိချက်တစ်ခုဟာ မှားကြောင်း သက်သေမပြရသေးခင်ထိပဲ မှန်တယ်ဆိုတာကြောင့်ပါပဲ။ ဒါကို သိပ္ပံသမားအားလုံးက လက်ခံပါတယ်။ ဥပမာအားဖြင့် ထင်ရှားတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တဲ့ နယူတန်နဲ့ ပန်းသီး ကို သိကြမှာပါ။ သူ့ရဲ့ F=ma ဆိုတဲ့ ညီမျှချင်းနဲ့ သီဝရီ တွေဟာ နေကြပ်ခြင်း လကြပ်ခြင်းတွေကိုတောင် မှန်အောင်တွက်ပေးနိုင်ပါတယ်။ ဒါပေမယ့် အလင်းနှစ်သန်းပေါင်းများစွာဝေးတဲ့ နေရာက ကြယ်များမှ အလင်းရောင်ကို ဖမ်းယူပြီး အကွာအဝေးကို တွက်ချက်ခြင်း စတဲ့ အနုစိတ် အခြေအနေမှာတော့ အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ ကို ထည့်စဉ်းစားရ ပါတယ်။ အိုင်းစတိုင်းက ဒီလိုပိုပြီးတိကျတဲ့ သီဝရီ ကိုထုတ်နိုင်ခဲ့တာလဲ တကယ်တော့ နယူတန်ရဲ့ ပုခုံးပေါ်တက်ရပ်နိုင်ခဲ့လို့ပါ။ ဒါဟာ သိပ္ပံပါပဲ။ ဒါပေမယ့်သိပ္ပံသမားတွေဟာ ဘာသာရေး နဲ့ထိပ်တိုက်တွေ့ရင် ဒါကိုမေ့သွားတတ်ပါတယ်။ ပုံပြင်ထဲက သိပ္ပံသမားဟာ နဂါးမရှိပါဘူးကွာလို့ ဆုံးဖြတ်သွား နိုင်သလို၊ နဂါးကို ခဏမေ့ထားရင်း အပူလှိုင်းရှာ ကိရိယာ၊ ရေဒီယို သတ္တိကြွတိုင်းတာမှုကိရိယာ စသည်ဖြင့် တီထွင် စမ်းသပ်ရင်း နဂါးတကယ် ရှိနေခဲ့ရင် တစ်နေ့နေ့တစ်ချိန်မှာ တွေ့သွားနိုင်ပါသေးတယ်။ တစ်ခြားမေးလေ့ရှိတဲ့မေးခွန်းတစ်ခု ရှိပါသေးတယ်။ သရဲတစ္ဆေ စုန်းကေ၀ ရှိသလား။ လောလောဆယ်ထိ သိပ္ပံသမားက ဒါကို ပယ်ပါတယ်။ ဘာကြောင့်လည်း။ လောလောဆယ်ထိ သရဲတစ္ဆေ ကို စမ်းသပ်တွေ့ရှိနိုင်တဲ့ ကိရိယာ မရှိသေးသလို တိကျတဲ့ စုန်းကေ၀ ဖြစ်နည်း ကျင့်စဉ်လမ်းညွှန်လည်း မရှိပါဘူး။ သိပ္ပံမှာတော့ အောက်ဆီဂျင်ထုတ်ဖေါ်နည်း ဆိုရင် လိုအပ်တဲ့ ဓာတ်ပစ္စည်း ကိရိယာတန်ဆာပလာတွေ ရှိရင် အချိန်မရွေး မည်သူမဆို ထုတ်ဖေါ်နိုင်ပါတယ်။
          လောကကိုလေ့လာတဲ့နေရာမှာ သိပ္ပံနဲ့ ဘာသာရေးဟာ ချည်းကပ်ပုံမတူသလို ရည်ရွယ်ချက်ခြင်းလည်း ဆင်ရုံသာဆင်ပါတယ်။ ဘာသာရေးက ဘာကြောင့်ဆိုတဲ့မေးခွန်းကို ဦးစားပေးပြီး ဖြေပါတယ်။ ဘာကြောင့်လောကကြီး ရှိနေသလဲ၊ ဘာကြောင့် လူဖြစ်လာသလဲ၊ ဒါကြောင့် ကျွန်တော်တို့ဘာလုပ်သင့်သလဲ။ သိပ္ပံက ဘယ်လိုဆိုတဲ့မေးခွန်းကို ဖြေပါတယ်။ လူနဲ့ အရာဝတ္ထုတွေကို ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားသလဲ၊ လောကကြီးက ဘယ်လိုဖြစ်တည်နေသလဲ။ ဒါပေမယ့်လည်း ဘယ်လိုဆိုတဲ့မေးခွန်းကို ပြည့်စုံအောင် ဖြေနိုင်သွားတဲ့တနေ့မှာ ဘာကြောင့်ဆိုတာကိုပါ အလိုလို နားလည်လာနိုင်ပါတယ်။
          ကဲဒီတော့ မင်းဘာလုပ်မလဲ။ သိပ္ပံသမားလား ဘာသာရေးသမားလား။ ဘာသာရေးမှာလည်း အမျိုးကွဲပေါင်း မြောက်များစွာထဲက ဘယ်ဘာသာကို ယူမလဲ။ ကျွန်တော်တို့ရတဲ့ နှစ် ၁၀၀ (တကယ်တော့ ၇၀ ဝန်းကျင်) ဟာ ခဏလေးပါ။ ဒီအတွင်းမှာ အမှန်ဆုံးလမ်းကို ရွေးမိဖို့ ဘယ်လောက်ရာခိုင်နူန်းရှိမလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော်ကိုယ်တိုင်ဟာလည်း သိပ္ပံ ပညာရှင်ကြီး မဟုတ်သလို ဘာသာရေးကို နှိုက်နှိုက်ချွတ်ချွတ် သိမြင်သူမဟုတ်ပါဘူး။ သူငယ်ချင်းတို့ အများစုဟာလည်း ကျွန်တော့်လိုပဲဖြစ်မယ် ထင်ပါတယ်။ ကျွန်တော့်သဘောပြောရရင် သိပ္ပံကိုလက်မလွှတ်သင့်သလို ဘာသာရေးကိုလဲ မပစ်ပယ်သင့်ပါဘူး။ သိပ္ပံရဲ့နည်းစနစ်ကောင်းလေးတွေကို အသုံးချပြီး ကိုယ်ရွေးချယ်ထားတဲ့ဘာသာရဲ့ လမ်းညွှန်ချက်တွေကို ချင့်ချိန် လိုက်နာနေထိုင်မယ်ဆိုရင်တော့ လူ့ဘ၀ ခဏတာဟာ နေပျော်မယ် ထင်ပါတယ်ခင်ဗျာ။ 
_______
ကွန်းဇော်

Monday 12 March 2012

နံပါတ်မရှိတဲ့အခန်း

တခါတုန်းက ကျွန်တော် အလုပ်ကိစ္စ တစ်ခုနဲ့ တောင်ပေါ်မြို့လေး တစ်မြို့ကိုသွားရပါတယ်။ ၂ ရက် ၃ ရက် ကြာမှာ မလို့ တည်းခိုခန်း တခုမှာသွားတည်းရပါတယ်။ အထုပ်အပိုးတွေချပြီး တည်းခိုခန်းကောင်တာက ကောင်လေးကို

“ညီလေး တစ်ယောက်ခန်းတစ်ခန်း ၃ရက်လောက်လိုချင်တယ်ကွာ၊ နားအေးပါးအေးရှိမယ့် အခန်းလေးပေးပါ”

“ရမယ်ခင်ဗျ၊ ဒီမှာအခန်းသော့၊ အပေါ်ထပ် ညာဘက်အစွန်နားမှာ။ လိုတာရှိရင် ပြောပါ ကောင်တာမှာ ကျွန်တော်တို့၂၄နာရီရှိတယ်။ အော် အကို၊ ဘေးမှာ နံပါတ်မပါတဲ့အခန်းတခုရှိတယ် မှားပြီးဖွင့်နေမှာစိုးလို့။ ”
 
“အဲဒီအခန်းတော့ သွားမဖွင့်နဲ့ဗျာ။ ဘာလို့လဲဆိုတော့”

“အေးပါကွာ ငါလည်းစိတ်မဝင်စားပါဘူး။ ကဲနားလိုက်အုံးမယ်။”

အဲလိုနဲ့ ၃ရက်မြောက်နေ့ ကျွန်တော့်ကိစ္စတွေလည်းပြီးလို့ အခန်းကို စောစောပြန်လာပြီး အနားယူနေလိုက်ပါတယ်။ ည ၇နာရီလောက်ရောက်တော့ ကျွန်တော်ပြင်းပြင်းနဲ့စပ်စုချင်တဲ့ စိတ်တွေ ပေါက်လာပါရော။  ကောင်တာက ကောင်လေးပြောပုံက ဘေးကနံပါတ်မပါတဲ့ အခန်း က သရဲပဲ ခြောက် သလိုလို။ ကျွန်တော်လည်းအစက အလုပ်မပြီးခင် စိတ်ဖြောင့်ဖြောင့်နေရအောင် မစပ်စုပဲ နေလိုက်တာ၊ အခုအလုပ်ပြီးလို့ အားလဲအားရော သိချင်လာပါရော။

ဒါနဲ့ကျွန်တော် အခန်းကအသာလေးထွက်ပြီး ဘေးက နံပါတ်မပါတဲ့ အခန်းနားကို သွားကြည့်တယ်။ ရင်တထိတ်ထိတ်နဲ့ပေါ့ခင်ဗျာ။ တံခါးကတော့ပိတ်ထားတာပဲ။ ဟိုကြည့်ဒီကြည့်နဲ့ တံခါးလက်ကိုင်ဘုက သော့ပေါက်မှာ အလင်းရောင်လေးရှိတာကို သတိထားမိတယ်ခင်ဗျ။ ကျွန်တော်လည်း ကော်ရစ်ဒေါမှာလူရှင်းတာနဲ့ အသာငုံ့ပြီးချောင်း လိုက်တယ်။

အထဲမှာလူရှိတယ်ခင်ဗျ။ မိန်းမတစ်ယောက် တံခါးဘက်ကို ကျောပေးပြီး ထိုင်နေတာ။  ဘာလုပ်နေလဲတော့မသိဘူး။ ကျွန်တော်လဲ ခဏလောက်စောင့်ကြည့်နေပေမဲ့ ဘာမှ မထူးခြားသလိုပဲ။ အဲလိုနဲ့ခဏ နေတော့သူဒီဘက်ကိုလှည့်ကြည့်တော့မလိုပဲ။ ကျွန်တော်လည်း ရုတ်တရက် ဆက်မကြည့်ချင်တော့တာနဲ့ ထပြီး ကိုယ့်အခန်းကိုယ်ပဲ ပြန်လာလိုက်တော့တယ်။ အဲလိုနဲ့ အိပ်လိုက်ရောဆိုပါတော့။ ည သန်းခေါင်တရေးနိုးတော့ ကျွန်တော်ချက်ချင်း ပြန်အိပ်မပျော်ဘူး ခင်ဗျ။ ဟိုဘက်အခန်းကို စပ်စုချင်လာပြန်ရော။ အဲလိုနဲ့ကျွန်တော် ဟိုဘက်အခန်းရှေ့ကို ပြန်ရောက်လာပါတယ်။ ကော်ရစ်ဒေါကတော့ လူရှင်းလျှက်ပါပဲ။ ကျွန်တော် ဒူးထောက်ပြီး သော့ပေါက်ထဲကို ချောင်းကြည့်လိုက်တယ်။

အင်း အနီရောင်ပြောင်ကြီးပဲမြင်ရတယ် ခင်ဗျ။ ကျွန်တော် ခဏစောင့်ကြည့်တယ်။ ပထမတစ်ခေါက်တုန်းက အခန်းကိုမြင်ရတယ် အခု အတွင်းက တခုခုနဲ့ကာထား သလားမသိ။ တဖြည်းဖြည်းကျွန်တော် ကြောထဲကစိမ့်တက်လာသလိုပဲ။ ကျွန်တော်မတ်တပ်ရပ်လိုက်တယ်။ အခန်းတံခါးကို တွန်းဖွင့်ကြည့်ရင်ကောင်းမလား။ တယောက်ယောက်က ကျွန်တော့်ကို စောင့်ကြည့်နေသလိုပဲ။ ကျွန်တော် အောက်ထပ်ကိုဆင်းလာလိုက်တယ်။ ကောင်တာမှာ ကျွန်တော် ရောက်ရောက်ချင်းနေ့က ကောင်လေး မဂ္ဂဇင်းဖတ်နေတယ်။

“အ ဟမ်းဟမ်း..”

“အော် အကိုဘာအလိုရှိလဲခင်ဗျ”

“အေး ညီလေး ရေနွေးကြမ်း ရမလားကွာ”

“ရပါတယ်၊ ယူသွားမှာလားအစ်ကို”

“နေပါစေ ဒီမှာပဲ တခွက်လောက်သောက်ချင်လို့ ငါလဲအိပ်မပျော်လို့ပါ”

“အော် ထိုင်လေ အကို”

“ဒါနဲ့ငါ့ညီ ဟိုနေ့ကပြောတဲ့ နံပါတ်မပါတဲ့အခန်းကလူနေလားကွ”

“မနေဘူး အကို”

“ဟေ”

“ဟုတ်တယ်ခင်ဗျ။ အဲဒီ အခန်းကလူသတ်မူဖြစ်တာ မကြာသေးဘူး။ ဒါကြောင့်ကျွန်တော်တို့က ခဏပိတ်ထားတာ။ ဘာမှတော့မရှိပါဘူး။ ခြောက်လဲမခြောက်ပါဘူး။ ကျွန်တော်တို့လဲတခါတလေ ဝင်နေတာပဲ။”

“အင်း ဘယ်လိုဖြစ်ကြတာတဲ့တုန်း ”

“လင်မယားနှစ်ယောက် တည်းရင်းဘာလို့လဲတော့မသိဘူး။ ယောင်္ကျားကမိန်းမကိုသတ်လိုက်တာပဲ။ လည်ပင်းညစ်သတ်တာတဲ့။ တခြားဒဏ်ရာတော့မရှိပါဘူး။ မျက်လုံးကြီး နီရဲပြီးသေနေတာပဲ။”

ဘာ…..


ဟုတ်ကဲ့ ကျွန်တော် အဲနားကဆိုဖာမှာပဲအိပ်လိုက်တယ်။ ဟင့်အင်း အိပ်တွေသူတို့ပဲ သွားယူပေးတာ။ ဟုတ်ကဲ့ မိုးလင်းတော့မှ ကားဂိတ်ကိုတန်းဆင်းတာ ခင်ဗျ။

(ဝန်ခံချက်။ မယုံသူများ ခင်ဗျ…ကျွန်တော် အင်တာနက်မှ ကာတွန်းတပုဒ်ကိုမှီးပါအိ/ ယုံသူများလဲ မတားလိုပါ)

---------------
ကွန်းဇော်

ဖတ်ဖူး ကြားဖူး ဟာသများ (၁)

၁)      တစ်ခါက အဖွားကြီးတစ်ယောက် ဆေးခန်းလာပြသတဲ့။
“ဆရာ ကျွန်မလေ ဘာဖြစ်မှန်းမသိဘူး လေတွေမကြာခဏလည်နေတယ် ဒါပေမယ့်
အသံလဲမမြည် အနံ့လဲမနံဘူး အခုပြောရင်းတောင် လေလည်တာ ၃ခါရှိပြီ။”
“ဟုတ်ပြီ အမေကြီး ရော့ဒီဆေးလေးသောက် နောက်၂ ရက်နေရင်တခါလာပြ”
နောက် ၂ရက်နေတော့ အဖွားကြီး စိတ်တိုပြီး ပြန်ရောက်လာသတဲ့။
“ဆရာဘာဆေးတွေပေးလိုက်တုန်း လေကလည်တုန်းပဲ အသံတော့မမြည်ဘူး ဒါပေမယ့်အခု အရမ်းနံတာပဲ”
“အော်ဟုတ်ပြီ အမေကြီး အခု နှာစေးတာပျောက်ပြီဆိုတော့ နားလေးတာဆက်ကုရအောင်”

၂)      ဗိုလ်ကြီး။ ရဲဘော် မင်းမှာ အကြွေလဲဖို့ ရှိလား။
          ရဲဘော်။  ဟာ သိပ်ရှိတာပေါ့ ဆရာသမား ဘယ်လောက်လဲ ချင်လဲ။
ဗိုလ်ကြီး။  ရဲဘော် ဒါမင်းအထက်အရာရှိကို ပြန်ဖြေတဲ့ပုံစံလား။ ငါနောက်တစ်ခါပြန်မေးမယ်။ ရဲဘော် မင်းမှာ အကြွေလဲဖို့ရှိလား။
ရဲဘော်။  (သတိစွဲရင်း) မရှိပါဘူးဗိုလ်ကြီး။

၃)      “မောင်ရယ် ခင်တို့လက်ထပ်ပြီးရင် မောင့်သောကတွေ ဒုက္ခတွေကို ခင် မျှဝေခံစားပေးမယ်နော်။”
          “လိမ်မာလိုက်တာခင်ရယ် ဒါပေမယ့်မောင့်မှာ သောကတွေဒုက္ခတွေမှ မရှိတာ။”
          “အော် မောင်ကလည်း ခင်တို့မှလက်မထပ်ရသေးတာ။”

၄)      အင်တာဗျူးတခုတွင်
သတင်းထောက်။  သူဌေးကြီး သန်းကြွယ်သူဌေးဖြစ်လာတာ ဘယ်သူ့ကြောင့်လို့ပြောနှိုင်ပါလဲခင်ဗျာ။
သူဌေးကြီး။  ကျွန်တော့်မိန်းမကြောင့်ပါ။
သတင်းထောက်။ အိုဒါဆို သူဌေးကြီးမိန်းမက တော်တော် တော်မှာပဲ။ သူနဲ့လက်မထပ်ခင်က သူဌေးကြီး ဘဝကဘယ်လိုများလဲခင်ဗျာ။
သူဌေးကြီး။  ကုဋေကြွယ်သူဌေးကြီးပါ။

၅)      “ဆရာ ကျွန်တော်က အသားလုံးကြော်ဆို အရမ်းသဘောကြတာဆရာ အဲဒါကျွန်တော့်မိန်းမက ကျွန်တော် ရူးနေပြီတဲ့”
          “အိုဘယ်နဲ့ရူးရမလဲ ကျွန်တော်လည်း အသားလုံးကြော်ဆို အရမ်းကြိုက်တာ”
          “ဟာ ဒါဆိုကျွန်တော်နဲ့ ဝါသနာတူပေါ့၊ ကျွန်တော့်မှာ စုထားတာ အသားလုံးကြော်အမျိုးပေါင်းရာနဲ့ချီရှိတယ် ဆရာရဲ့၊ လိုက်ကြည့်ပါလား”

_______
ကွန်းဇော်

ငယ်ငယ်က ၈၈


ဟိုတနေ့က ဖေါ်ဝပ်မေးထဲမှာ ကြောင်ကလေးက လမ်းလျှောက်သင်နေတဲ့ ကလေးလေးကို ဆုံးမနေတဲ့ပုံလေး တွေ့တော သဘောလဲကျမိသလို တရားရမလိုလိုတောင်ဖြစ်မိပါရဲ့။

ဟဲ့ကောင်လေးတဲ့ လေးဘက်ထောက်နေလဲရရက်သားနဲ့ဘာလို့ ခြေနှစ်ချောင်းနဲ့ ရပ်ဖို့ ကြိုးစားနေရလဲတဲ့။ နင်ခြေနှစ်ချောင်းနဲ့ရပ်နိုင်ရင် နင့်အဖေနဲ့ အမေက ကျောင်းကိုပို့တော့မယ်၊ ပြီးတော့ အလုပ်လုပ်ရမယ်၊ နောက်ပိုင်းခေါင်းစားဖို့ချည်းဘဲတဲ့။ ငါဆိုဘယ်တော့မှမကြိုးစားဘူး ကြည့် ခုထိအေးဆေးဘဲတဲ့။

ကျွန်တော်လည်း လမ်းလျှောက်သင်မိတာ မှားများမှားသွားလားမသိ။ ဘာပဲဖြစ်ဖြစ် စမိတော့လည်း သူပြောသလို ဆက်ခေါင်းစားနေရတာပေါ့လေ။ တခါတလေ အလုပ်ထဲမှာငြီးငွေ့လာရင် ငယ်ငယ်က ကျင်လည်ခဲ့တဲ့ဘ၀ အကြောင်းလေးတွေတွေးရင်း ငြီးငွေ့စရာအချိန်တွေကိုကျော်ဖြတ်မိပါတယ်။ ခုတလော မြန်မာ့ နိုင်ငံရေးအခြေနေက ဒိုင်းနမစ်စတိတ် ကိုရောက်နေတော့ ငယ်ငယ်က ရှစ်လေးလုံး အချိန်တုန်းက အကြောင်းလေးတွေ ပြန်သတိရမိတယ်ဗျ။ နိုင်ငံရေးအကြောင်းပြောမှာဟုတ်ဘူးနော်။ အဲဒီအချိန်က ကျွန်တော်က လေးတန်းပဲရှိသေးတာဗျ။ ပျော်ရွှင်စွာ ကစားဖို့နဲ့ တာဝန်အရ စာကျက်ဖို့ပဲ သိတဲ့အချိန်ပေါ့ဗျာ။ ကျွန်တော်နေခဲ့တဲ့မြို့က အညာက မိထ္တီလာမြို့နဲ့သိပ်မဝေးတဲ့ မြို့လေးတစ်မြို့ပေါ့ဗျာ။ နောက်ကြ လူနံမည်ပြောချင်လို့ အခု မြို့နံမည်မပြောတော့ပါဘူး။

အရေးအခင်းကြီးစတော့ ကျောင်းတွေ တိုးလို့တန်းလန်းနဲ့ ပိတ်တာပေါ့။ ကျွန်တော်တို့အုပ်စုကတော့ ပျော်သည် ပျော်သည် တို့ပျော်သည် ပေါ့ဗျာ။ အိမ်နားပတ်လည် ရွယ်တူ သူငယ်ချင်း ၆ ယောက် ၇ယောက် လောက်ရှိတာကိုး။ ကျွန်တော်တို့ခြံထဲမှာ တနေ့တမျိုးမရိုးအောင်ဆော့ကြတာပေါ့။ အပြင်မှာ ဆန္ဒပြတဲ့သူတွေ စီတန်းလာရင် ခြံစည်းရိုးကြားကချောင်းကြည့်။ သူတို့အော်တာတွေ မှတ်ထား။ ပြီးတော့ ခြံထဲမှာ ကိုယ့်ဖာသာ ဆန္ဒပြကြတာပေါ့။

“ဒီမိုကေစီ ရရှိရေး ဒိုးရေး ဒိုးရေး”

ဆန္ဒပြတာကို ပထမဆုံးအကြိမ် တွေ့တုန်းက ဒီမိုကေစီဆိုတာကိုမသိတော့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် အပီအပြင် ဆွေးနွေးကြပါတယ်။

“ဟေ့ရောင်ဒီမိုကေစီ ဆိုတာဘာလဲကွ”
“ငါလဲ ဘယ်သိမလဲ သူတို့အော်နေကြတာပဲ”
“အေး နော် အများကြီးဝိုင်းတောင်းနေကြတာဆိုတော့ ကောင်းလို့နေမှာပေါ့”
“ဒီမိုကေစီ ဆိုတာ လွတ်လပ်ရေးထင်တယ်”
“ဟင် မင်းကလဲ လွတ်လပ်ရေးက ရပြီးသားကြီးကို”
“အေးလေ ဒို့ဗိုလ်ချုပ်တိုက်ပေးသွားတာ”
“မင်းတို့ကလဲ အဲဒါရရင် ပိုလွတ်လပ်လို့နေမှာပေါ့ကွ”
“အေးနော် ညဘက်မိုးချုပ်ကြီးထိ ဒီထိုးတန်းဆော့နေလိုရရင် မတရားကောင်းမှာ”
“ဟာ ညဘက် သရဲကြောင်းပြောတာပိုကောင်းတယ် ဒီထိုးတာက မိန်းမတွေဆော့တာ”
“အံမာ မင်းလဲမနေ့က ဆော့တာပဲ”
“ဟေ့ရောင်တွေ နေစမ်းဘာအုံးမင်းတို့ကလဲ သေချာကြည့်စမ်း၊ ဆန္ဒပြတာ ငါတို့အမှတ်လေးထဲက သူတွေချည်းပဲ၊ တွေ့လား တစ်မြို့လုံးမှာငါတို့ရပ်ကွက်တစ်ခုပဲ ဒီမိုကေစီ မရသေးတာထင်တယ်”
“အေးနော် ထန်းတောဘက်က လူတွေလဲမတွေ့ဘူး”
“အေး မင်းဝိုင်းဘက်ကလူတွေရောမတွေ့ဘူး”
“ဟုတ်လား ဒါမျိုးဆို ငါက မတရားစိတ်ဆိုးတာ ငါတို့လဲ ဆန္ဒပြရအောင်”
“အေးပြမယ် လာလိုက်သွားရအောင်”
“နေအုံးဟ အိမ်ကသိရင်ငါတို့ကို ရိုက်နေအုံးမယ်”
“အေးလေ ဒို့အိမ်တွေကလဲ ကိုယ့်ရပ်ကွက်တစ်ခုထဲမရသေးတာ လိုက်ပြတာမဟုတ်ဘူး”
“ဟေ့ဟေ့ဟိုမှာကြည့်စမ်း ကျောင်းကသံချောင်းခေါက်တဲ့ ဦးပိန်ကြီး မဟုတ်လား”
“အေး ဟုတ်တယ် ဟားဟား ထန်းတောဘက်လဲ ဒီမိုကေစီ မရသေးပါဘူးကွ”
“ငါတို့မသိတဲ့လူတွေလဲအများကြီးပါတာပဲ၊ တမြို့လုံးမရသေးတာပဲနေမှာပါကွာ”

အဲလိုနဲ့ ကျွန်တော်တို့လဲ ခြံထဲမှာဆန္ဒပြကြပါတယ်။ အော် ခေါင်းစည်းကြိုးအနီရောင်လား လွယ်ပါတယ်။ ကိုယ့်အိမ်ကိုပြန်၊ အမေမသိအောင် အိမ်တွင်းနတ်အုန်းမှာ တပ်ထားတဲ့ပိတ်စအနီလေး ခိုးဖြုတ်ပြီး လိုက်ကာလေး ပြန်ကာထားလိုက်တာပေါ့။ ခွပ်ဒေါင်းအလံ လား လွယ်ပါတယ်။ သောက်ရေစစ်လုပ်တဲ့ ပိတ်စအဖြူပေါ်မှာ မီးသွေးခဲနဲ့ ဆွဲလိုက်တာပေါ့။ ဝါးချမ်းပြားကြားမှာ ညှပ်ပြီးထောင်လိုက်တော့ ကျွန်တော်တို့ အလံကြီးဟာ ဝင့်ဝင့်ကြွားကြွားနဲ့ ပေါ့။ ပြီးရင် ရေပြန်ဆေးပေးမှာပဲဟာ။ ကျွန်တော်တို့ဆန္ဒပြပွဲက သိပ်တော့ မကြာလိုက်ပါဘူး။ ကာကွယ်ရေးနဲ့ စီးပွားကူးသန်းနှစ်ခုတွဲဝန်ကြီး ဖေဖေနဲ့ ပြည်ထဲရေးဝန်ကြီး မေမေ တို့ရဲ့ မျက်ရည်ယိုတုတ် သုံးစွဲနိုမ်နင်းမူကြောင့် အလွယ်တကူပဲ ပြိုကွဲသွားပါတယ်။ အော် မျက်ရည်ယိုတုတ် ကတော့ ဆန်ရင်းနာနာဖွတ်ဆိုသလို ကျောင်းသားလူငယ် ကျွန်တော်ပဲခံရတာပေါ့ခင်ဗျာ။

တဖက်အိမ်နီးခြင်းနိုင်ငံများမှ သူငယ်ချင်းများကိုတော့ အိမ်တွင်းရေးကို အနှောက်အရှက်ဖြစ်စေမယ့် ပေါက်ကရကစားနည်းများမကစားကြဖို့နဲ့ နောက်ကို မြှောက်ထိုးပင့်ကော်လုပ်ရင် လုံခြုံရေးကောင်စီ ကိုတင်ပြပြီး အကြီးအကဲများပါ ဖိတ်ခေါ်ဆွေးနွေးပစ်မည်ဖြစ်ကြောင်း ဆုံးမ ပြီးပြန်လွှတ်လိုက်ပါတယ်။ နောက်တော့လည်း ခေါင်းစီးတွေ ခွပ်ဒေါင်းအလံတွေမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြကြတော့လည်း မဆူတော့ပါဘူး။ အပြင်မှာလည်း ပြနေကြတာပဲ မဟုတ်လား။

မကြာခင်ပဲ ဟိုမြို့မှာခေါင်းတွေဖြတ်တယ် ဒီမြို့မှာအဆိပ်ခပ်တယ် စတဲ့သတင်းတွေ ကြားလာရပါတယ်။ ဘယ်အလုပ်မဆို ရည်ရွယ်ချက်ကောင်းနဲ့ လုပ်တဲ့လူတွေရှိသလို ဆွမ်းဆန်ထဲ ကြွက်ချေးရော ပါလာတဲ့ ကိစ္စတွေလည်း ရှိတာပဲလေ။ အဲလိုနဲ့ ကျွန်တော်တို့ ရပ်ကွက်ထဲမှာလည်း ယောင်္ကျားလေးတွေ တစ်အိမ်တစ်ယောက် ညဘက်ထွက်ပြီး ကိုယ့်ရပ်ရွာလုံခြုံရေး ကင်းစောင့်ကြရတာပေါ့။ ကင်းစောင့်တာကလဲ ညဖက် အိမ်ထောင်ဦးစီးယောင်္ကျား တွေစုထိုင်ပြီး ရေနွေးသောက်၊ အမြီးစားရင်း စကားပြောကြတာပါပဲ။ မှတ်မိသေးတယ်ဗျ။ အမေက အဖေကင်းစောင့်သွားခါနီး လ္ဘက်သုတ်ယူသွားဖို့ပြင်ပေးနေတုန်း။

“မေကြီး ဘာတွေလှီးနေတုန်း”
“ဒညင်းသီးပြုတ်လေ သားရဲ့၊လ္ဘက်သုပ်ထဲထည့်ဖို့”
“အော် ဖေကြီးကင်းစောင့်ရင် ယူသွားဖို့လား”
“အေး”

အမေ ဟိုဖက်လှည့်တုန်း ပါးပါးလှီးထားတဲ့ ဒညင်းသီးဖတ်လေးတွေ အများကြီး လက်ညိုးနဲ့လက်မ ညှပ်ပြီး နှိုက်စားလိုက်တယ်။ ကောင်းလိုက်တာ ဆိမ့်လို့။ နောက်ထပ် ထပ်နှိုက်မယ်အလုပ်။

“ကောင်လေး အများကြီးမစားနဲ့ ဆီးအောင့်မယ်”

အမေ့နောက်စေ့က မျက်စေ့လိုပဲ မြင်ရတယ်တောင်ထင်မိတယ်။ ကျွန်တော်လည်း နောက်တစ်ညှပ်ထပ်နှိုက်ရင်း“ ဖေကြီး ဆီးအောင့်မှာ စိုးလို့ကူစားပေးတာ” လို့ပြောပြီး ဟိုဘက်အိမ်က သူငယ်ချင်းဆီ ထွက်လာလိုက်တာပေါ့။ တကယ်တော့ ကျွန်တော်တို့မြို့မှာ အကြမ်းဖက်တဲ့ကိစ္စတွေ မဖြစ်ခဲ့သလောက်ပါပဲ။ မြို့လေးက သေးသေးလေး ဆိုတော့ ကျွန်တော့်အထင် အမြင်မတူကြရင်တောင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာနာပြီး ဆိုးဆိုဝါးဝါး မလုပ်ကြပါဘူး။
နဲနဲပါးပါးတော့ရှိမှာပေါ့။ လူကြီးတွေပြောသံကြားဖူးတာပဲ။ ကျွန်တော်တို့ မြို့မှာ ကိုချစ်ပြား ဆိုတဲ့သူတစ်ယောက် ရှိသတဲ့။ သူက ပါတီစုံဒီမိုကရေစီစနစ်ဆိုတာကိုမကြိုက်ဘူးတဲ့။ ပါတီစုံ ဆိုမှတော့လူစုံ ပါးစပ်ပေါက်စုံနဲ့ ပါးစိပါးစပ်တွေများမှာပေါ့တဲ့။ နိုင်ငံအုပ်ချူပ်တာ တစ်ယောက်တစ်ပေါက်နဲ့ဆို ဘယ်ဖြစ်မတုန်း။ ရန်တွေချည်း ထဖြစ်နေမှာပေါ့တဲ့။ ကောင်းတာက တစ်ပါတီထဲ အုပ်ချုပ်၊ ကျန်တဲ့သူတွေအကုန် သူ့စကား နားထောင်။ နားမထောင်ရင်ဗျင်းပစ်။ အဲလိုမှနိုင်မှာပေါ့တဲ့။ အဲလိုပဲ သူက လူစုံရင် တစ်ပါတီတရား ဟောသတဲ့။ ကြာတော့လူတွေက သူ့ကို တစ်ပါတီချစ်ပြား လို့ခေါ်ကြသတဲ့။ တစ်နေ့ကြတော့ ဒီမိုအရေး တက်ကြွတဲ့ကြက်ဖ တစ်စုက သူ့ မြင်ပြင်းကပ်လာပြီး ချောင်တစ်ချောင်ခေါ်၊ မြေပေါ်ချေဆင်းထိုင်ခိုင်း၊ ခြေသလုံး သစ်သား မြင်းလုံးနဲ့လှိမ့်လှိမ့် တဲ့ပြီး တစ်ပါတီချစ်ပြား ဂျပါတီစားကွာ ဆိုပြီး ဧည့်ခံလွှတ်လိုက်သတဲ့။ နောက်တော့ ဘယ်လိုဆက်ဖြစ်လဲ မသိတော့ပါဘူး။
ကောင်းတဲ့ဟာများကြ သိပ်မကြာဘူးဆိုတာ သိပ်မှန်။ ဟုတ်တယ်မလား သငယ်ချင်းကောင်း ယောက်ဖတို့။ ကျောင်းတွေပိတ်တာမှ ဘာကြာသေးတုန်း နိုင်ငံတော်အေးချမ်းပြီ ဆိုပြီးပြန်ဖွင့်တာပဲ။ ဆော့လို့တောင်မှ မဝသေးဘူး။ ကျွန်တော်တို့လဲ ဓါတ်တိုင် အစ်စ် ဓါတ်တိုင်* ဆိုတော့ ကျောင်းပြန်တက်ရတာပေါ့။
ပထမဆုံးနေ့မှာစတွေ့တာပဲ။ သင်္ချာဆရာမနဲ့။ ဆရာမက ကျောင်းမပိတ်ခင်က သင်ထားတဲ့ အခန်းတွေပြန်မသင်တော့ဘူး။ အရင်ကကိုယ့်ဗလာစာအုပ်ထဲမှာ တွက်ထားတဲ့ အပုဒ်တွေ ကိုယ့်ဟာကို ပြန်ကြည့်တော့။ အခု အခန်းအသစ်ကိုစမယ် လဲဆိုရော၊ ကျွန်တော့်သူငယ်ချင်း ဖိုးချမ်းဆိုတဲ့အကောင်က အီးကနဲ ထငိုသဗျ။ ဆရာမက ဟဲ့ဘာဖြစ်သတုံး ဆိုတော့ ဟိုကောင်က ရည်ရည် လည်လည်ရှင်းပြပါတယ်။ နှာရည်တွေရော မျက်ရည်တွေရောလည်ပြီး။ ဒီလိုပါ တဲ့ သူ့ အမေက သူ့ဗလာစာအုပ်အဟောင်းတွေ အီးကုန်းပစ်လိုက်လို့ မရှိတော့ဘူးတဲ့။ သူ့အမေ ဒီကောင်ဒီတစ်သက် ကျောင်းပြန်တက်စရာ မလိုတော့ဘူး များထင်သွားလားမသိ။

*(ဒီယူတီဝိုင်=ဓါတ်တိုင်)

_______
ကွန်းဇော်